UK ရှိ အသေးစားစီးပွားရေးလုပ်ငန်းများ Net-zero ကို ဖော်ဆောင်တဲ့ Influencer နဲ့ Enabler များဖြစ်လာပုံ

UK မှာရှိတဲ့ ဆံပင်ညှပ်ဆိုင်ပေါင်း ၄၈,၀၀၀ လောက်က ခေါင်းလျှော်ခြင်း ဒါမှမဟုတ် ဆံပင်လေအခြောက်မှုတ် ခြင်းတို့အတွက် သူတို့ရဲ့ဖောက်သည်များကို ရေနဲ့စွမ်းအင် ချွေတာမျှဝေသုံးစွဲဖို့ အကြံပေးကာ စတင် လုပ်ဆောင်ခဲ့ကြပါတယ်။ ယခင်လေ့လာတွေ့ရှိချက်များအရ ဆံပင်ညှပ်ဆရာများဟာ ဖောက်သည်များရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အပြုအမူလုပ်ဆောင်ချက်များကို သူတို့ရဲ့ ယုံကြည်စိတ်ချမှုပေးနိုင်တဲ့ လမ်းညွှန်မှုများနဲ့ နေ့စဉ်ဘဝဆက်စပ်မှုကို ပြသပြီး ပုံသွင်းပေးနိုင်ခဲ့ပါတယ်။ ဆံပင်ညှပ်ဆရာတွေတင်မဟုတ်ဘဲ ကော်ဖီဆိုင်တွေ စားသောက်ဆိုင်တွေကလည်း အစားအစာနဲ့ သက်ဆိုင်တဲ့ ကာဗွန်ထုတ်လွှတ်မှု၊ ပတ်ဝန်းကျင်ကို ပိုပြီးအကျိုးပြုနိုင်တဲ့ အစားအသောက်စာရင်းရွေးချယ်မှုများကို ဖော်ပြပေးလာကြပါတယ်။

Net-zero ဖြစ်ဖို့အတွက် အသေးစားလုပ်ငန်းများကို ရွေးချယ်ပြီး ထောက်ပံ့ပေးခြင်းဟာ အဓိပ္ပာယ် များစွာ ရှိပါတယ်။ UK စီးပွားရေးရဲ့ ကာဗွန်ထုတ်လွှတ်မှု တစ်ဝက်ကျော်လောက် (ပမာဏအားဖြင့် ၆ သန်းလောက်) က အသေးစား၊ အလတ်စား လုပ်ငန်းများမှလာကြောင်း ခန့်မှန်းထားပါတယ်။ သို့ပေမဲ့ မကြာသေးမီက ထုတ်ပြန်ထားတဲ့ OECD report မှ စာရေးသူများ ငြင်းဆိုထားချက်အရကတော့ “အသေးစား၊ အလတ်စား လုပ်ငန်းတွေမရှိဘဲ Net zero ဆိုတာ ဖြစ်လာမှာမဟုတ်ဘူး” ဟုဆိုခဲ့ကြပါတယ်။

Oxford နဲ့ Sheffield Hallam တက္ကသိုလ်များရဲ့ လေ့လာတွေ့ရှိချက်များအရ အသေးစားလုပ်ငန်းများဟာ ကာဗွန်ထုတ်လွှတ်မှုကို ပြတ်တောက်ဖို့အတွက် Influencer၊ Enabler (တစ်စုံတစ်ခုကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်သူ) များရဲ့ အပြုအမူလုပ်ဆောင်မှုမျိုးဖြင့် အထောက်အပံ့ကောင်းများ ပေးနိုင်ပါတယ်။ အသေးစား၊ အလတ်စားလုပ်ငန်းတွေဟာ ကာဗွန်လျှော့ချနည်းပညာများကို ကျယ်ပြန့်စွာ အသုံးပြုပြီး ကူညီပေးခြင်းအားဖြင့် Enabler အနေနဲ့ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဒါ့အပြင် ထောင်ပေါင်း များစွာသော ပိုက်ပြင်ဆရာများနဲ့ လျှပ်စစ်ကျွမ်းကျင်ဆရာများဟာ ကိရိယာများကို တပ်ဆင်သူများ အနေနဲ့လည်းကောင်း၊ ပိုမိုသင့်တော်တဲ့ နည်းပညာများကို အကြံပေးသူများအနေနဲ့လည်းကောင်း၊ အရေးပါတဲ့ ကြားနေအခန်းကဏ္ဍမှာ အထောက်အပံ့ပေးလျက်ရှိပါတယ်။ ဥပမာ လျှပ်စစ်ယာဉ်ဓာတ်အားပေး ကိရိယာများနဲ့ အပူစုပ်စက်။

