ဘဝတိုးတက်မှုအတွက် လိုအပ်တဲ့ open-minded

လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာတိုးတက်လာမှုကို အထောက်အကူပြုပေးနိုင်တဲ့ ပင်ကိုယ် အရည်အသွေးများစွာရှိတဲ့အနက်က ကျွန်မအနေနဲ့ အရေးကြီးဆုံးလို့ ယူဆမိတဲ့ အရည်အချင်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ Open-minded လို့ခေါ်တဲ့ အတွေးအခေါ်သစ်ကို လက်ခံနိုင်စွမ်း၊ အယူအဆ အစွဲမရှိဘဲ ပြောင်းလဲမှုများကို လက်ခံနိုင်စွမ်းရှိခြင်း၊ လိုက်ပါပြောင်းလဲနိုင်စွမ်းရှိခြင်းဆိုတဲ့ အရည် အသွေးတစ်ခုပဲ ဖြစ်ပါတယ်။ Open-minded ဖြစ်ခြင်းရဲ့ ဝိသေသလက္ခဏာတွေကတော့ အယူအဆအသစ်၊ အတွေ့အကြုံ သစ်များကို လက်ခံကြိုဆိုခြင်း၊ မိမိရဲ့ ကိုယ်ပိုင်ယုံကြည်မှုအပေါ်မှာ စိတ်အားထက်သန်မှုရှိတဲ့အပြင် တခြားသူများရဲ့ ယုံကြည်မှုတွေကိုလည်း နားလည်ပေးနိုင်စွမ်းရှိခြင်းနဲ့ တခြားသူများရဲ့ ခံစားချက်များနဲ့ အတွေ့အကြုံများအပေါ်မှာလည်း ကိုယ်ချင်းစာနားလည်နိုင်ခြင်းတို့ ဖြစ်ပါတယ်။ Open-minded ဖြစ်ဖို့ဆိုတာ မွေးရာပါ အရည်အချင်းတစ်ခု မဟုတ်ပါဘူး။ Open-minded ဖြစ်ဖို့အတွက် လူတစ်ယောက်ကသာ ပြောင်းလဲချင်စိတ်ရှိရင် အဲ့ဒီ personality ကိုရအောင် ကျင့်ယူ မွေးမြူလို့ရပါတယ်။ မိမိကိုယ်ကိုယ် Open-minded ဖြစ်အောင် ကျင့်ယူရမယ့်အချက်တွေကို အနည်းငယ် ဆွေးနွေးပေးသွားပါမယ်။

မသိတရားများကို ရှာဖွေခြင်း။

ကျွန်မတို့ လူအများစုက လုပ်နေကြအရာတွေ၊ ကျင်လည်နေကြအရာတွေအတွင်းမှာပဲ နေနေတတ်ကြတာ များပါတယ်။ ကိုယ်မသိသေးတာ၊ မတတ်သေးတာတွေကို လေ့လာဖို့၊ စလုပ်ကြည့်ကြဖို့ တွန့်ဆုတ်နေတတ်ကြတာ များပါတယ်။ မတူညီတဲ့လမ်းကြောင်းတွေနဲ့ သွားကြည့်စမ်းကြည့်ကြဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် Comfort zone ထဲကနေ ထွက်ဖို့ ကြိုးစားကြရမှာပါ။ ကိုယ်မသိနေသေးတာတွေ လေ့လာဖို့၊ ရှာဖွေဖို့၊ သင်ယူဖို့ လိုအပ်ပါတယ်။

ကြိုတင်ကောက်ချက်ချမှုများကို ရှောင်ကြဥ်ခြင်း

တစ်ဖက်သတ် ယူဆချက်တွေကိုလည်း တတ်နိုင်သလောက် ‌‌ရှောင်ကြဖို့ လိုအပ် ပါတယ်။ ကိုယ်ကိုယ်တိုင် ကြိုးစားမကြည့်ဘဲ တခြားသူတစ်ယောက်ပြောတာကို တန်းလက်ခံပြီး ကြိုးစားမကြည့်တာတို့၊ ကိုယ်တိုင်ကြိုးစားမကြည့်ဘဲ မဖြစ်နိုင်ပါဘူးဆိုပြီး တစ်ဖက်ပိတ် ပြုမူပြောဆိုခြင်းများကို ‌ရှောင်ရှားသင့်ပါတယ်။

 ရှုထောင့်ပေါင်းစုံမှ မြင်နိုင်‌အောင် လေ့လာခြင်း

ကိုယ်တိုင်သင်ယူခဲ့ တတ်မြောက်ခဲ့တာတွေကလည်း မှန်သလို တခြားလူရဲ့ ရှုထောင့် အမြင်တွေဟာလည်း မှန်ကန်နိုင်တယ်။ မတူညီတဲ့အမြင်တွေ ရှိတယ်ဆိုတာကိုလည်း သင်ယူနိုင်ရပါမယ်။

