ရှောင်ကြဉ်ရမယ့် အချိန်ဆွဲခြင်း အလေ့အထ

အချိန်ဆွဲခြင်းက တစ်ခါတလေ သင့်ဆီကို စိတ်ဝင်စားစရာကောင်းတာတွေ ယူလာပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိန်ဆွဲဖို့အတွက် သင်စိတ်၀င်စားတဲ့ အရာများကိုလုပ်ခွင့်ရလို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေ ကျောင်းသားများအပေါ် အလွန်ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိနိင်ပါတယ်။  သုံးသပ်ချက်တွေအရ အချိန်ဆွဲနေတဲ့ ကျောင်းသားတွေဟာ ယေဘူယျအားဖြင့် လေ့လာနိုင်စွမ်း ကျဆင်းပြီး အာရုံစိုက်နိုင်မှု အားနည်းတာ တွေ့ရပါတယ်။ ကျောင်းသားအများစုဟာ Netflix ကြည့်ခြင်း၊ အွန်လိုင်းမှာ စျေးဝယ်ခြင်း၊ Social Media များ အလွန်အကျွံသုံးခြင်း ဒါမှမဟုတ် တွေးတောနေခြင်းများ စတဲ့ လုပ်ဆောင်ချက်များနဲ့ အချိန်ဆွဲလေ့ရှိပါတယ်။ ဒါတွေကို ကျော်လွှားဖို့နဲ့ အချိန်ကို ထိရောက်စွာ စီမံခန့်ခွဲဖို့ နည်းလမ်းများကို မျှ‌‌ဝေသွားပါမယ်။

အချိန်ဆွဲခြင်းကို ကျော်လွှားဖို့ ပထမခြေလှမ်းမှာ သင်လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကိုလုပ်ဖို့ ရှောင်ရှားနေကြောင်း ဝန်ခံဖို့ပဲ ဖြစ်ပါတယ်။ သင့်ရဲ့အိမ်စာတွေ၊ အလုပ်တွေကို မလုပ်ဆောင်ခင် အချိန်ဆွဲဖို့ ဒီဆောင်းပါးကို ဖတ်နေတာတောင် ဖြစ်နိုင်ပါတယ်။ (အဲ့လိုဖြစ်ရင် လုပ်စရာရှိတာအရင်လုပ်ပါ၊ ပြီးရင် ဒီဆောင်းပါးရဲ့ကျန်တာကို ပြီးအောင်ဖတ်ပါ။) ကျောင်းသားအများစုက စတင်လုပ်ဆောင်တဲ့အခါ တွေ့ရတဲ့ အခက်အခဲတွေကို ကြောက်တဲ့အတွက် အချိန်ဆွဲတတ်ကြပေမယ့် ရိုးရှင်းတဲ့အမှန်တရားကတော့ အချိန်ဆွဲ နေကြောင်း သင်ကိုယ်တိုင်သိနေရပါမယ်။ သင်တွေ့ကြုံနေရတဲ့ အချိန်ဆွဲခြင်းပြဿနာကို သင်သိရှိပြီးနောက် မှန်ကန်တဲ့ အတွေးအမြင်များ ပိုမိုဖြစ်လာစေဖို့ မျှော်လင့်နိုင်ပါတယ်။

လေ့လာဖို့ နေရာကောင်းကိုရွေးပါ။ အိပ်ရာပေါ်မှာ စောင်တစ်ထည်နဲ့  အလုပ်လုပ်တာက သက်သောင့် သက်သာ ရှိပေမယ့် အလုပ်လုပ်ဖို့ အကောင်းဆုံးနေရာတော့ မဟုတ်ပါဘူး။ အကောင်းဆုံးကတော့ အလုပ်နေရာဟာ အလင်းရောင် ကောင်းကောင်းရပြီး သင့်ပစ္စည်းတွေနဲ့ လက်ပ်တော့ကိုထားဖို့ လုံလောက်တဲ့နေရာ ဖြစ်ရပါမယ်။ ကျောင်းသားတစ်ယောက်အနေနဲ့ စာလေ့လာမယ်ဆိုပါက စာအုပ်များတင်ဖို့ လုံလောက်တဲ့ နေရာတစ်ခု ဖြစ်ရပါမယ်။ ဖြစ်နိုင်ပါက အဲ့ဒီနေရာများမှာ တစ်မှေးအိပ်ခြင်း ဒါမှမဟုတ် တီဗီကြည့်ခြင်းတို့လို တခြားလုပ်ဆောင်မှုများ မလုပ်တဲ့နေရာ ဖြစ်သင့်ပါတယ်။ ဒါမှသာ ဒီနေရာလေးကို ရောက်သွားတဲ့အခါ ရုံးအလုပ် ကျောင်းအလုပ်တွေကို အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။

