၂၀၂၄ မှာ စတင်လုပ်ကိုင်သင့်တဲ့ အွန်လိုင်းစီးပွား‌ရေးလုပ်ငန်း (၅) ခု

မကြာသေးမီနှစ်များအတွင်း စီးပွားရေးလောကမှာ E-commerce လုပ်ငန်းများဟာ အရမ်းကို ဖွံ့ဖြိုးတိုးတက်လာပါတယ်။ ကမ္ဘာလုံးဆိုင်ရာ Retail ရောင်းချမှုဟာ ၂၀၂၁ ခုနှစ်မှာ ၁၉ ရာခိုင်နှုန်းနီးပါးရှိပြီး ၂၀၂၆ မှာ ၂၅ ရာခိုင်နှုန်းရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ E-business ဒါမှမဟုတ် E-commerce လုပ်ငန်းလို့ လူသိများတဲ့ အွန်လိုင်းစီးပွားရေးလုပ်ငန်းတစ်ခုဟာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့လူတွေကို ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများ ပေးဆောင်နိုင်ဖို့အတွက် Digital Platforms များကို အသုံးပြုပါတယ်။ အဲ့ဒီထဲမှာ E-commerce Website မှ ရုပ်ပိုင်းဆိုင်ရာ ကုန်ပစ္စည်းများကို ရောင်းချခြင်း၊ ဒစ်ဂျစ်တယ် ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုများပေးခြင်း၊ ဝင်ငွေရရှိစေတဲ့ Blog တစ်ခုလုပ်ဆောင်ခြင်း၊ အွန်လိုင်းမှတစ်ဆင့် အကြံဉာဏ်‌ပေးခြင်းတို့ ပါဝင်ပါတယ်။ သမားရိုးကျ စီးပွားရေးလုပ်ငန်းတွေနဲ့ ကွာခြားချက်ကတော့ အ‌ရောင်းအဝယ်များကို အွန်လိုင်းပေါ်ကနေပဲ လုပ်ဆောင်တဲ့ အချက်ဖြစ်ပါတယ်။ တချို့အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေကတော့ အွန်လိုင်းသီးသန့် လုပ်ကိုင်ကြပေမယ့် တချို့လုပ်ငန်းတွေကတော့ အွန်လိုင်းမှရောင်းချခြင်းသာမက အပြင်မှာ ဆိုင်ခန်းဖွင့်ပြီး ရောင်းချတာမျိုးလည်းရှိပါတယ်။ အွန်လိုင်းစီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းရဲ့ အကျိုးကျေးဇူးတချို့ကို မျှဝေပေးချင်ပါတယ်။

၁။ ကုန်ကျစရိတ်သက်သာခြင်း။

အွန်လိုင်းစီးပွားရေးလုပ်ငန်းများဟာ ဆိုင်ခန်းအဆောက်အဦများနဲ့လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ယှဥ်ရင် စတင်တည်ထောင်ဖို့ အရင်းအနှီး အနည်းငယ်သာလိုပါတယ်။ ဆိုင်ခန်းငှားရမ်းခ၊ အသုံးအဆောင်ပစ္စည်းများနဲ့ ကုန်သိုလှောင်ရတဲ့ စရိတ်တွေအတွက် ကုန်ကျစရာမလိုပါဘူး။

၂။ ကမ္ဘာ့ဈေးကွက်ကို ဝင်ရောက်နိုင်ခြင်း။

အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေမှာ တိကျတဲ့ ပထဝီဝင်တည်နေရာမျိုးကို ကန့်သတ်ထားတာမရှိပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဘယ်သူကိုမဆို Target ထားပြီးရောင်းချခြင်းအားဖြင့် ဈေးကွက်ကို ကျယ်ပြန့်အောင် ချဲ့ထွင်နိုင်ပါတယ်။

၃။ လိုက်လျောညီထွေရှိမှု

အွန်လိုင်းစီးပွားရေးလုပ်ငန်းများဟာ အလုပ်လုပ်ရမယ့်အချိန်ကို အတိအကျကန့်သတ်မထားတဲ့ အတွက်ကြောင့် ကိုယ်အားတဲ့ အချိန်ပေါ်မူတည်ပြီး လိုက်လျောညီထွေမှုရှိတဲ့ အလုပ်ချိန်ဇယားကို လုပ်ဆောင်နိုင်ပါတယ်။ ပုံမှန် အလုပ်ချိန်အတိအကျနဲ့ လုပ်ရတာကို မကြိုက်တဲ့သူတွေအတွက် သင့်တော်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

၄။ လုပ်ငန်းချဲ့ထွင်နိုင်မှု

သာမန်သမားရိုးကျ စီးပွားရေးလုပ်ငန်းတွေနဲ့ယှဥ်ရင် လုပ်ငန်းကြီးထွားလာတာနဲ့အမျှ အရင်းအမြစ်၊ အားစိုက် ထုတ်မှုနည်းနည်းနဲ့ အွန်လိုင်းလုပ်ငန်းကို လိုက်လျောညီထွေမှုရှိစွာ ချဲ့ထွင်နိုင်ပါတယ်။

