ဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ စျေးကွက်ကို ထိုးဖောက်နေတဲ့ Dyson

အခုတလော ရေပန်းစားနေတဲ့ Dyson အမှတ်တံဆိပ် Air Wrap (hair dryer) တွေကိုတွေ့တော့ အဲ့ဒီအမှတ်တံဆိပ်ရဲ့ အကြောင်းလေးကို လေ့လာဖြစ်ခဲ့ပါတယ်။ Dyson အမှတ်တံဆိပ်ကို တည်ထောင် သူကတော့ ဗြိတိန်နိုင်ငံက တီထွင်သူ James Dyson ပဲဖြစ်ပါတယ်။ သူတို့ရဲ့ အကြီးမားဆုံး အောင်မြင်မှုကတော့ ပေါ့ပါးပြီး ကျစ်လျစ်တဲ့ ဖုန်စုပ်စက်ပဲ ဖြစ်ပါတယ်။ တီထွင်စမ်းသစ်မှုကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်တဲ့အလျောက် ၁၉၇၈ ခုနှစ်မှာ တခြား ထုတ်ကုန်များနဲ့မတူဘဲ တစ်မူ ထူးခြားတဲ့ နည်းပညာကို အသုံးပြုနိုင်ဖို့ စတင်စမ်းသပ်ခဲ့ခြင်းဖြစ်ပါတယ်။

သာမန် ဖုန်စုပ်စက်တစ်ခုကို ကြည့်ရင် အမှိုက်အိတ်လိုမျိုး စုပ်ထားတဲ့အမှုန်တွေအတွက် အိတ်တစ်ခု ပါဝင်တာတွေ့ရမှာဖြစ်ပြီး မော်တာရဲ့ အလုပ်လုပ်နိုင်စွမ်းကလည်း သိပ်ကောင်းတာကို မတွေ့ရပါဘူး။ Dyson အနေနဲ့ စတင်ထုတ်လုပ်ချင်တဲ့ ပစ္စည်းကတော့ အဲ့ဒီလို အမှိုက်သိမ်းစရာ အိတ်မပါဘဲ sawmill တွေမှာ အသုံးပြုတဲ့ cyclone system ကို အသုံးပြုထားပြီး အမှုန်များကို ခွဲထုတ်လိုက်တဲ့ နည်းပညာအသုံးပြုပေးထားကာ ပုံမှန်ဖုန်စုပ်စက်ရဲ့ လည်ပတ်မှုတွေနဲ့ ပေါင်းစပ်ထားပြီး ဖန်တီးပေး ထားတာဖြစ်ပါတယ်။သူတို့ရဲ့ ပထမဆုံး ဖုန်စုပ်စက်ကို ဈေးကွက်ထဲထိ ရောင်းချနိုင်ဖို့အတွက် လွယ်လွယ်နဲ့ ရခဲ့တာတော့ မဟုတ်ပါဘူး။ Dyson အနေနဲ့ သူ့ရဲ့ ပိုင်ဆိုင်တဲ့ မြေဧကများကို ရောင်းချကာ ရရှိတဲ့ ဒေါ်လာ (၈) သောင်း ကျော်အပြင် သူငယ်ချင်းဆီကပါ ချေးငှားကာ (၃) နှစ်ခွဲအကြာ တီထွင်စမ်းသပ်မှုများစွာကို ပြုလုပ်ခဲ့ကာ ပုံစံငယ်ပေါင်း (၅၁၂၇) ခုထိ စမ်းကြည့်ခဲ့ကာ ဖန်တီးယူခဲ့ရခြင်း ဖြစ်ပါတယ်။

