" လုပ်ငန်းခွင် အနှောင့်အယှက်တွေကို ဖယ်ရှားဖို့အတွက် နည်းလမ်းများ "

လုပ်ငန်းခွင်မှာ ကြားဖြတ်ဝင်လာတတ်တဲ့အနှောင့်အယှက်များက သင့်အဖွဲ့အစည်းရဲ့ ရေရှည် အောင်မြင်မှုကို ထိခိုက်စေနိုင်တဲ့အတွက် ဒါတွေကို ဘယ်လိုတိုက်ဖျက်မလဲဆိုတဲ့နည်းလမ်းတွေ လေ့လာထား သင့်ပါတယ်။ အထူးသဖြင့် ကျွန်ုပ်တို့ဟာ ဒစ်ဂျစ်တယ်ခေတ်မှာ နေထိုင်နေပြီး အီးမေးလ်များ၊ Slack အကြောင်းကြားချက်များ၊ ဆိုရှယ်မီဒီယာသတိပေးချက်များနဲ့ တခြားအရာတွေကြောင့် အလုပ်လုပ်နေစဉ်မှာ အနှောင့်အယှက်များစွာ ဝင်လာနိုင်ပါတယ်။ ဒီဆောင်းပါးမှာ လုပ်ငန်းခွင်ဆိုင်ရာ အနှောင့်အယှက်များအကြောင်းနဲ့ အနာဂတ်မှာ လုပ်ငန်းခွင်အနှောင့်အယှက်တွေကို ဘယ်လိုတိုက်ဖျက်မလဲဆိုတဲ့ နည်းလမ်းကောင်းတွေကို ‌ဆွေးနွေးထားပါတယ်။

မိမိတို့အလုပ်အပေါ် အနှောင့်အယှက်များရဲ့ သက်ရောက်မှုကို လျှော့မတွက်သင့်ပါဘူး။ သင့်အလုပ် အပေါ် အဟန့်အတားဖြစ်စေနိုင်တဲ့ လုပ်ငန်းခွင်အနှောင့်အယှက်တွေကို သတိပြုမိဖို့ အရေးကြီးရုံသာမက သင့်လုပ်ရပ်များက သင့်ပတ်ဝန်းကျင်ကလူတွေကို ဘယ်လိုအနှောင့်အယှက်ဖြစ်သွားစေနိုင်သလဲဆိုတာလည်း ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။ မကြာခဏ အနှောင့်အယှက်များဝင်လာခြင်းက ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဝေဒနာများနဲ့ အမှားအယွင်းအရေအတွက်တွေ တိုးလာနိုင်ပါတယ်။ UC Berkeley ရဲ့အဆိုအရ၊ ခဏတာပြတ်တောက်မှုတစ်ခုဟာ အာရုံစိုက်မှုကို ဆုံးရှုံးစေနိုင်‌ပြီး ပြန်လည်အာရုံစူးစိုက်နိုင်ဖို့ 8 မိနစ်မှ 25 မိနစ်အထိ ကြာနိုင်ပါတယ်။ တချို့အလုပ်တွေက လုပ်ဖို့လိုအပ်တာမှန်ပေမယ့် အချိန်သတ်မှတ်ချက်ထားပြီးလုပ်မှသာ ပိုအဆင်ပြေနိုင်ပါတယ်။ ဥပမာ-

" အီးမေးလ်များ "

အီးမေးလ်ဟာ အလုပ်မှာ အသုံးပြုဖို့လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ ဒါပေမဲ့ အချိန်သတ်မှတ်အသုံးပြုဖို့ လိုအပ်ပါတယ်။

" အစည်းအဝေးများ "

အစည်းအဝေးတွေက အကျိုးရှိပေမယ့်လည်း ကြီးမားတဲ့ စိတ်အနှောင့်အယှက်ကို ဖြစ်စေနိုင်ပါတယ်။ သင့်အချိန်ဇယားမှာ အစည်းအဝေးတွေနဲ့ပြည့်နေပါက ဘယ်အစည်းဝေးတွေက အမှန် တကယ်လိုအပ်ပြီး လုပ်သင့်တဲ့ အစည်းဝေးလဲဆိုတာ သေချာစိစစ်သင့်ပါတယ်။

