" အတားအဆီးများကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲခြင်း "

Adversity Quotient (AQ) ဆိုသည်မှာ အခက်အခဲများ၊ စိန်ခေါ်မှုများ ဆုတ်ယုတ်မှု များကြားမှာ လူတစ်ဦးချင်းစီရဲ့ ရှင်သန်နိုင်စွမ်းကို တိုင်းတာတဲ့ စိတ်ပိုင်းဆိုင်ရာ အယူအဆတစ်ခုပဲ ဖြစ်ပါတယ်။ အခက်အခဲများနဲ့ ရင်ဆိုင်ရတဲ့အခါ လူတစ်ဦးရဲ့ ခံနိုင်ရည်ရှိမှု၊ လိုက်လျောညီထွေရှိမှု၊ ပြဿနာဖြေရှင်းနိုင်မှု စွမ်းရည်တို့ကို အကဲဖြတ်ဖို့ သမားရိုးကျ ဉာဏ်ရည်ဉာဏ်သွေးနဲ့ စိတ်ပိုင်းဆိုင်ရာ တိုင်းတာမှုတွေထက် ကျော်လွန်နေတာကို တွေ့ရပါတယ်။ ကျွန်ုပ်တို့ရဲ့ ဦးနှောက်အလုပ်လုပ်ပုံကို လေ့လာခြင်း၊ ဦးနှောက် လုပ်ဆောင်နိုင်စွမ်းကို တိုးတက်အောင်ပြုလုပ်နည်းတို့ကို လေ့လာခြင်းက အလွန်ရှုပ်ထွေးတဲ့ စိန်ခေါ်မှု အလုပ်ဖြစ်ပါတယ်။ Intelligence quotient (IQ) နဲ့ စိတ်ခံစားမှုဆိုင်ရာ emotional quotient (EQ) တို့ဟာ လူ့ဦးနှောက်စွမ်းရည်ရဲ့ အကျယ်ပြန့်ဆုံး အကဲဖြတ်မှုနှစ်ခု ဖြစ်ပါတယ်။

Paul Stoltz က သူ့ရဲ့ "Adversity Quotient: အတားအဆီးများကို အခွင့်အလမ်းများအဖြစ်သို့ ပြောင်းလဲခြင်း" စာအုပ်မှာ Paul Stoltz မှ AQ နဲ့ပတ်သက်ပြီး အဆိုပြုရေးသားခဲ့ပါတယ်။ လူတစ်ဦးရဲ့ ကုန်ထုတ်စွမ်းအားနဲ့ လုပ်ငန်းခွင်မှာ အောင်မြင်မှုတို့ကို အဆိုပြုထားတဲ့ ဆက်စပ်မှုကြောင့် လူတော်တော်များများရဲ့ သိသာထင်ရှားတဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။

Adversity quotient ဆိုတာ ဘာလဲ။

Adversity Quotient (AQ) ဆိုတာ ဆိုးရွားတဲ့အခြေအနေများကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိသူရဲ့ စွမ်းရည်ကို တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။ ဘဝရဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေကနေ အလုပ်မှာ ပိုပြင်းထန်တဲ့ဖိစီးမှု ဒါမှမဟုတ် ဖိအားတွေအထိ ကြုံလာတဲ့အခါ တီထွင်ဖန်တီးနိုင်မှုတို့နဲ့အတူ လုပ်ငန်းအများအပြားမှာ လူတစ်ဦးရဲ့ လိုအပ်တဲ့ စရိုက်လက္ခဏာများ ဖြစ်ပါတယ်။

AQ ဟာ အောင်မြင်မှုရဲ့ ဖြစ်နိုင်ခြေရှိတဲ့

ကူညီပံ့ပိုးသူများထဲမှ တစ်ခုဖြစ်ပါတယ်။

လူတစ်ဦးဟာ မိမိရဲ့ အခက်အခဲများကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို နားလည်ခြင်းက သူတို့ရဲ့ခံနိုင်ရည်၊ စိတ်ပိုင်းဆိုင်ရာစွမ်းရည်၊ ဇွဲလုံ့လ၊ စိတ်နေသဘောထားများနဲ့ ပတ်ဝန်းကျင်ပြောင်းလဲမှုများကို လိုက်လျောညီထွေ ဖြစ်စေပါတယ်။ ဒီအချက်များဟာ အထူးသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်နိုင်မှုရဲ့ ခိုင်မာတဲ့ ညွှန်ပြချက်များ ဖြစ်ပါတယ်။ မြင့်မားတဲ့ AQ ပိုင်ဆိုင်ခြင်းက ဆုတ်ယုတ်မှုများမှ သတ္တိရှိရှိ သင်ယူနိုင်ပြီး ဆုတ်ယုတ်မှုများမှ ပြန်ထနိုင်ခြင်းပဲ ဖြစ်ပါတယ်။ အခက်အခဲများကြုံလာတိုင်း AQ မြင့်မားသူများဟာ အခြေအနေကို သြဇာလွှမ်းမိုးမှု အတိုင်းအတာတစ်ခုအထိ အသုံးချကာ ဖိစီးမှုရှိတဲ့ အခြေအနေများကို ထိန်းချုပ်နိုင်ကာ အခြေအနေကို ပိုင်းခြားစိတ်ဖြာနိုင်စွမ်းရှိကြပါတယ်။ AQ မြင့်မားသူများဟာ အခြေအနေအများစုမှာ အနုတ်လက္ခဏာဆောင်တဲ့ ရှုထောင့်မှာမနေဘဲ အသာစီးရရှိစေဖို့ အမြဲစဥ်းစားလေ့ရှိကြပါတယ်။ အခြေအနေ များကို တိုးတက်အောင်ရှာဖွေဖို့ ပိုမိုအားထုတ်ကြိုးပမ်းကြပါတယ်။

