နေ့တိုင်းပျော်ရွှင်မှုရအောင် ဘာတွေလုပ်လို့ရမလဲ ?

ကျွန်မတို့ရဲ့နေ့စဥ်လုပ်ငန်းဆောင်တာမှာ စိတ်ခံစားမှုတွေအမျိုးမျိုးနဲ့ ဖြတ်သန်းနေကြရပါတယ်။ ပျော်ရွှင်မှုဆိုတာ လူတိုင်းကလိုချင်ကြပြီး အမြဲရှာဖွေကြတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ နေ့စဥ်ဘဝမှာ ရိုးရှင်းတဲ့ပုံစံလေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်‌မှုရရှိအောင် အောက်ပါနည်းလမ်းလေးတွေကို စမ်းကြည့်နိုင်ပါတယ်။

ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကိုဂရုစိုက်ခြင်း

၁။ ကျေးဇူးတင်စိတ်ကို အမြဲလေ့ကျင့်ပါ။

များသောအားဖြင့် လူတစ်‌ယောက်က‌ပျော်ရွှင်နေရင် ကျေးဇူးတင်မှုကိုပါ အလိုလိုခံစားရနိုင်ပေမယ့် ပြောင်းပြန် ဆိုရင်လည်း အလုပ်ဖြစ်တာကို တွေ့ရတယ်။ ကျေးဇူးတင်မှုကို အလေ့အကျင့်ပြုလုပ်ထားတာက ကျွန်မတို့အတွက် ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေ ဖြစ်လာရုံသာမက ကျွန်မတို့ဘဝမှာ တစ်‌ယောက်နဲ့တစ်ယောက် အချိတ် အဆက်ပြုလုပ်ရာမှာလည်း စိတ်ခွန်အားတွေ ပိုတိုးလာစေနိုင်တယ်လို့ ပညာရှင်များကပြောကြပါတယ်။ ကိုယ်ကျေးဇူးတင်ချင်တဲ့ကိစ္စက သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ကျေးဇူးတင်ကြောင်းကို ချရေးတာမျိုး ဒါမှမဟုတ်၊ နှုတ်နဲ့ပြောတာမျိုးတို့နဲ့စတင်ဖို့ အကြံပေးထားပါတယ်။

၂။ မနက်ခင်းပုံမှန်လုပ်ရိုးလုပ်စဥ်လေးဖန်တီးပါ။

မနက်ခင်းမှာ ကိုယ်နဲ့အဆင်ပြေတဲ့ ပေါ့ပေါ့ပါးပါး အကြောဆန့်လေ့ကျင့်ခန်းမျိုး၊ စိတ်ခွန်အားဖြစ်စေတဲ့ စာတိုလေးတွေ၊ တရားစာတိုလေးတွေဖတ်တာမျိုးဖြင့် တစ်‌နေ့တာကို ဘာတွေလုပ်မယ်လို့ ရည်ရွယ်ချက်ထား တာမျိုးတွေ လုပ်ဆောင်ပေးခြင်းက တစ်နေ့တာလုံးအောင်မြင်ဖို့နဲ့ အကောင်းဘက်ကို ပိုတွေးတဲ့ စိတ်ထားမျိုး ဖြစ်လာစေနိုင်တယ်။

၃။ ပျော်ရွှင်မှုဇယားလေးပြုလုပ်ပါ။

ကိုယ့်ကိုပျော်စေတဲ့အရာလေးတွေကို စာရင်းလေးလုပ်ထားပြီး တစ်နေ့တာမှာ အဲ့ဒီပျော်ရွှင်စေတဲ့အရာလေးတွေ ဥပမာ အကြိုက်ဆုံးကော်ဖီဆိုင်သွားတာမျိုး၊ ခဏလောက်သီချင်းနားထောင်တာမျိုးလေးတွေ ထည့်လုပ်ပေးပါ။ ဘာလို့လဲဆိုရင် ဒီနေ့ကစိတ်ပင်ပန်းရတဲ့နေ့ဆိုရင် ကိုယ့်စိတ်ကိုကောင်းမွန်တဲ့ဆီ ပြန်ရောက်‌အောင် အဲ့အရာလေး တွေက ဆွဲထူပေးနိုင်လို့ပါ။

