"Evian ရဲ့ လူနေမှုပုံစံ အမှတ်တံဆိပ်ဗျူဟာ"

ကုန်တိုက်တစ်ခုခုကိုသွားတဲ့အခါ ပုံမှန်ရေသန့်ဘူးတွေထက် ကွဲပြားပြီး မြင်သာပေါ်လွင်နေတဲ့ အမှတ်တံဆိပ်တစ်ခုကို သတိထားမိကြလား။ ဟုတ်ပါတယ်၊ ကုန်တိုက်တစ်ခုခုကိုသွားတဲ့အခါ Evian ရေသန့်ဘူးတွေရဲ့ သူမတူတဲ့ ကွဲပြားခြားနားမှုတွေကို သတိမထားမိတဲ့လူဆိုတာ တော်တော်လေးရှားပါတယ်။ Evian ရေသန့်ကို Evian ရေသန့်ကုမ္ပဏီမှ ပြင်သစ်ပရီမီယံအမှတ်တံဆိပ်တစ်ခုအဖြစ် စတင်ခဲ့ပြီး 1970 ခုနှစ်နောက်ပိုင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အောင်မြင်မှုရရှိနေတဲ့ လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။ Evian ရေသန့်ကုမ္ပဏီဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့လူနေမှုပုံစံကို ကြိုက်နှစ်သက်သူတွေအတွက် ရည်ရွယ်ပြီးတော့ ထုတ်လုပ်ထားပါတယ်။ ဒါကြောင့် ကုမ္ပဏီဟာ ရေသန့်ဗူးဈေးကွက်မှာ အားသာချက်ရရှိဖို့ မှန်ကန်တဲ့ ဝယ်သူတွေကို ပစ်မှတ်ထားပြီး 'စျေးကွက်ရှာဖွေရေးနည်းဗျူဟာ' ကိုအသုံးပြုကာ ပြိုင်ဘက်တွေထက် ပိုမိုကောင်းမွန်တဲ့ စိတ်ကျေနပ်မှုကို ပေးဆောင်နိုင်ဖို့ လုပ်‌ဆောင်လျက်ရှိပါတယ်။

Evian ဟာ ပြိုင်ဆိုင်မှုများတဲ့ ရေသန့်ဗူးဈေးကွက်မှာ ကောင်းမွန်တဲ့လူနေမှုပုံစံကို ရည်ညွှန်းတဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ်နဲ့ မြင်သာအောင်ကြိုးစားနေပါတယ်။ ဒီဆောင်းပါးမှာတော့ ကျန်းမာရေး၊ ငယ်ရွယ်နုပျိုမှုနဲ့ အဆင့်မြင့်လူနေမှုဘဝပုံစံကို ထည့်သွင်းစဥ်းစားတဲ့ Evian ရေသန့်ကုမ္ပဏီအကြောင်းကို မျှဝေသွားပါမယ်။ ဒါ့အပြင် Evian ရဲ့ မဟာဗျူဟာမြောက် စျေးကွက်ရှာဖွေရေး လုပ်ဆောင်ချက်များကိုလည်း လေ့လာသွားမှာပဲဖြစ်ပါတယ်။ ကောင်းမွန်ပြီး လူနေမှုပုံစံကိုရည်ညွှန်းတဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် မြင်သာအောင် ကြိုးစားခြင်းဟာ ထုတ်ကုန်တစ်ခုရောင်းချခြင်းထက် ပိုပြီးခက်ခဲပါတယ်။ ဆိုလိုတာကတော့ လူနေမှုဘဝအတွက် အရေးကြီးတဲ့ ထုတ်ကုန်တစ်ခုအဖြစ် နေရာယူခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့လူနေမှုပုံစံကို ရည်ညွှန်းတဲ့ အမှတ်တံဆိပ်ပြုလုပ်ခြင်းက သမားရိုးကျ ထုတ်ကုန်စျေးကွက်ရှာဖွေခြင်းထက် ပိုပြီးခက်ခဲကြောင်း တွေ့ရပါတယ်။

Evian ရဲ့ ကောင်းမွန်ပြီး လူနေမှုပုံစံကိုရည်ညွှန်းတဲ့ အမှတ်တံဆိပ်တစ်ခုဖန်တီးရာမှာ စျေးကွက်ရှာဖွေရေး လှုပ်ရှားမှုများလည်း ပါဝင်နေပါတယ်။ Evian သောက်ရေသန့်ဖြစ်ပေါ်လာပုံကို ဇာတ်လမ်းတစ်ခုအနေနဲ့ ဖန်တီးပြီးတော့ ဝယ်သူတွေရဲ့စိတ်ဝင်စားမှုကို ရယူထားပါတယ်။ Evian ဟာ ပြင်သစ်တောင်တန်းတွေမှလာတဲ့ သဘာဝသောက်ရေသန့်ဖြစ်ရုံမက သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ရေသန့်ဖြစ်ကြောင်းကို မီးမောင်းထိုးပြ ထားပါတယ်။ ဒါ့အပြင် Evian ရဲ့ဖန်တီးမှု၊ ထုပ်ပိုးမှုနဲ့ အကန့်အသတ်ထုတ်ဝေမှုတွေ၊ အဆင့်မြင့် ဖက်ရှင်ဒီဇိုင်နာတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေဟာ Evian ရဲ့ အဆင့်မြင့် အမှတ်တံဆိပ်ပုံသဏ္ဍာန်ကို ပိုပြီးပေါ်လွင်လာစေပါတယ်။

