လုပ်ငန်းစတင်တည်ထောင်သူတိုင်း သိထားသင့်တဲ့ Startup ဆိုင်ရာ အသုံးအနှုန်း (၁၀) ခု
ဘာသာစကားဆိုတာက ဆက်သွယ်မှုအတွက်ပဲ အရေးပါတာမဟုတ်ပါဘူး။ အသုံးအနှုန်းတွေက သင့်ရဲ့ စိတ်ပိုင်း ဆိုင်ရာနမူနာပုံစံများနဲ့ အယူအဆများကို တည်ဆောက်ဖို့အတွက် သင့်ကိုပိုပြီး Startups အကြောင်းကို တွေးတောနိုင်အောင်၊ ပြဿနာများကို သေချာစွာသိရှိနိုင်အောင်နဲ့ ထိုအရာများကို ပိုပြီးသေချာစွာ ဖြေရှင်း နိုင်အောင် ကူညီပေးနိုင်တဲ့အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် အဲ့ဒီဘာသာ စကားကိုပြောဆိုခြင်းက သင့်ကိုပိုပြီး အောင်မြင်နိုင်စေပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါအသုံးအနှုန်း (၁၀) ခုကို သင်သိထားဖို့ လိုအပ်ပါတယ်။
၁။ Pre-Seed, Seed, and Growth Stages
အဲ့ဒီအဆင့်တွေက Startup’s Lifecycle တစ်ခုရဲ့ မတူညီတဲ့ ပြောင်းလဲတိုးတက်မှုကို ကိုယ်စားပြုပါတယ်။ အဆင့်တစ်ခုချင်းဆီတိုင်းဟာ သတ်မှတ်ထားတဲ့ ရန်ပုံငွေ လိုအပ်ချက်များ၊ မှတ်တိုင်များနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ Pre-seed အဆင့်မှာက အိုင်ဒီယာကို စတင်ပေါ်ပေါက်စေပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်ငွေ ဒါမှမဟုတ် ကိုယ့်ရဲ့ သူငယ်ချင်း၊ မိသားစုဆီမှ ရင်းနှီးမြှုပ်နှံဖို့ ငွေနည်းနည်းကိုအသုံးပြုကာ ရှေးပြေးပုံစံ တည်ဆောက်ခြင်းများ ပါဝင်ပါတယ်။ Seed Funding အဆင့်မှာတော့ ပုံမှန်အားဖြင့် စဉ်းစားထားတဲ့ ကုန်ပစ္စည်းကို အနည်းဆုံးပမာဏ ထုတ်လုပ်ပြီး အမှန်တကယ် သုံးစွဲမယ့်သူကို စမ်းသပ်အသုံးပြုစေတာ ဖြစ်ပါတယ်။ နောက်ဆုံး Growth Stage မှာ လုပ်ငန်းကိုချဲ့ထွင်ခြင်းနဲ့ စီးပွားရေးလုပ်ငန်းမှ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုများကို အသုံးပြုကာ စျေးကွက်အသစ် ချဲ့ထွင်မှုများ ပါဝင်ပါတယ်။
၂။ Business Model
Business Model ဆိုသည်မှာ ကုမ္ပဏီတစ်ခုက တန်ဖိုးကို ဘယ်လိုဖန်တီးသလဲ၊ ဖြန့်ဝေသလဲနဲ့ သိမ်းဆည်း သလဲဆိုတာကို အကြမ်းဖျဉ်းဖော်ပြထားတဲ့အရာဖြစ်ပါတယ်။ ၎င်းမှာ ဝင်ငွေလမ်းကြောင်းများ၊ ဖောက်သည် ရွေးချယ်မှုများ၊ စျေးကွက်ဖြန့်ချိမှု လမ်းကြောင်းများနဲ့ လုပ်ငန်းရဲ့ ကုန်ကျစရိတ်ပုံစံ ပါဝင်ပါတယ်။
၃။ Disruption