၄။ လေ့ကျင့်ခန်း မကြာခဏပြုလုပ်ပေးပါ။

လေ့ကျင့်ခန်းပြုလုပ်ခြင်းက ခန္ဓာကိုယ်အတွက်ကောင်းစေရုံသာမက စိတ်အတွက်လည်းကောင်းမွန်စေတဲ့ အရာဖြစ်တယ်လို့ ပညာရှင်များက ထောက်ခံထားကြတယ်။ လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း စတာတွေက စိတ်ခံစားချက်ကောင်းစေတဲ့‌ ဟော်မုန်းတွေထွက်စေလို့ တစ်နေ့တာကို စိတ်ပျော်ရွှင်စေပါတယ်။

၅။ ရေဓာတ်ဖြည့်ပေးပါ။

ရေဓာတ်ခမ်းခြောက်ခြင်းက စိတ်ခံစားမှုနဲ့ စဥ်းစားတွေးခေါ်နိုင်စွမ်းကို ဆိုးကျိုးတွေသက်ရောက်နိုင်တယ်လို့ သုတေသနများက ဆိုကြတယ်။ ပျော်ရွှင်ချင်ရင် ရေကိုလုံလုံလောက်လောက် သောက်ပေးဖို့လိုပါတယ်။ ရေအပြင် တခြား lemon water စတဲ့ အချဥ်ဓာတ်ပါတဲ့အရည် ဒါမှမဟုတ် ကာဗွန်ပါတဲ့အရည် စတာတွေလည်း သောက်သုံးပေးနိုင်ပါတယ်။

ကိုယ့်ရဲ့တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုကိုအာရုံစိုက်ခြင်း

၁။ ပန်းတိုင်ချမှတ်ပါမယ်။

ပန်းတိုင်လေးတွေချမှတ်ပြီး ပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်တာကလည်း ပျော်ရွှင်မှုကို အထောက်အပံ့ ပေးပြီး တိုးပွားစေနိုင်ပါတယ်။

၂။ ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်ပါ။

ကိုယ်စိတ်ဝင်စားပြီး နှစ်သက်တဲ့အရာမျိုးလည်းဖြစ်ပြီး ကိုယ်လုပ်နိုင်စွမ်းရှိတဲ့ စိန်ခေါ်မှုမျိုးဖြစ်တဲ့ activity ဆောင်ရွက်ချက်မျိုး ဥပမာ ခက်ခဲတဲ့ယောဂပုံစံ၊ သိုးမွေးထိုးသင်ယူခြင်း၊ ပုံတူပန်းချီဆွဲလေ့ကျင့်ခြင်း စတာတွေကလည်း ပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။

၃။ အစီအစဥ်ထားရှိပါ။

တစ်နေ့တာplanလေးတွေထားရှိခြင်းက ကိုယ်ဘာတွေလုပ်နေလဲနှင့် ဘာကြောင့်လုပ်နေလဲဆိုတာကိုသိစေပြီး တစ်နေ့တာပန်းတိုင်လေးတွေရယူတဲ့အခါမှာလည်း စိတ်ခွန်အားပိုတိုးစေလို့ဖြစ်ပါတယ်။

စိတ်ဖိစီးမှုကိုကိုင်တွယ်ခြင်း

၁။ ကိုယ့်ကိုယ်ကိုယ်ကြင်နာသနားပါ။

ကိုယ်ရည်ရွယ်ထားသလို ဖြစ်မလာတဲ့အခါမှာ ကျွန်မတို့က သူများကို အပြစ်တင်တာမျိုးရှိသလို ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်တတ်ကြပါတယ်။ အကောင်းဘက်ကိုပြန်လည်ရောက်ရှိနိုင်စေမယ့် စာများ၊ တရားတော်များ၊ တရားထိုင်ခြင်း စတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။