Evian ရေသန့်ပုလင်းကုမ္ပဏီဟာ စျေးကွက်ရှာဖွေရေးဘတ်ဂျက်ရဲ့ 80% ကို ဒစ်ဂျစ်တယ် မီဒီယာတွေ အတွက် အသုံးပြုထားပါတယ်။ Evian ဟာရေသန့်ဗူးဈေးကွက်မှာ အားသာချက်တစ်ခုရရှိဖို့ လူမှုမီဒီယာ ပလက်ဖောင်းတွေ ဖြစ်တဲ့ Snapchat ၊ Instagram နဲ့ influencer တွေကို အသုံးပြုပြီးတော့ စျေးကွက်ချဲ့ထွင်ခြင်း တို့ကို အာရုံစိုက်လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် Evian ဟာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်း၊ ရပ်ရွာလူထုများရဲ့ အကျိုးကိုကြည့်ခြင်း၊ စာသင်ကျောင်းများဖွင့်လှစ်ခြင်း၊ ကျန်းမာရေးနဲ့ ကလေးများအတွက် ပံ့ပိုးကူညီခြင်း စတဲ့ လှုပ်ရှားမှုများပြုလုပ်ကာ ကုန်အမှတ်တံဆိပ်ရဲ့ ပုံရိပ်ကို မြှင့်တင်လျက်ရှိပါတယ်။

ယနေ့မှာဆိုရင် Evian ဟာ ရေသန့်ပုလင်းပေါင်း (၂) ဘီလီယံကျော်ကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း 160 ကျော်မှာ ဖြန့်ချိရောင်းချနေပါတယ်။ Evian ဟာ ဆန်းသစ်တဲ့စျေးကွက်ရှာဖွေရေးနည်းဗျူဟာတွေကို အသုံးပြုကာ ဝယ်သူများရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းလျက်ရှိပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက ဝယ်သူများ အနေနဲ့လည်း အမှတ်တံဆိပ်အပေါ် ယုံကြည်မှုရှိမယ်လို့ Evian က ယုံကြည်ထားပါတယ်။ Evian ရဲ့စျေးကွက် ရှာဖွေရေးဗျူဟာတွေဟာ ယနေ့ခေတ်ဝယ်သူတွေရဲ့ ကျန်းမာရေးအတွေးအမြင်တွေနဲ့ ဆက်စပ်နေပါတယ်။ ကောင်းမွန်ပြီး လူနေမှုပုံစံကို ရည်ညွှန်းတဲ့ အမှတ်တံဆိပ်တွေမှာ အားသာချက်တွေ များစွာရှိနေပေမယ့်လည်း အမှတ်တံဆိပ်စစ်မှန်မှုကို ထိန်းသိမ်းခြင်းနဲ့သက်ဆိုင်တဲ့ စိန်ခေါ်မှုတွေကလည်း ရှိနေပါတယ်။

ဒီဆောင်းပါးမှာ ကောင်းမွန်တဲ့ လူနေမှုပုံစံကို ရည်ညွှန်းတဲ့ ကုန်အမှတ်တံဆိပ်ဖန်တီးခြင်းက ထိရောက်မှုရှိတယ်ဆိုရင် စျေးကွက်ထဲမှာ ပြိုင်ဘက်တွေထက် သာလွန်ကောင်းမွန်နေမှာပဲ ဖြစ်ပါတယ်။ လူနေမှုပုံစံ စျေးကွက်ရှာဖွေခြင်းရဲ့ အခြေခံမူတွေကို လက်ခံခြင်းနဲ့အတူ Evian ကဲ့သို့ ကုန်အမှတ်တံဆိပ်တွေဟာ စားသုံးသူများရဲ့ နှလုံးသားနဲ့ စိတ်ထဲမှာရေရှည်ပဲ့တင်ထပ်နေမှာပဲ ဖြစ်ပါတယ်။

AdExpert မှ Beyond the Bottle: Evian’s Lifestyle Branding Strategy ကိုဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကားရေးသားထားပါတယ်။

Daw Thwet Shwe Yee Htun

B. Com, M.com (MEUE) Meiktila University of Economics