စျေးကွက်ထဲကို စီးပွားရေးလုပ်ငန်းအသစ်တစ်ခုက ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို မိတ်ဆက်တဲ့ အခါ အခြေခံအားဖြင့် စျေးကွက်မြေပြင်အခြေအနေမှာ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ စျေးကွက်ထဲမှာ ရှိပြီးသားကုန်ပစ္စည်းအမှတ်တံဆိပ်များရဲ့ နေရာမှာလည်း အစားထိုးဝင်ရောက်နိုင်တဲ့ အခြေအနေ ဖြစ်နိုင်ပါတယ်။ စျေးကွက်ကို လှုပ်ခတ်စေတဲ့ တီထွင်ဖန်တီးမှုဟာ ပုံမှန်အားဖြင့်ရိုးရှင်းပြီး လက်ရှိ စျေးကွက်ထဲမှာ ရှိနေတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် စားသုံးသူတွေကို တတ်နိုင်ပြီး သင့်တော်တဲ့ အဖြေတွေကို ပေးလေ့ရှိပါတယ်။ (ဥပမာ Netflix နဲ့ Blockbuster)
၄။ Runway and Burn Rate
Runway ဆိုတာက လက်ထဲမှာရှိနေတဲ့ ရန်ပုံငွေမကုန်သွားခင် Startup တစ်ခုက လုပ်ငန်းလည်ပတ်နိုင်တဲ့ အချိန်ပမာဏကို ဆိုလိုပါတယ်။ Burn rate ဆိုတာကတော့ လုပ်ငန်းက ငွေကြေးလည်ပတ်မှုအတွက် သုံးစွဲနေတဲ့ ငွေကိုပြောတာ ဖြစ်ပါတယ်။ Startup တွေ ရှင်သန်ဖို့ Runway and Burn Rate ကို စီမံခန့်ခွဲဖို့ အဓိကကျပါတယ်။ လုပ်ငန်းတစ်ခုက နောက်ထပ်အပိုရန်ပုံငွေကိုမသုံးဘဲ အချိန်ဘယ်လောက်ကြာအောင် ရပ်တည်နိုင်လဲဆိုတာကို ၎င်းတို့က အဆုံးအဖြတ်ပေးနိုင်ပါတယ်။ CB Insights ရဲ့ လေ့လာချက်အရ Startup တွေအတွက် ပျမ်းမျှလုပ်ငန်း လည်ပတ်နိုင်တဲ့ အချိန်ကတော့ (၁၂) လမှ လ ( ၂၀) ကြား ခန့်မှန်းခြေရှိပါတယ်။
၅။ Scalability
Scalability ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတစ်ခုဟာ ၎င်းရဲ့ဝင်ငွေကို သိသိသာသာ တိုးပွားအောင် ဆောင်ရွက်နိုင်ခြင်းကို ဆိုလိုပါတယ်။ တွက်ခြေကိုက်တဲ့ စီးပွားရေးပုံစံရှိခြင်းက ကုမ္ပဏီရဲ့ ရင်းမြစ်အချိုးအစားကို တိုးခြင်းမရှိဘဲနဲ့ ကုမ္ပဏီကြီးထွားအောင် လုပ်ကိုင်နိုင်ခြင်း ဖြစ်ပါတယ်။
၆။ Incubator and Accelerator
Incubator and Accelerator ဆိုတာဟာ အစောပိုင်းအဆင့်ရှိတဲ့ Startup တွေရဲ့ ဖွံ့ဖြိုးမှုနှင့် ကြီးထွားမှုကို အထောက်အပံ့ပေးတဲ့ ပရိုဂရမ်တွေဖြစ်ပါတယ်။ Incubator များက လုပ်ငန်းများကို ရင်းမြစ်များ၊ အကြံပေးမှု များနဲ့ ရုံးခန်းနေရာများကို ထောက်ပံ့ပေးပါတယ်။ Accelerator များမှာ ပိုပြီးပြင်းထန်တဲ့ အချိန်အကန့် အသတ်ရှိတဲ့ အကြံပေးမှု၊ ရန်ပုံငွေနဲ့ ဆက်သွယ်ရေးအခွင့်အလမ်းများ ပါဝင်ပါတယ်။ Y Combinator နဲ့ Techstars များကတော့ ကျော်ကြားတဲ့ accelerator များဖြစ်ပါတယ်။
၇။ Exit
Exit ဆိုတာကတော့ ရင်းနှီးမြှုပ်နှံသူ ဒါမှမဟုတ် တည်ထောင်သူက ၎င်းရဲ့ရှယ်ယာများကို ရောင်းချခြင်း ဖြစ်ပါတယ်။ အောင်မြင်တဲ့ စျေးကွက်ထွက်ခွာခြင်း ဆိုတာကတော့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ငွေပေါ်လွယ်မှု (Liquidity) ရရှိခြင်းကို ဆိုလိုပါတယ်။
