"ကျောင်းပြီးသွားတဲ့အခါ ပထမဆုံးအလုပ်ရဖို့အတွက် အကြံပြုချက်များ"

 ဘွဲ့ရပြီးစလူငယ်များအတွက် လုပ်ငန်းခွင်အသက်မွေးဝမ်းကြောင်းဟာ ဘဝရဲ့အဓိကဆုံးဖြတ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ လူငယ်များအနေနဲ့ ပထမဆုံးအလုပ်ရှာရာမှာ အောက်ပါအဆင့်တွေကို လိုက်နာဆောင်ရွက်ပါက ရိုးရှင်းပြီး အထောက်အပံ့ဖြစ်စေမှာပဲ ဖြစ်ပါတယ်။

၁။ မိမိကိုယ်ကိုယ်သုံးသပ်ပါ။

အလုပ်တစ်ခုကိုမရှာဖွေခင်မှာ ကိုယ့်ကိုယ်ကိုယ် အကဲဖြတ်ဖို့လိုပါတယ်။ မိမိရဲ့ကောင်းမွန်တဲ့ အလုပ်တစ်ခုကို စတင်ရှာဖွေဖို့အတွက် မိမိရဲ့တန်ဖိုး၊ အားသာချက်၊ အားနည်းချက်၊ စိတ်ဝင်စားမှု၊ စရိုက်တွေနဲ့ ရည်မှန်းချက်တွေ၊ မိမိကို ဘယ်အရာတွေက လှုံ့ဆော်ပေးတယ်၊ ကိုယ်ဘာတွေဆက်လုပ်နေဖို့ လိုအပ်နေသေးလဲဆိုတာကို တွက်ဆရမှာဖြစ်ပါတယ်။ ကိုယ်တိုင်သိထားမှ မိမိ CV ကို စတင်ရေးသားချိန်မှာ လွယ်ကူပြီး အထောက်အကူဖြစ်စေပါလိမ့်မယ်။

၂။ သုတေသန အခွင့်အလမ်းများ

သင့်ကိုယ်ပိုင် စွမ်းရည်များကို ခွဲခြမ်းစိတ်ဖြာလေ့လာပြီးတာနဲ့ အလုပ်ဈေးကွက်ကို စတင်ရှာဖွေပြီး မတူညီတဲ့ ရွေးချယ်မှုများကို ရှာဖွေသင့်ပါတယ်။ သင့်အလုပ်အကိုင်နဲ့ဆိုင်တဲ့ ထပ်ဆင့်သုတေသနများ ပြုလုပ်ပါ။ သင့်အနာဂတ် အလုပ်တာဝန်များ ဘယ်လိုပုံစံရှိမယ်ဆိုတာကို သိရှိပါ။ လုပ်ငန်းခွင်ထဲရှိ လမ်းကြောင်းအသစ်များ၊ အလုပ်အကိုင်ရွေးချယ် စရာကောင်းများကို သင့်ပညာရေးနယ်ပယ်အရ စူးစမ်းလေ့လာပါ။

၃။ ဖြစ်နိုင်ခြေရှိတဲ့ အလုပ်နေရာများကို စာရင်းပြုလုပ်ပါ။

သုတေသနပြုပြီးနောက် အမှန်တကယ်အလုပ်လုပ်နေတဲ့ ကုမ္ပဏီစာရင်းကိုပြုလုပ်ဖို့ အချိန်ကျရောက်ပြီ ဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီတွေရဲ့တန်ဖိုးများဟာ မိမိနဲ့ကိုက်ညီမှု ရှိ၊မရှိ၊ လုပ်ငန်းခွင်မှာ မိမိဘယ်လို တိုးတက်နိုင်မလဲ၊ မိမိအတွက် အရေးကြီးတဲ့ တခြားအချက်များအကြောင်း စေ့စေ့စပ်စပ်လေ့လာပါ။

၄။ Plan ကို အကောင်အထည်ဖော်ပါ။

လျှောက်ထားလိုတဲ့နေရာကို ဆုံးဖြတ်ပြီးပြီဆိုရင် အလုပ်ရှင်များနဲ့ စတင်ချိတ်ဆက်ဖို့ အချိန်တန်ပြီဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်း ဒါမှမဟုတ် အသိမိတ်ဆွေတွေနဲ့ စကားပြောခြင်းဖြင့် ကုမ္ပဏီမှာ လျှောက်ထားတဲ့အခါ မိမိကိုယ်ကိုယ် ပိုကောင်းအောင် ဘယ်လိုတင်ပြနိုင်မလဲဆိုတဲ့ အချက်အလက်တွေကို ပေးစွမ်းနိုင်ပါတယ်။