သူကိုယ်တိုင် အကြွေးများစွာတင်ပြီး စမ်းသပ်မှုများပြုလုပ်ကာ တီထွင်မှုဟာ နောက်ဆုံးမှာ‌တော့ သူလိုချင်တဲ့ “double cyclone” နည်းပညာသုံး ဖုန်စုပ်စက်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗြိတိန်နဲ့ ဥရောပ ထုတ်လုပ်သူတွေက Dyson ရဲ့ ဒီဇိုင်းကို ဘယ်သူမှ စိတ်မဝင်စားကြသလို ဒီလို ဖုန်စုပ်စက်မျိုး ဝယ်ကြမှာ မဟုတ်ဘူးဆိုပြီး ငြင်းပယ်ခြင်းကို ခံရပါတယ်။ အဲ့လိုထုတ်လုပ်မယ့် စက်ရုံရှာနေရင်းမှာပဲ အမေရိကန် လုပ်ငန်းစုတစ်ခုနဲ့ ချိတ်ဆက်မိသွားပြီး အောင်မြင်မှုရခါနီးအချိန်မှာပဲ သူတို့ရဲ့ ဒီဇိုင်းကို အခိုးခံရတာမျိုးနဲ့ ကြုံခဲ့ရပါတယ်။ အဲ့ဒီလို အခက်အခဲများကို ကျော်လွှားခဲ့ပြီး (၁၉၈၉) ခုနှစ်မှာတော့ Dyson G-force ဆိုတဲ့ နာမည်နဲ့ ဂျပန် ကုမ္ပဏီတစ်ခုအောက်မှာ Dyson ရဲ့ နည်းပညာကို မှတ်ပုံတင် လိုင်စင်ယူပြီး ရောင်းချခဲ့ပါတယ်။ စျေးကွက်အတွင်းမရှိသေးတဲ့ ပေါ့ပါးပြီး ဒီဇိုင်းဆန်းတဲ့ ပန်းရောင်ဖုန်စုပ်စက် တစ်လုံးဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကပင် သူတို့ရဲ့ ရောင်းဈေးက စက်တစ်ခုလျှင် ဒေါ်လာ (၂၀၀၀) ဝန်းကျင်နဲ့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်မှာတော့ Dyson Limited ကို တည်ထောင်လိုက်ပြီး ရုံးချုပ်ကိုတော့ ၂၀၁၉ ခုနှစ်မှာ စင်ကာပူနိုင်ငံမှာ ပြောင်းလဲထားရှိခဲ့ပါတယ်။ စျေးကွက်ထဲမှာ လူအများ တွင်ကျယ်စွာသုံးနိုင်ဖို့အတွက် နောက်ထပ်မော်ဒယ်အသစ်များကို ထုတ်လုပ်ရောင်းချပေမယ့်လည်း သူတို့ရဲ့ ရောင်းစျေးမှာ (၃၅၀) ဒေါ်လာအထိသာ အနည်းဆုံးသတ်မှတ်နိုင်ခဲ့ပြီး ပုံမှန် ဖုန်စုပ်စက်များရဲ့ (၂) ဆဖြစ်နေပါသေးတယ်။ James Dyson အနေနဲ့ကတော့ သူ့ရဲ့ နည်းပညာနဲ့ ထုတ်ကုန်အပေါ် ယုံကြည်မှုရှိပြီးတော့ အကြီးဆုံး လက်လီအရောင်းဆိုင်များကို ကိုယ်ဆိုင်ကိုယ်ကျ သွားရောက်ကာ သူ့ရဲ့ပစ္စည်းကို ရောင်းချပေးဖို့ ညှိနှိုင်းနိုင်ခဲ့ပြီး ဗြိတိန်ရဲ့ သမိုင်းတစ်လျှောက်မှာ အရောင်းအသွက်ဆုံးပစ္စည်းအဖြစ် ရောက်ရှိခဲ့ပါတယ်။

၁၉၉၆ ခုနှစ်မှာတော့ Dyson ကထုတ်တဲ့ ပစ္စည်းတွေက ဗြိတိန်ရဲ့ နာမည်ကြီးအဆင့်မြင့် စက်ပစ္စည်းတွေ အနေနဲ့ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။  ရွေးချယ်စရာများတဲ့ အရောင်တောက်တောက်တွေနဲ့ မတူညီတဲ့ အမျိုးအစားများစွာကို ထုတ်လုပ်နိုင်မှုကြောင့် ၂၀၀၅ ခုနှစ်မှာတော့ နှစ်စဉ်အမြတ်ငွေ ဒေါ်လာ (၁၇၃) မီလီယံအထိ ရရှိလာခဲ့ပါတယ်။ သူတို့ရဲ့ product ထုတ်ကုန်တွေကတော့ Vacuum cleaners ဖုန်စုပ်စက်များ , Hair Care (Air Wrap styler, dryers, straighteners, etc) ဆံပင်အလှပြုပြင်ရေးဆိုင်ရာ စက်ကိရိယာများ, လေသန့်စက်များ (Air Purifier + Humidifier), Lighting မီးပစ္စည်းများ, Hand dryers (လက်အခြောက်ခံစက်) ၊ Headphones စတဲ့ လျှပ်စစ်နဲ့ လူသုံးကုန် ကိရိယာများကို ရောင်းချပေး နေတာပဲ ဖြစ်ပါတယ်။ James Dyson က ဗြိတိန်နိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ ကုမ္ပဏီကို (၁၀၀) ရာခိုင်နှုန်း တစ်ဦးတည်းပိုင်အဖြစ် ထားရှိပြီး ရှယ်ယာရောင်းဖို့ကို ငြင်းဆိုခဲ့ပါတယ်။ သူ့ရဲ့ ဒီဇိုင်းတွေလည်း အကြိမ်ကြိမ်ကူးချခံရတာကြောင့် တရားစွဲဆိုတာတွေလည်း ရင်ဆိုင်ရပြီး အနိုင်ရရှိခဲ့ပါတယ်။