AQ ကို ဘယ်လိုတိုးတက်အောင်လုပ်မလဲ။

အောင်မြင်မှုကို လိုက်ရှာရာမှာ အခက်အခဲများစွာနဲ့ ဆုတ်ယုတ်မှု အများအပြားကို မလွဲမသွေ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီစိန်ခေါ်မှုများကို ကျော်လွှားနိုင်မှုက သူတို့ရဲ့ ကြိုးစားမှု အောင်မြင်မယ်လို့ ဆုံးဖြတ်ပါတယ်။ AQ က လူတစ်ဦးရဲ့ အလေ့အကျင့်အပြင် ခံယူချက်နဲ့ပတ်သက်တဲ့ အပြောင်းအလဲတချို့ကို အကောင်အထည် ဖော်ခြင်းဖြင့် ပြုစုပျိုးထောင်ကာ မြှင့်တင်နိုင်ပါတယ်။

1/ အခြေအနေကို ခွဲခြမ်းစိတ်ဖြာဖို့ တစ်မိနစ်အချိန်ယူပါ။

ရုတ်တရတ် ပေါက်ဖွားလာတဲ့ဒုက္ခက ထိတ်လန့်တုန်လှုပ်ချောက်ချားမှုကိုဖြစ်စေပြီး လူတစ်ဦးအား ဆင်ခြင်တုံတရားမဲ့စွာ တုံ့ပြန်မှုကို ဖြစ်စေပါတယ်။ ချက်ချင်းတုံ့ပြန်မယ့်အစား အကောင်းမွန်ဆုံးတုံ့ပြန်မှုကို ရှာဖွေဖို့အတွက် ပြဿနာရဲ့အရင်းအမြစ်ကို နက်နဲစွာကြည့်ရှုဖို့ အချိန်အနည်းငယ်ပေးပါ။

2/ အမှားလုပ်မိမှာ မကြောက်ပါနဲ့။

ကျရှုံးမှာကြောက်တဲ့စိတ်က မင်းရဲ့ပန်းတိုင်ကို မထိခိုက်ပါစေနဲ့။ ပြဿနာတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် ချဉ်းကပ်မှု ပုံစံတစ်ခုအနေနဲ့ အမှားများကိုရှုမြင်ကာ အမှားများမှ ပြန်လည်ရုန်းထနိုင်ပြီး သူတို့ထံမှ သင်ယူနိုင်စေမယ့် အတွေးအမြင်ကို ခံယူပါ။

3/ အကြံပြုချက်များအတွက် ဆက်သွယ်ပါ။

အကျပ်အတည်းတစ်ခု ပေါ်လာတာနဲ့ သင့်ကိုယ်သင် အထီးကျန်မနေပါနဲ့။ သင့်အခက်အခဲကို ရင်ဆိုင်ဖြေရှင်း နည်းများကို ပိုမိုကောင်းမွန်အောင် ဘယ်လိုလုပ်ဆောင်နိုင်တာနဲ့ ပတ်သက်ပြီး အကြံဉာဏ်တောင်းခံကာ အကြံပြုချက်ရယူပါ။

4/ ယုံကြည်ချက်ရှိပါ။

ခက်ခဲမှုတိုင်းမှာ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကိုယ်စီရှိနေတယ်လို့ ယုံကြည်ခြင်းက စိတ်ပိုင်းဆိုင်ရာအရ ကိုင်တွယ်ဖြေရှင်းရာမှာ အရေးကြီးပါတယ်။ ယုံကြည်ခြင်းကင်းမဲ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများဟာ ကျွန်ုပ်တို့ရဲ့ အပြုသဘောတုံ့ပြန်နိုင်စွမ်းကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်ခြင်းကို ဖြည့်တင်းခြင်းက သင့်လျော်တဲ့ ဖြေရှင်းနည်းများကို အကောင်အထည်ဖော်ဖို့အတွက် ခက်ခဲတဲ့အခြေအနေများမှာ ကျွန်ုပ်တို့ကို ပေးဆောင်မယ့် စိတ်ဖိစီးမှုများကို လျော့ပါးစေပါတယ်။

အချုပ်အားဖြင့်ဆိုရရင် Adversity Quotient (AQ) က အခက်အခဲများနဲ့ စိန်ခေါ်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လူတစ်ဦးချင်းစီရဲ့ စွမ်းရည်ကို မီးမောင်းထိုးပြတဲ့ တန်ဖိုးကြီး အယူအဆတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ AQ ကို နားလည်ပြီး မြှင့်တင်ခြင်းက တစ်ဦးချင်းစီဟာ ဘဝရဲ့အခက်အခဲများကို ရင်ဆိုင်ရာမှာ ရှင်သန်ဖို့လိုအပ်တဲ့ ခံနိုင်ရည်နဲ့ ကျွမ်းကျင်မှုများကို ဖွံ့ဖြိုးစေပြီး နောက်ဆုံးမှာ ကိုယ်ပိုင်တိုးတက်မှုနဲ့ အောင်မြင်မှုဆီကို‌ ဦးတည်စေပါတယ်။

ဒီဆောင်းပါးကို Paul Stoltz ရေးသားထားတဲ့ Adversity Quotient: Turning obstacles to opportunities ဆောင်းပါးမှ ဘာသာပြန်ဆိုထားပါတယ်။

Daw Hlaing May Win

B.Com , MBA (Meikhtila University of Economics)