" လုပ်ဖော်ကိုင်ဖက်များနဲ့ စကားပြောခြင်း "

လုပ်ဖော်ကိုင်ဖက်များနဲ့ စကားစမြည်ပြောဆိုခြင်းက ပေါင်းသင်းဆက်ဆံရေးတည်ဆောက်ခြင်းနဲ့ လုပ်ငန်းခွင်ဆက်ဆံရေးကို ခိုင်မာစေခြင်းအတွက် အရေးကြီးတဲံ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သို့ပေမဲ့ သင့်တစ်နေ့တာ အဖိုးတန်တဲ့ အချိန်တွေကို ကုန်ဆုံးနိုင်စေပါတယ်။ ဒီတော့ အရေးကြီးအလုပ်အတွက် အချိန်ပေးဖို့ရှိနေရင် လုပ်ဖော်ကိုင်ဖက်နဲ့ စကားစမြည်ပြောခြင်းတွေ မလုပ်သင့်ပါဘူး။ ဒါ့အပြင် တခြား ကြားဖြတ်အနှောင့်ယှက်တွေလည်း ရှိနိုင်ပါတယ်။ ဒီဆောင်းပါးမှာ လုပ်ငန်းခွင် အနှောင့်အယှက်တွေကို တိုက်ဖျက်ဖို့အတွက် နည်းလမ်းများကို ဆက်လက်ဆွေးနွေးသွားပါမယ်။

" အနှောင့်အယှက်ကင်းတဲ့ အလုပ်နေရာကိုရှာပါ "

သင်အဝေးမှနေပြီး အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် အာရုံထွေပြားမှုကင်းတဲ့ အလုပ်နေရာကို ရှာဖွေဖို့ ခက်ခဲနိုင်ပါတယ်။ သင်ရုံးမှာ ရှိနေပါက အသင်းဖော်တစ်ဦးကြောင့် အာရုံပြောင်းသွားနိုင်ပါတယ်။ တကယ်လို့ အိမ်မှအလုပ်လုပ်နေပါက သင့်ကိုယ်သင် အထီးကျန်စေပြီး နက်နဲတဲ့အလုပ်အပေါ် အာရုံစိုက်နိုင်မှာ မဟုတ်ပါဘူး။ အနှောင့်အယှက်ကင်းတဲ့ အလုပ်နေရာကို အမြဲရှာဖွေဖို့ အခက်အခဲရှိနိုင်ပေမယ့် အနှောင့်အယှက်ကင်းစွာ အလုပ်လုပ်နိုင်တဲ့ နေရာတစ်ခုရှိရဖို့ကလည်း အရေးကြီးပါတယ်။ နာရီအနည်းငယ်ကြာ တိတ်ဆိတ်ငြိမ်သက်တဲ့ ကော်ဖီဆိုင်ကို ပြေးတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။

" သင့်ရဲ့လက်ရှိအခြေအနေကို တခြားသူတွေကိုအသိပေးပါ "

သင်ဟာ တခြားအလုပ်များနဲ့ အလုပ်ရှုပ်နေကြောင်း သိရှိစေခြင်းက သင့်မက်ဆေ့ချ်များကို စစ်ဆေးဖို့ ဒါမှမဟုတ် သင့်လုပ်ဖော်ကိုင်ဖက်များထံ ချက်ချင်းပြန်ပို့ဖို့ လိုအပ်တယ်လို့ မခံစားရဘဲ လက်ရှိအလုပ်အပေါ် အာရုံစိုက်ဖို့ လိုအပ်ကြောင်း အာမခံချက်ပေးမှာပဲ ဖြစ်ပါတယ်။ ဒါက အလုပ်တွေကို အာရုံစိုက်နေချိန်မှာ မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ပျက်ကွက်မှုအကြောင်းအသိပေးဖို့ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုသာမကဘဲ ကိုယ့်ကိုယ်ကိုယ် စိတ်အေးချမ်းစေဖို့အတွက် အသုံးပြုနိုင်တဲ့ အကောင်းဆုံးနည်းဗျူဟာတစ်ခုလည်း ဖြစ်ပါတယ်။

