Supply Chain ကဏ္ဍမှာ Internet of Things (IoT) ရဲ့ အသုံးဝင်ပုံ

Internet of Things (IoT) ဟာ အာရုံခံကိရိယာများ၊ ဆော့ဖ်ဝဲလ်များနဲ့ တခြားနည်းပညာများဖြင့် ပေါင်းစပ် ဖွဲ့စည်းထားတဲ့စက်ပစ္စည်းများရဲ့ အပြန်အလှန်ချိတ်ဆက်ထားတဲ့ ကွန်ရက်တစ်ခုဖြစ်ပြီး အင်တာနက်ပေါ်ရှိ တခြားစက်ပစ္စည်းတွေရဲ့ စနစ်များနဲ့ ဒေတာအချက်အလက်များ ဖလှယ်ဖို့အတွက် အလုပ်လုပ်ခြင်း ဖြစ်ပါတယ်။ Supply Chain စီမံခန့်ခွဲမှုနယ်ပယ်မှာ IoT က လုပ်ငန်းခွင်အတွင်း အသွင်ပြောင်းလဲနိုင်စွမ်း၊ လုပ်ငန်းခွင်ထိရောက်မှု နဲ့ ကုန်ကျစရိတ်တွေကို လျှော့ချဖို့ ထောက်ပံ့ရေးကွင်းဆက်ရဲ့ နေရာအပိုင်းအားလုံးမှာ ထင်သာမြင်သာရှိနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ နည်းပညာတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဆောင်းပါးမှာ ထောက်ပံ့ရေးကွင်းဆက်တွေမှာ IoT ရဲ့ အမျိုးမျိုးအသုံးချမှုများနဲ့ အကျိုးကျေးဇူးများကို တင်ပြသွားပါမယ်။

Supply Chain ထောက်ပံ့ရေးကွင်းဆက်က ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုကိုထုတ်လုပ်ခြင်းကနေ ပို့ဆောင်ပေးခြင်းအထိ အဆင့်တွေအားလုံးပါဝင်ပြီး ကုန်ကြမ်းရှာဖွေခြင်းမှ နောက်ဆုံးဖောက်သည်ထံ လက်ဝယ် ရောက်သည်အထိ ဖြစ်ပါတယ်။ သမားရိုးကျထောက်ပံ့ရေးကွင်းဆက်လုပ်ငန်းစဉ်တွေမှာ ထိရောက်မှုမရှိတာ၊ ပွင့်လင်းမြင်သာမှုမရှိတာနဲ့ နှောင့်နှေးကြန့်ကြာတာ ကြုံတွေ့နေရလေ့ရှိပါတယ်။ IoT က အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်စစ်ဆေးနိုင်တာ၊ ဒေတာအချက်အလက်ဖလှယ်တာတို့ကို လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် သမားရိုးကျထောက်ပံ့ရေးကွင်းဆက်ရဲ့ စိန်ခေါ်မှုတွေအတွက် အဖြေတစ်ခုပေးစွမ်းနိုင်ပြီး လုပ်ဆောင်ချက်တွေကို ချောမွေ့စေကာ ဆုံးဖြတ်ချက်ချရတဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုကောင်းမွန်စေပါတယ်။

IoT နည်းပညာမှာ ရုပ်ပိုင်းဆိုင်ရာအချက်အလက်တွေကို ဒီဂျစ်တယ်အချက်အလက်တွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ အာရုံခံဆင်ဆာတွေ ပါဝင်ပါတယ်။ ဥပမာ အပူချိန်အာရုံခံကိရိယာများ၊ GPS ခြေရာခံကိရိယာများနဲ့ RFID ရေဒီယိုကြိမ်နှုန်းအချက်ပြကိရိယာတွေ ပါဝင်တယ်။ ၎င်းစက်ကိရိယာပစ္စည်းတွေကို ဒေတာအချက်အလက် ဖလှယ်လို့ရတဲ့ ဆက်သွယ်ရေးပရိုတိုကောတွေနဲ့ ကွန်ရက်များ၊ ဥပမာ-Wi-Fi၊ Bluetooth၊ ဆယ်လူလာ ကွန်ရက်များနဲ့ LPWAN (Low Power Wide Area Network) တွေကိုသုံးချပြီး ချိတ်ဆက်မှုတွေ လုပ်ဆောင်ပါတယ်။ ဖလှယ်တာကနေရရှိလာတဲ့

