ပညာသင်ဆုရအောင် ဘယ်လိုလျှောက်ထားကြမလဲ ?

ယနေ့ခေတ်ကာလမှာ လူနေမှုအဆင့်အတန်းတွေမြင့်မားလာပြီး အဘက်ဘက်က တိုးတက်နေသလို ပညာရေးစရိတ်တွေက တဖြည်းဖြည်းမြင့်မားလာပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ကျောင်းသားတွေအများစုအတွက် ကိုယ့်စားရိတ်နဲ့ကိုယ် နိုင်ငံခြားတက္ကသိုလ်တွေမှာ ကျောင်းတက်နိုင်ဖို့ဆိုတာ အလှမ်းဝေးတဲ့ ကိစ္စရပ်တစ်ခုလို့တောင် ပြောလို့ရပါတယ်။ အဲ့ဒါကြောင့် တချို့လူငယ်တွေက ပညာသင်ဆုတွေကို လျှောက်ထားကြပြီ: ကိုယ့်ရဲ့ပညာရေးအိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ ကြိုးစားလာကြပါတယ်။ သို့ပေမဲ့လည်း အောက်ဖော်ပြပါအချက်လေးတွေကို လုပ်ဆောင်မယ်ဆိုရင်တော့ ပညာသင်ဆုလျှောက် ထားရာမှာ အခွင့်အလမ်းပိုများအောင် ကူညီပေးနိုင်ပါတယ်။

၁။ စောစီးစွာစတင်ပြင်ဆင်ပါ။

ပညာသင်ဆုလျှောက်ထားရာမှာ စောစီးစွာကြိုတင်ပြင်ဆင်တာက နောက်ဆုံးသတ်မှတ်ရက်ကိုကပ်ပြီး ပြင်ဆင်လျှောက်ထားတာထက် ပိုပြီးအကျိုးရှိနိုင်ပါတယ်။ လျှောက်လွှာဖြည့်ဖို့၊ ထောက်ခံစာယူဖို့၊ သုတေသနအဆိုပြုချက်တွေရေးဖို့အတွက်က အချိန်များများပိုရလေလေ နောက်ဆုံးမိနစ်မှကပ်ပြီး လုပ်တာ ထက်စာရင် အမှားပိုနည်းနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားပညာသင်ဆုအများစုက အင်္ဂလိပ်စာကျွမ်းကျင်မှု အဆင့်သတ်မှတ်ချက်ဖြစ်တဲ့ IELTS, TOFEL စတာတွေကိုလည်း တောင်းတဲ့အတွက် ပညာသင်ဆုလျှောက်ဖို့ စိတ်ကူးရှိတယ်ဆိုရင် အင်္ဂလိပ်စာအတွက် ကြိုတင်ပြင်ဆင်ထားဖို့လည်း အရေးကြီးပါတယ်။

၂။ များများရှာဖွေပါ။

နှစ်စဉ်ပညာသင်ဆုတွေကိုပေးနေတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ၊ ပညာရေးအဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ မတူညီတဲ့နိုင်ငံတွေရဲ့ ကျောင်းများစွာက ခေါင်းစဉ်အမျိုးမျိုးနဲ့ ပညာသင်ဆု အမျိုးစားများစွာကို နှစ်တိုင်းပေးကြပါတယ်။ အဲ့ဒါကြောင့် တစ်ခုထက်ပိုပြီး များများလျှောက်ရင် အောင်မြင်ဖို့ အခွင့်အလမ်း ပိုများနိုင်ပါတယ်။

၃။ သတ်မှတ်ချက်တွေကို သေချာလေ့လာပါ။

ပညာသင်ဆုတစ်ခုချင်းစီမှာ သူတို့ဖော်ပြထားတဲ့ သတ်မှတ်ချက်တွေရှိကြပါတယ်။ အဲ့ဒါကြောင့် ကိုယ်လျှောက်ထားမယ့် ပညာသင်ဆုမှာ ဖော်ပြထားတဲ့သတ်မှတ်ချက်တွေကို သေချာဖတ်ဖို့၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စုဆောင်းဖို့၊ နောက်ဆုံးသတ်မှတ်ရက်မကျော်မီ လျှောက်ထားဖို့ စတဲ့အချက်တွေက အရေးကြီ:ပါတယ်။

၄။ အားသာချက်နဲ့ အောင်မြင်မှုများကို သေချာစွာဖော်ပြပါ။

ပညာသင်ဆုပေါ်မူတည်ပြီး လိုအပ်တဲ့ အချက်အလက်တွေပါအောင် လျှောက်လွှာကို သေချာဖြည့်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့အားသာချက်ကို ပေါ်လွင်အောင် လျှောက်လွှာဖြည့်တဲ့အခါမှာ ကိုယ်ရခဲ့တဲ့အောင်မြင်မှု၊ ကျောင်းတွင်းနဲ့ ပြင်ပလူမှုရေး လှုပ်ရှားမှုတွေကိုပါ အလေးထား ထည့်သွင်းဖော်ပြသင့်ပါတယ်။