စိန်ခေါ်မှုများနဲ့ မျှော်လင့်ချက် အရိပ်လက္ခဏာများ

လုပ်ငန်းတွေဟာ ကာဗွန်လျှော့ချနည်းပညာများကို အသုံးပြုပြီး ထုတ်လုပ်မှုကိုမြှင့်တင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်မှသာ ပြိုင်ဆိုင်မှုများအကြားမှာ ရပ်တည်နိုင်ပြီး ဝန်ထမ်းတွေကိုလည်း လုပ်ငန်းအပေါ်မှာ ပိုမိုစိတ်ဝင်စားအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ စိန်ခေါ်မှုအနည်းအများနဲ့ ရှုပ်ထွေးမှုများကတော့ လုပ်ငန်းရဲ့ အခန်းကဏ္ဍပေါ်မူတည်ပြီး ကြီးမားစွာ ကွဲပြားမှုများ ရှိနိုင်ပါတယ်။ တကယ်တော့ အသေးစားလုပ်ငန်းတော်တော်များများဟာ အမှောင်ထဲမှာ ပျံသန်းရသလို ဖြစ်နေတာပါ။ မကြာသေးမီက လေ့လာချက်များအရ အင်္ဂလန်ရဲ့ SME ထဲမှ (၁)ရာခိုင်နှုန်းလောက်ကသာ Net zero လုပ်ငန်းထောက်ပံ့မှုကို ရရှိတာဖြစ်ပါတယ်။ UK နိုင်ငံရဲ့ ကာဗွန်လျှော့ချရေး ရည်မှန်းချက်များအပေါ် အဓိက သက်ရောက်မှုရှိစေဖို့ ပြောင်းလဲမှုလိုအပ်တဲ့ ဧရိယာ (၃) ခုမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) အချက်အလက်နဲ့ လမ်းညွှန်မှုများ

အသေးစား၊ အလတ်စားလုပ်ငန်းတွေအတွက် အချက်အလက်များ၊ ရင်းမြစ်များ၊ ကူပွန်များ ထောက်ပံ့ပေးခြင်းနဲ့ Net-zero အကူးအပြောင်းအတွက် ရင်းနှီးမြှုပ်နှံခြင်း တို့ကို ထောက်ပံ့ပေးနိုင်တဲ့ “Help to Grow Green” လှုပ်ရှားမှုတစ်ခုကိုလည်း အဆိုပြုခဲ့ပါတယ်။ ဒါ့အပြင် အချက်အလက်များ၊ ရင်းမြစ်များ ရှုပ်ထွေးမှုများမှာလည်း ကူညီပေးဖို့ ဒစ်ဂျစ်တယ်စွမ်းအင်အကြံပေးဝန်ဆောင်မှု အသစ်တစ်ခုကိုလည်း လည်ပတ် ပေးနေပါတယ်။ သို့ပေမဲ့ တကယ်ကို ထိရောက်မှုရှိဖို့ဆိုရင် သင့်တော်တဲ့ အကြံဉာဏ်နဲ့ အဓိပ္ပာယ်ရှိတဲ့ ထောက်ပံ့မှုမျိုးတွေက အရေးပါလှပါတယ်။

(၂) စွမ်းအင် လုံလောက်မှု

စွမ်းအင်လုံလောက်တဲ့နည်းပညာတွေကို အရှိန်မြှင့်တင်ဖို့အတွက် အသေးစား၊ အလတ်စားလုပ်ငန်းများ အပေါ် အခွန်ပြုပြင်ပြောင်းလဲမှုများ လုပ်ကိုင်လျက်ရှိပါတယ်။ အဲ့ဒီလိုပြုလုပ်ခြင်းက အသေးစား၊ အလတ်စား လုပ်ငန်းတွေရဲ့ ထုတ်လုပ်နိုင်မှုကိုလည်း တိုးတက်စေပါတယ်။ သို့ပေမဲ့လည်း ဘဏ္ဍာရေးဆိုင်ရာလှုံ့ဆော်မှုမှာ နိုင်ငံအဆင့်မှာ တချို့ ပြန်လည်ဆန်းစစ်ရမယ့် ကိစ္စတချို့တော့ ရှိနေပါသေးတယ်။

(၃) Carbon Skills ကွာဟချက်

UK ရဲ့ အသေးစား၊ အလတ်စားလုပ်ငန်းအရေအတွက်ဟာ နိုင်ငံရဲ့ ကာဗွန်သတ်မှတ်ချက်တွေကို လုပ်ဆောင်ရာမှာ ကြီးမားတဲ့ ကွာဟချက်တွေ ရှိနေပါသေးတယ်။ အစိုးရက နယ်မြေနဲ့ နေရာအပိုင်းအခြား အလိုက် အဖွဲ့အစည်းများဖြင့် ဦးဆောင်ပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

theconversation.com မှ Richard K. Blundel (Professor of Enterprise and Organisation and Director of the Centre for Social and Sustainable Enterprise (CSSE), The Open University) ရေးသားထားတဲ့ How smaller businesses can become net-zero influencers and enablers ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ရေးဖွဲ့ထားပါတယ်။

 

Daw May Thiri Khit

BA (Russian), YUFL

Diploma in English (YUFL), ADBM, DBM

M.Econ. (International Program)

Chiang Mai University, Thailand