၈။ Competitive Advantage
ကုမ္ပဏီက စျေးကွက်မှာ သူ့ရဲ့ပြိုင်ဘက်ထက်သာလွန်တဲ့ မဟာဗျူဟာချမှတ်ထားခြင်းကို Competitive Advantage လို့ ဆိုလိုပါတယ်။ အဲ့ဒီအရာတွေဟာ ပိုင်ဆိုင်တဲ့ နည်းပညာ၊ ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာခြင်း ဒါမှမဟုတ် တခြားသူတွေထက် သာလွန်ထူးခြားတဲ့ ထုတ်ကုန် စတဲ့ အချက်တွေပေါ်မှာ အခြေခံပါတယ်။ (ဥပမာ Apple)
၉။ Growth Hacking
Growth hacking ဆိုတာဟာ လုပ်ငန်းက ဖောက်သည်တွေကို မြန်မြန်ဆန်ဆန်ရရှိပြီး ထိန်းထားနိုင်ဖို့အတွက် တီထွင်ဖန်တီးမှု၊ ကုန်ကျစရိတ်နည်းတဲ့ နည်းဗျူဟာများ အသုံးပြုမှုကို ရည်ညွှန်းပါတယ်။ ၎င်းမှာ စျေးကွက် နည်းဗျူဟာအမျိုးမျိုး၊ ထုတ်ကုန်အင်္ဂါရပ်များနဲ့ ဖြန့်ဖြူးရေးလမ်းကြောင်းများကို စမ်းသပ်ပြီး တွက်ခြေကိုက်တဲ့ လုပ်ငန်းကြီးထွားမှု အခွင့်အလမ်းသတ်မှတ်မှုများ ပါဝင်ပါတယ်။ (ဥပမာ Dropbox’s referral program)
၁၀။ Traction
Traction ဆိုသည်မှာ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို ဖောက်သည်တွေသုံးစွဲပြီး ရရှိလာတဲ့ စျေးကွက်လိုလားမှုရဲ့ သက်သေအထောက်အထားကို ဆိုလိုပါတယ်။ အဲ့ဒီအရာတွေကို ဖောက်သည်များရဲ့ ကြီးထွားမှုနှုန်း၊ လုပ်ငန်းဝင်ငွေ၊ Customer Engagement တို့ကို ဖော်ပြတဲ့ ကိန်းဂဏန်းများဖြင့် တိုင်းတာနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ စီးပွားရေးလုပ်ငန်းမော်ဒယ်ရဲ့ အထောက်အထားတည်ရှိမှုနဲ့ သိသိသာသာ အရှုံးလျှော့ချနိုင်မှုတို့ကိုပြနိုင်ပြီး အလားအလာရှိတဲ့ Startup များကို ရှာဖွေနေကြတာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် သင်ဟာ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်ပြီး သင့်ရဲ့လုပ်ငန်းမှာ အထင်ကြီး လေးစားဖွယ်ကောင်းတဲ့ မှတ်တမ်းမရှိဘူးဆိုရင် ရင်းနှီးမြှုပ်နှံသူများထံမှ ရင်းနှီးငွေရရှိဖို့ မဖြစ်နိုင်ပါဘူး။
forbes.com မှ Abdo Riani (founder and CEO of VisionX Partners) ရေးသားထားတဲ့ 10 More Startup Terms Every New Founder Should Know ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန် ရေးဖွဲ့ထားပါတယ်။
Daw May Thiri Khit
BA (Russian), YUFL
Diploma in English (YUFL), ADBM, DBM
M.Econ. (International Program)
Chiang Mai University, Thailand