၂။ အသက်ဝဝရှူပါ။

အသက်ဝဝရှူခြင်းက စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပြီး ကိုယ့်လုပ်ဆောင်မှုတွေမှာလည်း ပြန်လည်အာရုံစိုက် နိုင်စေပါတယ်။ စိတ်ဖိစီးမှုဖြစ်တဲ့အချိန်မှာ ဝင်လေထွက်လေမှတ်ပြီး အသက်ဝဝရှူခြင်းက ပျော်ရွှင်ချင်တဲ့ သူအတွက် လိုအပ်တဲ့အရာဖြစ်တယ်။

၃။ သဘာဝကိုရှုမြင်ခံစားပါ။

ပျော်ရွှင်မှုကြီးကြီးမားမားခံစားရစေနိုင်တဲ့ထဲမှာ ပြင်ပလောကကို ရှုမြင်ခံစားတာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သဘာဝတရားထဲရောက်ရှိသွားရင် စိတ်ဖိစီးမှုတွေလျော့သွားသလို ကိုယ်တွေ့ကြုံနေရတဲ့ပြဿနာကို မတူညီတဲ့ရှုထောင့်ကနေ မြင်လာအောင် ပြုလုပ်ပေးနိုင်လို့ ပန်းခြံထဲလမ်းလျှောက်တာမျိုး၊ သူငယ်ချင်း၊ မိသားစုတွေနဲ့အပြင်ထွက်စားတာမျိုးတို့ ပြုလုပ်ပေးနိုင်ပါတယ်။

လူမှုဆက်ဆံရေးပြုလုပ်ခြင်း

၁။ အခြားသူများနဲ့ချိတ်ဆက်ပါ။

သူငယ်ချင်းတွေနဲ့ ကိုယ့်အတွက်အရေးပါဆုံးဖြစ်တဲ့သူတွေနဲ့ ချိတ်ဆက်မှုရှိတာက ပျော်ရွှင်မှုကိုရော စိတ်ခံစားချက် တွေကိုပါ ကျန်းမာစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ မိသားစုနဲ့ စကားစမြည်ပြောခြင်း၊ သူငယ်ချင်း‌ဟောင်းနဲ့ကော်ဖီတူတူသောက်ခြင်း အစရှိတာတွေ လုပ်ပေးနိုင်ပါတယ်။

၂။ တစ်ယောက်တည်းရှိချိန်တွေကလည်း အရေးကြီးပါတယ်။

တခြားသူများနဲ့ချိတ်ဆက်တာက အရေးကြီးသလို ကျွန်မတို့တွေ ကိုယ့်ကိုယ်ကိုယ်ချိတ်ဆက်ဖို့လည်း အထူး လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့လူမှုဆက်ဆံရေးဘက်ထရီကို အားပြန်ဖြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ချိတ်ဆက်ဖို့ကလည်း ပျော်ရွှင်ဖို့အတွက် လိုအပ်တဲ့အရာဖြစ်ပါတယ်။

၃။ ဝါသနာအသစ်ကိုရှာဖွေပါ။

ဝါသနာအသစ်ကိုရှာဖွေခြင်းက ကိုယ့်ကိုယ်ကိုယ် ချိတ်ဆက်ဖို့နဲ့ မိတ်ဆွေသစ်တွေနဲ့တွေ့နိုင်လို့ နည်းလမ်းကောင်း တစ်ခုဖြစ်တယ်။ ဝါသနာပါတာကို လုပ်ဆောင်နေရခြင်းက စိတ်အပန်းပြေစေပြီး ပျော်ရွှင်မှုကို လှုံဆော်ပေးနိုင်တယ်။

prevention.com website မှ How to be Happy: 21 Habits for a Happier Life ဆောင်းပါးကို သင့်လျော်သလို ဘာသာပြန်ဆိုထားပါတယ်။

Daw Myint Zu Phyo

BBM, (NMDC), MBA (YUE)