အဆိုးမြင်ယူဆမှုများ ပိုနည်းနိုင်‌အောင် ကြိုးစားခြင်း

မင်းမှာ အဆိုးဆုံးအခြေအနေ ရောက်နေရင်တောင်မှ ကောင်းတဲ့အရာတွေကို ရှာတွေ့နိုင်ပါတယ် ဆိုသလိုပါပဲ။ အမြဲတမ်း မကောင်းတာတွေကိုပဲ တွေးပြီး အကောင်းဘက်က မြင်အောင် မကြည့်နိုင်သေးသရွေ့ မင်းက အခွင့်အလမ်းကောင်းတွေနဲ့ လွဲချော်နေဦးမှာပါ။ ကျွန်မဘဝမှာ Covid -19 ကာလ အခြေအနေဟာ ဘဝအပြောင်းအလဲတွေ အများကို တစ်ပြိုင်တည်း ကြုံတွေ့ခဲ့ရတဲ့ အချိန်ဖြစ်ပါတယ်။ အဲ့အချိန်မှာ ကျွန်မကြိုက်တဲ့ Korea အဆိုတော် “Hwa Sa” ရဲ့ “ Maria” သီချင်းထဲက “ I’ll change crisis to opportunity’’ ဆိုတဲ့ သီချင်းစာသားက ကျွန်မအတွေးခေါ်တွေနဲ့ Crisis တွေကို ရင်ဆိုင်ဖို့အတွက် ခွန်အားတစ်ခု အနေနဲ့ ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ဘဝတွေမှာ Open-minded သာရှိနေရင် ဆိုးတဲ့အရာတွေ ကြုံတွေ့လာရင်တောင် အဲ့ဒီပြဿနာကို အခွင့်လမ်းကောင်းတစ်ခုအနေနဲ့ မြင်နိုင်လာမှာပါ။

ဝါသနာအသစ်ကို လေ့လာလိုက်စားခြင်း

အမြဲတမ်းပြောင်းလဲနေတတ်တဲ့ လောကကြီးထဲမှာ ကျန်မတို့တစ်တွေဟာ အရင်က မလုပ်ခဲ့ဖူးတဲ့ ဝါသနာ အသစ်တွေကိုလည်း ရှာဖွေပြီး လေ့လာလုပ်ကိုင်နေသင့်ပါတယ်။ ကျွန်မတို့ရဲ့ ဝါသနာအသစ်ကလည်း နောက်ထပ် ကျွန်မတို့ရဲ့  “Passion” အသစ်ကို ရှာဖွေ တွေ့ရှိနိုင်မှာပါ။ ဒါ့အပြင် ဝါသနာအသစ်ကို လေ့လာရင်း မင်းကိုယ်တိုင်လည်း  ကမ္ဘာကြီးကို မြင်တဲ့အမြင်တွေ အရင်နဲ့မတူဘဲ ပြောင်းလဲသွားနိုင်မှာပါ။

အတတ်ပညာအသစ်များ ဆည်းပူးခြင်း

သင်တန်းအသစ်တွေ တက်ခြင်း၊ စာအုပ်စာပေတွေ များများဖတ်ခြင်းကလည်း မင်းရဲ့  အတွေ့အကြုံ ဗဟုသုတတွေကို ပိုမိုကျယ်ပြန့်လာစေပါတယ်။ မသိသေးတဲ့ ပညာရပ်များ၊ ဗဟုသုတများ လေ့လာလိုက်စားခြင်းဟာလည်း တီထွင်ဖန်တီးမှုအသစ်များနဲ့ ကိုယ့်ရဲ့ အတွေးအမြင်တွေဟာလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေဘက်ကို ‌ရောက်လာနိုင်ပါတယ်။

ခရီးများများသွားပါ

မသွားဖူးတဲ့ နေရာတွေကို လေ့လာစူးစမ်းသွားလာခြင်းကလည်း မတူညီတဲ့ ရိုးရာ ဓလေ့များကို လေ့လာရပြီး open-minded ပိုမိုဖြစ်လာစေပါတယ်။

များများမေးပါ

မိမိကိုယ်ကိုယ် အကုန်သိ၊ အကုန်တတ်မြောက်ပြီးပြီလို့ မယူဆသင့်ပါဘူး။ တကယ်လို့ ပညာသစ်၊ အယူအဆအသစ်များနဲ့ ပတ်သက်ပြီး မသိနားမလည်ခြင်းများကို မေးခွန်းမေးဖို့အတွက် တွန့်ဆုတ်မနေသင့်ပါဘူး။ ဒါမှသာ open-minded ဖြစ်ဖို့အတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ မေးခွန်းများများမေးဖို့ လိုတယ်ဆိုရာမှာ ကျွန်မတို့ အများစုက တခြားလူကို မေးခွန်းမေးဖို့ကို ဦးတည်ကြတာများပါတယ်။ Open-minded ဖြစ်ဖို့ အတွက် တခြားလူကို မေးခွန်းမေးရုံမကဘဲ ကိုယ်ကိုယ်တိုင်လည်း မေးခွန်းများများ မေးဖို့လည်း အရေးကြီးပါတယ်။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကရော ဘက်လိုက်မှုတွေ ပါနေလား။ အခြေနေပေါ် အမှန်တိုင်း သုံးသပ်ပြီး ဆုံးဖြတ်ထားတာလားဆိုတာ သေချာအချိန်ယူမေးပြီး သုံးသပ်ဖို့ လိုအပ်ပါတယ်။

Open-minded ဟာ လူတိုင်းအတွက် လိုအပ်ပါတယ်။ အထူးသဖြင့် ပညာ‌ ဖြန့်ဝေနေတဲ့သူတွေ၊ စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်နေတဲ့သူတွေအတွက် Open-minded ဟာ မရှိမဖြစ်အရေးကြီးတဲ့ အရည်အသွေးတစ်ရပ်ပဲ ဖြစ်ပါတယ်။

 

Daw Ei Mon Soe

ME-IT(TU-Mdy)

MBA (SIU, Thailand)