၅။ CV ဒါမှမဟုတ် Resume ရေးပါ။

အလုပ်လျှောက်လွှာအတွက် လိုအပ်မယ့်စာရွက်စာတမ်းများကို စတင်လုပ်ဆောင်နိုင်ပါပြီ။ CV၊  မိမိရဲ့ပညာရေး ဆိုင်ရာအထောက်အထားများ၊ အလုပ်အတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ ဆက်သွယ်ဖို့အချက်အလက်နဲ့ ကိုယ်ရေးအကျဉ်းချုပ် စာရွက်စာတမ်းတို့ကို ပြင်ဆင်ပါ။ ယေဘုယျအနေနဲ့ စာမျက်နှာ (၁) မျက်နှာ၊ (၂) မျက်နှာစာရှိနိုင်ပြီး တိကျတဲ့ရာထူး တစ်ခုအတွက် မိမိရဲ့အရည်အချင်းများ၊ အချက်အလက်များကို တိကျစွာဖော်ပြထားတာ ဖြစ်ပါတယ်။ ၆။ Portfolio တစ်ခုဖန်တီးပါ။

အထက်ဖော်ပြပါအဆင့်များဟာ ကျောင်းသားအားလုံးအတွက် အတူတူဖြစ်ပေမယ့်လည်း ဗိသုကာပညာ၊ အနုပညာ၊ ဒီဇိုင်း၊ ဖက်ရှင်၊ ကြော်ငြာ၊ ဂီတ၊ ရုပ်ရှင်၊ ထုတ်ဝေခြင်း၊ အနုပညာဖျော်ဖြေခြင်း၊ တီဗွီ၊ ဂိမ်းများကဲ့သို့ ဖန်တီးမှုလုပ်ငန်းများအတွက်ဆိုရင် ကျောင်းသားများအတွက် portfolio တစ်ခုဖန်တီးခြင်းက အထူးအရေးကြီးပါတယ်။ မိမိလုပ်ခဲ့ဖူးတဲ့ ကျောင်းတွင်းပရောဂျက် ဒါမှမဟုတ် ဖောက်သည်များအတွက် လုပ်ဆောင်ခဲ့ဖူးတဲ့ ပရောဂျက်များမှဖြစ်စေ မိမိရဲ့အကောင်းဆုံးအလုပ်ကို ပြသသင့်ပါတယ်။ ဒါက အလုပ်ခန့်အပ်မယ့် မန်နေဂျာများကို မိမိရဲ့တီထွင်ဖန်တီးနိုင်မှု၊ ကျွမ်းကျင်မှုနဲ့ စွမ်းရည်များကို အကျဉ်းချုပ်ပြသပေးပါတယ်။

၇။ LinkedIn ပရိုဖိုင်တစ်ခုဖန်တီးပါ။

LinkedIn က အလုပ်ရှာနေသူများ၊ အလုပ်ခန့်ထားသူများ ဒါမှမဟုတ် ၎င်းတို့ရဲ့ ပရော်ဖက်ရှင်နယ်ကွန်ရက်ကို တိုးမြှင့်လိုသူများအတွက် လူမှုမီဒီယာပလက်ဖောင်းဖြစ်ပါတယ်။ IT၊ ဒီဇိုင်း ဒါမှမဟုတ် အရောင်းအလုပ်တို့အတွက် LinkedIn ကအလုပ်ကြော်ငြာများကို ရှာဖွေနိုင်တဲ့ အသုံးအများဆုံး ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။

၈။ အင်တာဗျူးအတွက် လေ့ကျင့်ပါ။

အင်တာဗျူးဟာ လူအများစုစိတ်ပူနေကြတဲ့ အဆင့်များထဲမှ တစ်ခုဖြစ်ပါတယ်။ အင်တာဗျူးဖြေဆိုဖို့ လေ့ကျင့်မှုကလည်း အရေးကြီးပါတယ်။ အင်တာဗျူးများမှာ တွေ့ရအများဆုံးမေးခွန်းများနဲ့ အဖြေများကို မိမိကိုယ်တိုင် ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အတိုင်ပင်ခံရဲ့ အကူအညီဖြင့် လေ့ကျင့်နိုင်ပါတယ်။

၉။ Plan B ရှိပါ။

အကြောင်းတစ်ခုခုကြောင့် အင်တာဗျူးအဆင့်ကို မအောင်မြင်ခဲ့ပါက၊ နောင်လာမယ့်အင်တာဗျူးများအတွက် တိုးတက်ကောင်းမွန်လာစေဖို့ အတွေ့အကြုံကို အသုံးပြုနိုင်ပါတယ်။ ရရှိခဲ့တဲ့တုံ့ပြန်ချက်များအပေါ် အခြေခံပြီး အပြောင်း အလဲများ ပြုလုပ်ပါ။ ခေတ်ရေစီးကြောင်းနဲ့ သတင်းတွေကို Update လုပ်ထားပြီး မိမိကိုယ်ကိုယ် အမြဲတိုးတက်နေအောင် လုပ်ဆောင်ရပါမယ်။ ကံကောင်းပါစေ။

Reference: https://euroguidance.eu/10-tips-for-getting-your-first-job-after-university

Dr. Thel Seint Aye 

B.C.Sc, CU (MDY), B.C.Sc (Hons), CU (MDY) 

M.C.Sc, CU (MDY), Ph.D (IT), (U.C.S.M)