၅။ အချက်အလက်များရယူနိုင်မှု

အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေဟာဆိုရင် လုပ်ငန်းအတွက် တန်ဖိုးရှိတဲ့ သုံးစွဲသူတွေရဲ့ အချက်အလက်များကို အလွယ်တကူရယူနိုင်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ ဒီအချက်ဟာ အွန်လိုင်းလုပ်ကိုင်နေသူတွေအတွက် ဈေးကွက်ရှာဖွေ‌ရေး ကြိုးပမ်းမှုများကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်ပြီး လုပ်ငန်းအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ချမှတ်နိုင်မှာဖြစ်ပါတယ်။

၆။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိမှု

အွန်လိုင်းစီးပွား‌ရေးလုပ်ငန်း လုပ်ကိုင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာပစ္စည်းများနဲ့ ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခု ရယူဖို့ သွားလာရေးလိုအပ်ချက်များကို လျှော့ချ‌ပေးနိုင်တဲ့အတွက် သမားရိုးကျလုပ်ငန်းတွေထက် Carbon Footprint ကို လျော့ကျစေနိုင်ပါတယ်။

၂၀၂၄ ခုနှစ်မှာ စတင်လုပ်ကိုင်ဖို့ အကောင်းဆုံး အွန်လိုင်းစီးပွား‌ရေးလုပ်ငန်း (၅) ခု အကြောင်းကို ဆက်လက်မျှဝေပေးသွားပါမယ်။

၁။ Voice-Over Services

သင့်မှာ ကောင်းမွန်တဲ့ စကားပြောအသံ၊ အသံထွက်နဲ့ ဘာသာစကားကျွမ်းကျင်မှုတွေရှိပါက အသံပြန်ပေးတဲ့ ဝန်ဆောင်မှုများကို လုပ်ကိုင်ခြင်းကလည်း ဝင်ငွေကောင်းတဲ့အလုပ်တစ်ခု ဖြစ်ပါတယ်။ ဒီလုပ်ငန်းမှာ ဗီဒီယိုကြော်ငြာများ၊ ကာတွန်းရုပ်ရှင်များ၊ Podcasts ၊ Audio Books များနဲ့ တခြားအရာများအတွက် စကားသံများ ပံ့ပိုးခြင်းတို့ ပါဝင်ပါတယ်။ ကနဦးကုန်ကျစရိတ်အနေနဲ့ အရည်အသွေးကောင်းမွန်တဲ့ Microphone နဲ့ အသံကို ပြုပြင်တဲ့ Software ရယူခြင်းတွေပဲ ပါဝင်ပါတယ်။ သီးခြားပညာရေးကောင်းမွန်ဖို့ မလိုအပ်သော်လည်း အသံကိုကောင်းမွန်အောင် လေ့ကျင့်မယ်ဆိုရင်တော့ လုပ်ငန်းအတွက် အကျိုးရှိစေမှာပါ။ ဝင်ငွေရရှိမှုကတော့ ကိုယ်လုပ်ကိုင်နေတဲ့ ပရော့ဂျက်အရွယ်အစားနဲ့ အရေအတွက်ပေါ်မှာ မူတည်ပါတယ်။

၂။ Online Plant Nursery

COVID Pandemic ကာလတုန်းက အရှိန်နဲ့ လူတွေဟာ အိမ်မှာ အချိန်ကုန်တာများလာတာကြောင့် အိမ်တွင်းမှာ စိုက်ပျိုးလို့ရတဲ့အပင်များနဲ့ အိမ်တွင်းဥယျာဥ်ခြံမြေအတွက် ဝယ်လိုအားတွေ မြင့်တက်လာခဲ့ပါတယ်။ Online Plant Nursery မှာ အပင်များ၊ မျိုးစေ့များ ဒါမှမဟုတ် ဥယျာဥ်သုံးပစ္စည်းများကို ရောင်းချခြင်းများ ပါဝင်ပါတယ်။ ဒီလုပ်ငန်းကို စတင်ဖို့ရာအတွက် သစ်ပင်များနဲ့ အပင်များကို ပြုစုပျိုးထောင်ခြင်းနဲ့ သက်ဆိုင်တဲ့ အသိပညာ၊ ကိုယ့်ကို ထောက်ပံ့ပေးမယ့် Supplier တစ်ယောက်နဲ့ ရောင်းချမယ့် Website တစ်ခုသာ လိုအပ်ပါတယ်။ မှန်ကန်တဲ့ ဈေးကွက်ရှာဖွေမှုနဲ့ ထုတ်ကုန်ကို ရွေးချယ်နိုင်တဲ့အပေါ်မှာမူတည်ပြီး ဝင်ငွေရရှိမှု အလားအလာက မြင့်မားနိုင်ပါတယ်။