ဒေတာအချက်အလက်တွေကို ထပ်မံအသုံးချလို့ရတဲ့ အချက်အလက်တွေအဖြစ် cloud computing ကဲ့သို့ နည်းပညာများအသုံးပြုကာ တွက်ချက်ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်ပါတယ်။ ဒီ IoT ကနေ ထုတ်ပေးလိုက်တဲ့ အချက်အလက်တွေကို အသုံးပြုမယ့်သူက ကွန်ပျူတာ ဒက်ရှ်ဘုတ်များ၊ မိုဘိုင်းအက်ပ်များ စတဲ့ ပလက်ဖောင်းတွေကနေတစ်ဆင့် အပြန်အလှန် တုံ့ပြန်ဆောင်ရွက်နိုင်ပါတယ်။

Supply Chain မှာ IoT အသုံးပြုမှုများ

၁။ ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲခြင်း

ထောက်ပံ့ရေးကွင်းဆက်စီမံခန့်ခွဲမှုမှာ IoT ရဲ့ အထင်ရှားဆုံးအသုံးဝင်ပုံတစ်ခုကတော့ ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲမှုပဲ ဖြစ်ပါတယ်။ IoT အသုံးပြုထားတဲ့ အာရုံခံကိရိယာများနဲ့ RFID tags တွေက ကုန်ပစ္စည်း အရေအတွက်၊ တည်နေရာများ၊ ပစ္စည်းအခြေအနေများ စတဲ့အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ပေးဆောင်ပါတယ်။ ဒီလိုစဉ်ဆက်မပြတ် စောင့်ကြည့်ကွပ်ကဲနိုင်တာက စီးပွားရေးလုပ်ငန်းတွေကို အသင့်တော်ဆုံး ကုန်လက်ကျန်အရေအတွက်ကို ထိန်းထားဖို့၊ ပစ္စည်းပြတ်လပ်ခြင်းနဲ့ ပိုလျှံခြင်းကို လျှော့ချ နိုင်စေပါတယ်။ ဒီထက် အချက်အလက်ပိုင်းခြားစိတ်ဖြာချက်တွေကို တွက်ချက်လုပ်ဆောင်ပါက ၀ယ်လိုအား ပုံစံတွေကိုခန့်မှန်းနိုင်ပြီး အချိန်ကိုက်ကုန်ပစ္စည်းဝယ်ယူဖြည့်တင်းနိုင်ခြင်းများကိုပါ လုပ်ဆောင်နိုင်ကာ သယ်ယူ စရိတ်များကို လျှော့ချနိုင်ပါတယ်။

၂။ လမ်းကြောင်းခြေရာခံခြင်းနဲ့ စီမံခန့်ခွဲခြင်း

GPS ခြေရာခံကိရိယာများ၊ RFID tags များကဲ့သို့ IoT စက်ပစ္စည်းများဟာ ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက် ပစ္စည်းများကို အချိန်နောက်ကျမှုမရှိဘဲ အချိန်နဲ့တစ်ပြေးညီ ခြေရာခံစောင့်ကြည့်နိုင်ပါတယ်။ ဒီလိုလုပ်နိုင်စွမ်း အားဟာ ကုန်ပစ္စည်းတွေရဲ့လမ်းကြောင်းကို စီမံခြင်း၊ ခိုးယူမှု ဒါမှမဟုတ် နေရာလွဲမှားခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဆုံးရှုံးမှုတွေကို လျှော့ချခြင်း၊ အချိန်မီပို့ဆောင်မှုများကို အာမခံနိုင်ရုံသာမက မြင်သာမှုနဲ့ တာဝန်ယူမှုကို ပိုကောင်း စေပါတယ်။ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုဟာ ၎င်းရဲ့ ပို့ဆောင်ရေးယာဉ်တွေမှာ GPS ကိရိယာများကို တပ်ဆင်ထားခြင်းဖြင့် ခြေရာခံကိရိယာများက ကုမ္ပဏီကို သွားရမယ့်လမ်းကြောင်းတွေ အတိုဆုံး၊ အနီးစပ်ဆုံး ဖြစ်အောင်ပြုလုပ်ဖို့၊ လောင်စာဆီသုံးစွဲမှုကို လျှော့ချဖို့နဲ့ ပို့ဆောင်ချိန်များကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်စေမယ့် အချိန်နဲ့တစ်ပြေးညီ တည်နေရာအချက်အလက်ကို ပံ့ပိုးပေးပါတယ်။ ဒါ့အပြင် ဖောက်သည်များကလည်း သူတို့ရဲ့ပစ္စည်းတွေကို အချိန်နဲ့အမျှ စောင့်ကြည့်နိုင်ပြီး ဖောက်သည်ကျေနပ်မှုကို တိုးတက်စေပါတယ်။