၅။ Essay ကို ဆွဲဆောင်မှုရှိအောင်ပြင်ဆင်ပါ။

ပညာသင်ဆုလျှောက်ရာမှာ ကိုယ်ရေးတဲ့ Essay ကကောင်းမွန်ပြီး ဆွဲဆောင်မှုရှိဖို့လည်း အရေးကြီးပါတယ်။ Essay ရေးတာက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စိတ်အားထက်သန်မှု၊ ကိုယ်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို ဖော်ပြဖို့အတွက် အကောင်းဆုံးအခွင့်ရေးတစ်ခု ဖြစ်ပါတယ်။ ကိုယ်က ဘာကြောင့် ဒီပညာသင်ဆုနဲ့ ထိုက်တန်ကြောင်း၊ ရရှိမယ့်ဘွဲ့က ကိုယ့်ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်း၊ ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်ကို ဘယ်လိုမျိုးအထောက်အကူဖြစ်စေကြာင်း စတဲ့အချက်တွေကို စုစည်းပြီး ဆွဲဆောင်မှုရှိအောင် ရေးသားဖို့ လိုပါတယ်။

၆။ စာရွက်စာတမ်းများကို ပြန်လည်စစ်ဆေးပါ။

လျှောက်လွှာနဲ့ တခြားစာရွက်စာတမ်းများကိုမတင်မီ Grammar၊ စကားလုံးအသုံးအနှုန်းများကို သေချာစွာ ပြန်လည်စစ်ဆေးဖို့လိုပါတယ်။ မသေချာပါက နားလည်တတ်ကျွမ်းသူတွေဆီမှ အကြံဉာဏ်များ ရယူသင့်ပါတယ်။

၇။ အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်ပါ။

ကိုယ်လျှောက်ထားတဲ့ ပညာသင်ဆုမှာ လူတွေ့စစ်ဆေးတဲ့ အဆင့်ပါတယ်ဆိုရင် အင်တာဗျူးအတွက်ကို ကြိုတင်လေ့လာပြင်ဆင်ထားသင့်ပါတယ်။ ကိုယ်လျှောက်ထားတဲ့ကျောင်းနဲ့ ပတ်သက်တာ၊ ကိုယ် လျှောက်ထားတဲ့ ဘာသာရပ်နယ်ပယ်အကြောင်းတွေအပြင် ကိုယ့်ရဲ့စကားပြောစွမ်းရည်ကိုပါ ချောမွေ့အောင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

၈။ အားမလျှော့ပါနဲ့။

ငြင်းပယ်ခြင်းခံရတာကလည်း ပညာသင်ဆု လျှောက်ထားခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ ငြင်းပယ်ခံရတာကြောင့် စိတ်ဓာတ်ကျဖို့မလိုပါဘူး။ နိုင်ငံတကာက ကျောင်းများစွာက နှစ်စဉ် ပညာသင်ဆုတွေ များစွာပေးတာဖြစ်တာကြောင့် ကိုယ့်ရဲ့လိုအပ်ချက်တွေကို ပြန်လည်ပြင်ဆင်ပြီး အကောင်းဆုံးပြန်လည်ကြိုးစားနိုင်ပါတယ်။

၉။ ကျေးဇူးတင်ကြောင်းပြောပါ။

ဘယ်ရလဒ်ပဲထွက်ထွက် ကိုယ့်ရဲ့လျှောက်လွှာကို အချိန်ပေးပြီး စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း အီးမေးလ်နဲ့ ဆက်သွယ်ပြောဆိုခြင်းပဲဖြစ်ဖြစ် ပြောကြားပေးသင့်ပါတယ်။ ကျေးဇူးတင်ကြောင်း ပြောကြား ပေးခြင်းဖြင့် ကိုယ့်ရဲ့ အပြုသဘောဆောင်ပြီး ပရော်ဖက်ရှင်နယ်ဆန်မှုကို ပေါ်လွင်စေပါတယ်။ အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေအတိုင်း လုပ်ဆောင်မယ်ဆိုရင်ပညာသင်ဆုလျှောက်ရာမှာ အောင်မြင်ဖို့ အထောက်ကူဖြစ်စေမှာပါ။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတိုင်းက ကိုယ့်ရဲ့ ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်း ရည်မှန်းချက်တွေနဲ့ ပိုမိုနီးကပ်လာစေတဲ့အရာတွေဖြစ်တာကို သတိရပါ။ စိတ်ရှည်သည်းခံပြီး ကြိုးစားမယ်ဆို အောင်မြင်မှုက တစ်ချိန်ချိန်မှာတော့ မလွဲမသွေ ရောက်လာမှာပါပဲ ဖြစ်ပါတယ်။

U Myo Htet Naing

B.Com (Hons), M.Com (YIE)