၃။ Digital Marketing Agency

စီးပွားရေးလုပ်ငန်းအများစုဟာ Digital Platform များဆီ ကူးပြောင်းလာကြပြီး Digital Marketing နဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုများကို လိုအပ်လာပါတယ်။ Digital Marketing Agency တစ်ခုထူထောင်ရာမှာ Social Media Marketing, Content Creation အစရှိတဲ့ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းတို့ပါဝင်ပါတယ်။ ကနဦး လုပ်ငန်းကုန်ကျစရိတ်က နည်းပါးသော်လည်း လုပ်ငန်းလုပ်ကိုင်ဖို့ရာအတွက် Digital Marketing Strategies တွေကို ခိုင်မာစွာ နားလည်ထားဖို့လိုအပ်ပါတယ်။ ဝင်ငွေရရှိမှုကတော့ Client ကို ထိန်းသိမ်းထားနိုင်မှုနဲ့ Project Fees များအပေါ်မှာ မူတည်နေပါတယ်။

၄။ Virtual Event Planner

COVID Pandemic ကြောင့် Virtual Event များပေါ်ပေါက်လာပြီး လုပ်ငန်းများမှာ ဆက်လက်လုပ်ဆောင် နေကြဆဲပဲ ဖြစ်ပါတယ်။ Virtual Event Planning မှာ Online Conferences, Webinars or Social Events များကို စီစဥ်ခြင်းတို့ ပါဝင်ပါတယ်။ ဒီအလုပ်ကို လုပ်ကိုင်ဖို့ရာအတွက် ခိုင်မာတဲ့ Organizational Skills ရှိဖို့နဲ့ Virtual Event Platforms များနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိဖို့ လိုအပ်ပါတယ်။ လုပ်ငန်းစတင်ဖို့ရာအတွက် ကုန်ကျစရိတ်နည်းပါးပြီး အဓိကကုန်ကျတာကတော့ ဈေးကွက်ရှာဖွေတဲ့နေရာမှာ ကုန်ကျခြင်းပဲ ဖြစ်ပါတယ်။ ဝင်ငွေကတော့ Event တစ်ခုချင်းစီ ဒါမှမဟုတ် Client ကို ထိန်းသိမ်းထားနိုင်မှုအပေါ်မှာ မူတည်ပါတယ်။

၅။ E-Commerce Personal Shopper

E-Commerce လုပ်ငန်းတွေထွန်းကားလာတာနဲ့အမျှ Consumers တွေဟာ Personal Shopper တွေရဲ့ အဆင်ပြေမှုကို နှစ်သက်လာကြပါတယ်။ ဒီလုပ်ငန်းမှာ Consumers များရဲ့ ကြိုက်နှစ်သက်မှုနဲ့ လိုအပ်ချက်များ အပေါ်အခြေခံပြီး ပစ္စည်းများကို ရွေးချယ်ပေးခြင်းတို့ ပါဝင်ပါတယ်။ ဒီအလုပ်ကို လုပ်ကိုင်ဖို့ရာအတွက် E-Commerce Platform နဲ့သက်ဆိုင်တဲ့ အသိပညာတွေ Trends တွေကို နားလည်ဖို့လိုအပ်ပါတယ်။ လုပ်ငန်း စတင်တဲ့စရိတ်က နည်းပါးပြီး Website ထူထောင်ဖို့နဲ့ ဈေးကွက်ရှာဖွေတဲ့ နေရာမှာသာ ကုန်ကျနိုင်ပါတယ်။ ဝင်ငွေရရှိမှုကတော့ Commission-based ဒါမှမဟုတ် Client ကို ထိန်းထားနိုင်မှုအပေါ်မှာ မူတည်နေပါတယ်။

အွန်လိုင်းစီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းရဲ့ အကျိုးကျေးဇူးတချို့နဲ့ ၂၀၂၄ ခုနှစ်မှာ စတင်လုပ်ကိုင်သင့်တဲ့ အကောင်းဆုံး အွန်လိုင်းစီးပွား‌ရေးလုပ်ငန်း (၅) ခု အကြောင်းကို ဖော်ပြပေးခဲ့ပါတယ်။ ဝင်ငွေရရှိမှုကတော့ ကိုယ်လုပ်ကိုင်မယ့် လုပ်ငန်းအမျိုးအစား၊ ပရော့ဂျက်အရွယ်အစားနဲ့ Client ကို ထိန်းသိမ်းထားနိုင်မှု စတဲ့ မတူညီမှုတွေပေါ်မှာ မူတည်ပြီး ကွဲပြားမှုရှိနိုင်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

www.forbes.com မှ 15 Online Business Ideas For 2024 ဆောင်းပါးမှာ ပါဝင်တဲ့ အကြောင်းအရာတချို့ကို ဘာသာပြန်ကိုးကားထားပါတယ်။

Daw Htet Pann Wai

B.Com (Q**), M.Com

Meiktila University of Economics