၃။ ကုန်ပစ္စည်း အခြေအနေစောင့်ကြည့်ခြင်း

အစားအစာနဲ့ ဆေးဝါးကဲ့သို့ ပျက်စီးလွယ်တဲ့ကုန်ပစ္စည်းများအတွက် သယ်ယူပို့ဆောင်ရေးနဲ့ သိုလှောင်မှုအတွင်း မှန်ကန်တဲ့ ပတ်ဝန်းကျင်အခြေအနေများကို ထိန်းသိမ်းရန်မှာ အရေးကြီးပါတယ်။ IoT ဆင်ဆာများက အပူချိန်၊ စိုထိုင်းဆနဲ့ တခြားအခြေအနေများကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်ပြီး ကုန်ပစ္စည်းများကို သတ်မှတ်ထားတဲ့ စည်းမျဉ်းဘောင်အတွင်း ထိန်းသိမ်းထားနိုင်ပါတယ်။ သတ်မှတ်ဘောင်နဲ့ သွေဖယ်မှုများ ရှိလာပါက အရေးယူလုပ်ဆောင်ချက်များကို ချက်ချင်းဆောင်ရွက်နိုင်ဖို့ သတိပေးချက်များ ပေးပို့မှာဖြစ်ပါတယ်။

၄။ စက်ပစ္စည်းများကို ကြိုတင်ထိန်းသိမ်းနိုင်ခြင်း

IoT ဆင်ဆာများဟာ ထောက်ပံ့ရေးကွင်းဆက်မှာ အသုံးပြုတဲ့ စက်ယန္တရားများနဲ့ စက်ပစ္စည်းတွေရဲ့ လည်ပတ်နိုင်စွမ်းနဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်နိုင်ပါတယ်။ အာရုံခံဆင်ဆာများမှ ဒေတာတွေကို ခွဲခြမ်း စိတ်ဖြာတွက်ချက်ပြီး စက်ပျက်မယ့်အချိန်ကို ကြိုတင်ခန့်မှန်းနိုင်ကာ ပြုပြင်ထိန်းသိမ်းမှုကို ကြိုတင်ပြီး အချိန်ဇယားဆွဲ စီစဉ်နိုင်ပါတယ်။ ဒီနည်းလမ်းဟာ

စက်ပျက်ချိန်ကိုလျှော့ချပေးပြီး စက်ကိရိယာတွေရဲ့ သက်တမ်းကိုတိုးစေကာ ပြုပြင်ထိန်းသိမ်းမှုစရိတ်များကိုလည်း လျှော့ချပေးပါတယ်။ ဆင်ဆာတွေက စက်ရဲ့ လှုပ်ရှားမှု၊ အပူချိန်နဲ့ လုပ်ဆောင်မှုနာရီများကဲ့သို့ အချက်အလက်တွေကို စုဆောင်းပြီး ယင်းအချက်အလက် တွေကို တွက်ချက်ခန့်မှန်းကာ စက်ပစ္စည်းတစ်ခုရဲ့ ပြုပြင်ထိန်းသိမ်းမှု လိုအပ်မယ့်အချိန်ကို ခန့်မှန်းနိုင်ပြီး စက်ရပ်နားချိန်အတွင်း ပြုပြင်ထိန်းသိမ်းမှုကို အစီအစဉ်တကျပြုလုပ်နိုင်ပါတယ်။

၅။ ပွင့်လင်းမြင်သာမှုရှိခြင်း

IoT က ကုန်ကြမ်းတင်သွင်းသူများမှ ဖောက်သည်များအထိ ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက် အစမှအဆုံးထိ မြင်နိုင်စွမ်းကို ပံ့ပိုးပေးပါတယ်။ ဒီလိုမြင်နိုင်စွမ်းဟာ ထောက်ပံ့ရေးလမ်းကြောင်းတစ်လျှောက် သက်ဆိုင်သူတွေကြားမှာ ပိုမိုကောင်းမွန်တဲ့ ညှိနှိုင်းဆောင်ရွက်မှုကို လုပ်ဆောင်နိုင်စေပြီး အနှောင့်အယှက်များ ဖြစ်နိုင်ခြေကို လျှော့ချပေးကာ ထောက်ပံ့မှုကွင်းဆက်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။ အချိန်နှင့်တစ်ပြေးညီ ဒေတာနှင့် အချက်အလက်များကို ပံ့ပိုးပေးခြင်းဖြင့် IoT ဟာ ပိုမိုပွင့်လင်းပြီး အခြေအနေအပေါ် ချက်ချင်း တုံ့ပြန်မှုနိုင်တဲ့ ထောက်ပံ့ရေးကွင်းဆက်တစ်ခုကို ဖြစ်ပေါ်စေပါတယ်။