စိတ်အနှောင့်အယှက်များကို အရင် ဖယ်ရှားပါ။ အလုပ်လုပ်ဖို့၊ စာလေ့လာဖို့ အဆင့်သင့် ဖြစ်နေ‌ပေမယ့် သင့်ဖုန်းမှာပေါ်လာတဲ့ ဆိုရှယ်မီဒီယာရဲ့ အသိပေးချက်တိုင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေပါသလား။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူဖို့ မကြိုးစားရင် ဒါဟာလူတိုင်းနီးပါးမှာ ဖြစ်တတ်တဲ့ အနှောင့်အယှက်တစ်ခုပါပဲ။ ဒါကြောင့် သင့်အတွက် အဆင်ပြေမယ့်နေရာကို ရှာဖွေပြီးရင် သင့်ဖုန်းကိုပိတ်ခြင်း ဒါမှမဟုတ် အသံတိတ်ခြင်း ပြုလုပ်ကာ အနှောင့်အယှက်များကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် တချို့ကျောင်းသားများအတွက် သီချင်းနားထောင်ခြင်း ဒါမှမဟုတ် ဂနဝင်တေးဂီတဖွင့်ခြင်းက တခြားအာရုံပျံ့လွင့်မှုများကို ကွယ်ပျောက်စေပြီး အာရုံစူးစိုက်မှုကို ကူညီပေးနိုင်ပါတယ်။

သင်ရောက်ရှိနိုင်တဲ့ ပန်းတိုင်များကို သတ်မှတ်ပါ။ လုပ်ရမယ့်အလုပ်က များလွန်းတယ်လို့ ထင်ရတဲ့အခါ ဒါမှမဟုတ် ဘယ်တာဝန်ကို စတင်ရမယ်ဆိုတာကို မသိတဲ့အခါ လူများစွာဟာ အချိန်ဆွဲတတ်ကြပါတယ်။ သင့်အိမ်စာများကို လုပ်ဆာင်နိုင်တဲ့ အပိုင်းအသေးလေးများအဖြစ် ပိုင်းခြားခြင်း ဒါမှမဟုတ် အပိုင်းလိုက်ခွဲပြီး စာမေးပွဲအတွက် လေ့လာခြင်းဟာ တာဝန်တစ်ခုအတွက် လွယ်ကူစေတဲ့  ပုံပေါက်စေပါတယ်။ အာရုံစူးစိုက်မှု ရှိနေစေဖို့ တိကျတဲ့အချိန်ကာလတစ်ခုအတွက် Timer တစ်ခုကိုလည်း သတ်မှတ်နိုင်ပါတယ်။ ဥပမာ သင်က အာရုံပျံ့လွင့်မှုအားလုံးကို ရှင်းပစ်ပြီး ၁၅ မိနစ်မှ ၂၀ မိနစ်ကြာ လေ့လာပြီးနောက် အစာစားခြင်း ဒါမှမဟုတ် ခဏအနားယူခြင်းပြုလုပ်ပါ။ သင်အလွယ်တကူ ပြီးမြောက်နိုင်တဲ့ ပန်းတိုင်ငယ်များကို သတ်မှတ်ခြင်းက သင့်ကို စနစ်တကျ ထိန်းချုပ်မှုနဲ့ အကျိုးဖြစ်ထွန်းမှုကို ပိုမိုခံစားရစေပြီး အချိန်ဆွဲခြင်းရဲ့ သံသရာကို ဖြတ်ကျော်နိုင်စေမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဆုချပါ။ အချိန်ဆွဲခြင်းကို ကျော်လွှားနိုင်ခြင်းက နေ့ချင်းညချင်း ဖြစ်မလာပါ။ သင့် အလုပ်မှာ ဦးဆောင်ခြင်းနဲ့ သင့်အိမ်စာများကို အချိန်အတိုင်းအတာ တစ်ခုအတွင်း အပြီးသတ်ခြင်းတို့လို ကောင်းမွန်တဲ့ အပြုအမူများကို အလေ့အကျင့်တစ်ခုအဖြစ် ဆက်တိုက်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စည်းကမ်းနဲ့ ထိန်းချုပ်မှုတချို့လည်း လိုအပ်ပါတယ်။ အရေးကြီတဲ့အလုပ်တစ်ခုကို သတ်မှတ်ရက်မတိုင်မီ ပြီးမြောက်တဲ့အခါ၊ ကောင်းမွန်စွာလုပ်ဆောင်ခဲ့တဲ့ အလုပ်အတွက် သင့်ကိုယ်သင် ဆုချဖို့ မမေ့သင့်ပါ။ မုန့်စားခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်း ဒါမှမဟုတ် တစ်ရေးတစ်မောအိပ်ခြင်းတို့က သင့်နောက်အလုပ်အတွက် အဆင်သင့်ဖြစ်စေဖို့ နည်းလမ်းကောင်းများ ဖြစ်ပါတယ်။ ဆုလာဘ်များကို အသုံးပြုကာ ကောင်းမွန်တဲ့ အလေ့အထများကို လေ့ကျင့်ပေး နိုင်ပါတယ်။ သို့ပေမဲ့ သင့်ရဲ့ ကြိုးစားအားထုတ်မှုအတွက် သင့်ကိုယ်သင် ဆုချီးမြှင့်ခြင်းက အချိန်ဆွဲဖို့ ဒါမှမဟုတ် နောက်လုပ်စရာများကို ရပ်တန့်ဖို့ အကြောင်းပြချက်အဖြစ် မသုံးသင့်ကြောင်း သတိပြုဖို့အတွက် အရေးကြီး ပါတယ်။