တီထွင်ဆန်းသစ်မှု (innovation) ကိုဦးစားပေးတဲ့ လုပ်ငန်းဖြစ်တာနဲ့အညီ ဝန်ထမ်းတွေကို အုပ်ချုပ်တဲ့ အခါမှာလည်း တခြားအဖွဲ့အစည်းတွေနဲ့မတူအောင် James Dyson က စီမံထားပါတယ်။ Dyson အနေနဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေမှာ ဒီဇိုင်းပညာ သင်ကျောင်းဆင်းတွေကို ရွေးချယ်ခန့်ထားပြီး သမားရိုးကျ လုပ်ထုံးလုပ်နည်းတွေကနေ ကွဲထွက်စွာ လုပ်နိုင်ဖို့ အမြဲအားပေးလျက်ရှိပါတယ်။ James Dyson ရဲ့ မဟာဗျူဟာတွေကတော့ သူ့ရဲ့ Brand ကို ကမ္ဘာကျော် brand ဖြစ်ချင်ခဲ့ပြီး Innovative ဖြစ်တဲ့ Premium Product line ကနေ ထုတ်လုပ်ဖို့ အမြဲကြိုးစားနေပါတယ်။ သူတို့ရဲ့ flagship store များစွာဖွင့်လှစ်ထားပြီး သူတို့ရဲ့ ရည်မှန်းချက်အတိုင်း အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ ပြင်သစ် ဈေးကွက်တွေကိုပါ ထိုးဖောက်နိုင်ခဲ့ပါတယ်။ နိုင်ငံပေါင်း (၆၅) နိုင်ငံမှာ Dyson ရဲ့ စက်ပစ္စည်းတွေကို အသုံးပြုနေကြပြီး အင်ဂျင်နီယာပေါင်း (၁၀၀၀) ကျော်နဲ့ အိုင်ဒီယာ အသစ်အဆန်းတွေကို အမြဲမပြတ် ဆန်းသစ်နေတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဒေတာတွေအရ Dyson ဝန်ထမ်းပေါင်း (၁၄၀၀၀) ကျော်နဲ့ လည်ပတ်နေပြီးတော့ net income အနေဖြင့် (၁.၃) ဘီလီယံ စတာလင်ပေါင် ရှိတယ်လို့ ဆိုကြပါတယ်။ တီထွင်ဆန်းသစ်မှုနဲ့ ဒီဇိုင်းပညာကို ဦးစားပေးသူပီပီ James Dyson Foundation ကို တည်ထောင်ကာ နှစ်စဉ် နိုင်ငံတကာ ကျောင်းသား တွေအတွက် ဒီဇိုင်းပညာနဲ့ပတ်သက်ပြီး James Dyson Awards ပြိုင်ပွဲများပြုလုပ်ကာ ပညာသင်ဆုများ ချီးမြှင့်ပေးလျက်ရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ University of Warwick နဲ့ ပူးပေါင်းကာ Dyson Institute of Engineering and Technology ကို စတင်ခဲ့ပြီး ကျောင်းတက်ရင်း အလုပ်လုပ်နိုင်ပြီး ကျောင်းစရိတ် ထောက်ပံ့ပေးတဲ့ အစီအစဉ်များကိုလည်း ကုမ္ပဏီရဲ့ CSR programme တစ်ခုအဖြစ် ပြုလုပ်ပေး လျက်ရှိပါတယ်။

Ref: 100 Great business and the minds behind them by Emily Ross and Angus Holland

www.dyson.com

 

Daw May Thet Hnin

MBA (Heriot-Watt University)