၆။ အလိုအလျောက်လုပ်ဆောင်နိုင်ခြင်း

IoT ဟာ ထောက်ပံ့ရေးကွင်းဆက်အတွင်း အမျိုးမျိုးသော လုပ်ငန်းစဉ်တွေကို အလိုအလျောက်လုပ်ဆောင်နိုင်ပြီး လူကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ရတဲ့ လိုအပ်မှုကိုလျှော့ချကာ မြန်ဆန်မှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ အလိုအလျောက် စနစ်တွေက အော်ဒါမှာယူမှု လုပ်ဆောင်ခြင်း၊ ကုန်စည်ပြန်လည်ဖြည့်တင်းခြင်း၊ အရည်အသွေး ထိန်းချုပ်မှုကဲ့သို့ လုပ်ငန်းတာဝန်တွေကို ကိုင်တွယ်ဆောင်ရွက်နိုင်ပြီး ဗျူဟာမြောက်လုပ်ငန်းတာဝန်တွေအတွက် လူ့စွမ်းအားအရင်းအမြစ်များကို ပိုမိုအကျိုးရှိစွာ အသုံးချနိုင်ပါတယ်။ E-commerce ကုမ္ပဏီတွေဟာ သူတို့ရဲ့ ကုန်သိုလှောင်ရုံတွေမှာ အော်ဒါတွေကို ရွေးချယ်ဖို့နဲ့ ထုပ်ပိုးခြင်းများပြုလုပ်ဖို့အတွက် IoT-enabled ရိုဘော့ စက်ရုပ်တွေကို အသုံးပြုနိုင်ပါတယ်။ စက်ရုပ်တွေက ဗဟိုစနစ်မှ ညွှန်ကြားချက်များကို လက်ခံရရှိပြီး ဂိုဒေါင်အတွင်းမှာ အလိုအလျောက်သွားလာပြီး အော်ဒါတစ်ခုချင်းစီအတွက် လိုအပ်တဲ့အရာတွေကို ရွေးချယ်မှာ ဖြစ်ပါတယ်။ ဒီလိုအလိုအလျောက်စနစ်က အော်ဒါဖြည့်ဆည်းမှုလုပ်ငန်းစဉ်ကို မြန်ဆန်စေပြီး အမှားအယွင်းဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

ဒစ်ဂျစ်တယ်ခေတ်ရဲ့ အရေးပါမှုကြောင့် IoT ဟာ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်လမ်းကြောင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာပါတယ်။ ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲခြင်းကနေ အလိုအလျောက်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်တွေအထိ IoT အခြေခံ နည်းပညာတွေဟာ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍအပြင် ကျန်းမာရေးနဲ့ အိမ်သုံးစမတ်ပစ္စည်းတွေမှာလည်း IoT ကို တွင်ကျယ်စွာ အသုံးချလာနေကြပြီပဲ ဖြစ်ပါတယ်။ လူနာများရဲ့ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ခြင်း၊ ဆရာဝန်များနဲ့ လူနာများအကြား အချက်အလက်များကို အချိန်နဲ့တစ်ပြေးညီ ပေးပို့နိုင်ခြင်းများဟာ ကျန်းမာရေးဝန်ဆောင်မှု များကို ပိုမိုကောင်းမွန်လာစေပါတယ်။ စမတ်အိမ်များမှာ အလိုအလျောက်ထိန်းချုပ်နိုင်တဲ့ မီးဖွင့်မီးပိတ် စနစ်များနဲ့ လုံခြုံရေးစနစ်များဟာ လူနေမှုဘဝကို ပိုမိုသက်သာစေပါတယ်။ ဒါကြောင့် IoT နည်းပညာများဟာ အမျိုးမျိုးသောကဏ္ဍတွေမှာ အရေးပါတဲ့အခန်းကဏ္ဍကို ရယူထားပြီး လုပ်ငန်းများအတွက်သာမက လူသားများရဲ့ နေထိုင်မှုဘဝကိုပါ ပိုမိုကောင်းမွန်စေမှာ မလွဲဧကန်ဖြစ်ပါတယ်။

ကိုးကားစာရင်း

Gdali, Z. (2023) How can IOT help in supply chain management?, firecell.io. Available at: https://firecell.io/how-can-iot-help-in-supply-chain.../ (Accessed: 25 July 2024).

IoT in Logistics and Shipping: Revolutionizing Supply Chain Management, ZhenHub. Available at: https://zhenhub.com/.../iot-in-supply-chain-management.../ (Accessed: 25 July 2024).

Sallam, Karam & Mohamed, Mona & Wagdy, Ali. (2023). Internet of Things (IoT) in Supply Chain Management: Challenges, Opportunities, and Best Practices. Sustainable Machine Intelligence Journal. 2. 10.61185/SMIJ.2023.22103.

U Myo Htet Naing

B.Com (Hons), M.Com (YIE)