" အီးမေးလ်တွေ အကြောင်းပြန်ဖို့ အချိန်ကို ဖယ်ထားပါ "

သင့်အဝင်စာအီးမေးလ်တွေပေါ်လာတာနဲ့ တစ်ပြိုင်နက် အကြောင်းပြန်ဖို့ အဆင်သင့်ဖြစ်နိုင်ပေမယ့် လည်း သင့်အဝင်စာပုံးမှ သင့်ရဲ့အချိန်ကို လွှမ်းမိုးခွင့်မပြုဖို့ အရေးကြီးပါတယ်။ အီးမေးလ်များကို စာပြန်ဖို့ တိကျတဲ့အချိန်ကို ဖယ်ထားခြင်းက သင့်လုပ်ဖော်ကိုင်ဖက်တွေကို သင်ဟာ အီးမေးလ်များကို ချက်ချင်း ဖြေကြားမှာမဟုတ်ကြောင်း သိစေမှာပဲ ဖြစ်ပါတယ်။

" အချိန်ဇယားမှာ နားချိန်သတ်မှတ်ထားပါ "

ဘယ်သူမှ 24/7 အလုပ်လုပ်နိုင်စွမ်းမရှိပါဘူး။ သင့်ကိုယ်သင် တွန်းအားများလေလေ၊ အမှားများ ပြုလုပ်နိုင်ခြေ ပိုများလေဖြစ်ပါတယ်။ ခဏတာအနားယူခြင်းဟာ စိတ်ကို လန်းဆန်းစေပြီး ပြန်လည် အားအင်ပြည့်စေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်တာကြောင့် အလုပ်တွေကို အရည်သွေးကောင်းမွန်အောင်၊ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဥပမာ social media သုံးခြင်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်များနဲ့ စကားစမည်ပြောခြင်းကို သင့်ကိုယ်သင် ဆုချဖို့ သင့်ရဲ့အားလပ်ချိန်များကို အသုံးပြုပါ။

"အကျိုးဖြစ်ထွန်းစေနိုင်တဲ့သူတွေအနီးမှာ အလုပ်လုပ်ပါ "

သင်ဟာ အောင်မြင်လိုစိတ်ပြင်းပြပြီး ပိုကောင်းအောင်လုပ်ဖို့ လှုံ့ဆော်သူတွေရဲ့အနီးမှာနေတယ်ဆိုရင် တူညီတဲ့ နေထိုင်မှုပုံစံကို သင်ကိုယ်တိုင် လက်ခံနိုင်ပါလိမ့်မယ်။ မိမိကို အကျိုးမဖြစ်စေနိုင်တဲ့သူတွေရဲ့ အနားမှာနေရင် သင်ဟာ အောင်မြင်မှု ဒါမှမဟုတ် သင်လိုချင်သလောက် အောင်မြင်နေမှာ မဟုတ်ပါဘူး။ လုပ်ငန်းခွင်အနှောင့်အယှက်များကို တိုက်ဖျက်လိုပါက အလုပ်အတွက် ဇောက်ချလုပ်ကိုင်သူများရဲ့ အနီးနားမှာပဲ နေထိုင်ပါ။

ကြားဖြတ်အနှောင့်အယှက်ဖြစ်စေခြင်းရဲ့ သက်ရောက်မှုဟာ သင့်အဖွဲ့အစည်းရဲ့အောင်မြင်မှုကို ထိခိုက် စေနိုင်ပါတယ်၊ ဒါကြောင့် အလုပ်ခွင်အနှောင့်အယှက်များကို တိုက်ဖျက်ဖို့ အလွန်အရေးကြီးပါတယ်။ သင့်လုပ်ရပ်များက သင့်ပတ်ဝန်းကျင်ရှိသူများကို ဘယ်လိုစိတ်အနှောင့်အယှက်ဖြစ်စေမယ်ဆိုတာကိုလည်း သတိပြုဖို့ အရေးကြီးပါတယ်။

ဒီဆောင်းပါးကို Hannah Ross ရေးသားထားတဲ့ The Impact of Interruptions on Productivity & How to Combat Them ခေါင်းစဥ်ကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

 

Daw Hnin Nu Aung

B.Com (Q), M.Com (MEUE)