သင့်တာဝန်များကို အချိန်မီ ပြီးမြောက်စေခြင်း၊ စာမေးပွဲများအတွက်လေ့လာခြင်းနဲ့ အမှတ်ကောင်းများ ရရှိခြင်းတို့အတွက် သင့်ကိုယ်သင် တာ၀န်ယူခြင်းက အရေးကြီးတဲ့ စွမ်းရည်တစ်ခုသာမက အချိန်ဆွဲခြင်းကို ရှောင်ရှားဖို့ တခြားအကြံပြုချက်တစ်ခုလည်း ဖြစ်ပါတယ်။ မလိုအပ်ဘဲ ဒါမှမဟုတ် အချိန်ကြာကြာ အနားယူဖို့ အကြောင်းပြချက်ရှာတာဟာ လွယ်ကူတဲ့အတွက် ဒါတွေမဖြစ်စေဖို့ သင့်ကိုယ်သင် သတိထားပါ။ မပြီးမြောက်တဲ့ တာဝန်များ၊ စာမေးပွဲများနဲ့ အဆင့်များအတွက် သင်ကိုယ်တိုင် တာဝန်ရှိကြောင်း သတိရပါ။ သင့်ကိုယ်သင် တာဝန်ခံနိုင်စေဖို့ အကူအညီလိုအပ်ပါက သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးကို သင့်ရဲ့ပန်းတိုင်များ၊ သတ်မှတ်ရက်များ ပြောပြပြီး ပြီးမြောက်အောင်မြင်မှုများကို စစ်ဆေးဖို့ တောင်းဆိုပါ။

လုပ်ဆောင်မယ့် အရာတွေကို ခဏရပ်ထားလို့ အဆင်ပြေပေမယ့် ရေရှည်ရွှေ့ဆိုင်းခြင်းက သင့်ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အပေါ် ဆိုးကျိုးတွေရှိနိုင်တယ်ဆိုတာကို သတိပြုဖို့ အရေးကြီးပါတယ်။ အထက်တန်းကျောင်း ပြီးကတည်းက ဘာမှမလုပ်ဘဲ အချိန်ဆွဲနေတယ်ဆိုရင် ဒါဟာ ထိခိုက်စေနိုင်တဲ့ အပျက် သဘောဆောင်တဲ့ အပြုအမူပါ။ ဒါကို ကျော်လွှားဖို့ အချိန်တန်ပါပြီ။

 

Collegedata.com မှ To Avoid Procrastination ကိုဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကား ရေးသားထားပါတယ်။

 

Daw Thwet Shwe Yee Htun

B. Com, M.com (MEUE)

Meiktila University of Economics