ဝန်ထမ်းတွေဆီက အကောင်းဆုံး စွမ်းဆောင်ရည်တွေရဖို့ ဘယ်လိုစီမံခန့်ခွဲမလဲ?

ဝန်ထမ်းတွေဆီက အကောင်းဆုံးစွမ်းဆောင်ရည်တွေရရှိအောင် စီမံခန့်ခွဲရတာက အရေးကြီးတဲ့အခန်းကဏ္ဍ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အတွက် စီမံခန့်ခွဲရာမှာ အထောက်အကူဖြစ်စေမယ့်အချက်တွေကို အဆင့်လိုက် ဖော်ပြပေးမှာပဲဖြစ်ပါတယ်။

တိကျရှင်းလင်းမှုရှိတဲ့အလုပ်ရည်မှန်းချက်

ဝန်ထမ်းတိုင်းအတွက် တိကျတဲ့အလုပ်ရည်မှန်းချက်နဲ့ လုပ်ငန်းတာဝန်တွေကို ရှင်းလင်းစွာ သတ်မှတ်ပေးဖို့ လိုပါတယ်။ တိကျတဲ့အလုပ်ရည်မှန်းချက်တွေရှိမှသာ ဝန်ထမ်းတွေကို ကောင်းမွန်စွာ ညွှန်ကြားပေးနိုင်ပြီး အလုပ်ရလဒ်ကောင်းတွေ ထွက်ရှိလာမှာဖြစ်ပါတယ်။

ထိရောက်ကောင်းမွန်တဲ့ပြောဆိုဆက်ဆံရေး

လုပ်ငန်းတွင်း ဝန်ထမ်းတွေနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့က အထူးအရေးကြီးပါတယ်။ သူတို့ရဲ့ အကြံပြုချက်တွေ၊ အခက်အခဲတွေကို နားထောင်ပေးပြီး အပြန်အလှန်ဆွေးနွေး တိုင်ပင်ပေးခြင်းဖြင့် လုပ်ငန်းခွင်အတွက် အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိလာနိုင်ပါတယ်။

လိုအပ်တဲ့လေ့ကျင့်သင်ကြားမှု

ဝန်ထမ်းများရဲ့ ကျွမ်းကျင်မှုတွေကို တိုးတက်စေဖို့အတွက် လေ့ကျင့်သင်ကြားမှုများကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးဖို့လိုပါတယ်။ ခေတ်ပေါ်နည်းပညာကို အသုံးချတတ်ဖို့နဲ့ အလုပ်လုပ်ရာမှာ ပိုမိုကျွမ်း ကျင်အောင် လိုအပ်တဲ့လေ့ကျင့်သင်ကြားမှုတွေပေးခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိလာမှာ ဖြစ်ပါတယ်။

မျှတကောင်းမွန်တဲ့အကျိုးခံစားခွင့်

ဝန်ထမ်းတွေဆီက အကောင်းဆုံး စွမ်းဆောင်ရည်ရဖို့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ကိုက်ညီတဲ့ လစာများ၊ ခံစားခွင့်များပေးဖို့လည်း လိုအပ်ပါတယ်။ စွမ်းဆောင်ရည်နဲ့ သင့်တော်တဲ့ လစာပေးမယ်ဆိုရင် ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုနဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှု များကို အသိအမှတ်ပြုခြင်း၊ ဆုချီးမြှင့်ခြင်း စတာတွေကလည်း ဝန်ထမ်းတွေကို ပိုမိုကြိုးစား အားထုတ်ချင်စိတ်ကို ပိုဖြစ်စေနိုင်ပါတယ်။

လုံခြုံကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်

လုပ်ငန်းခွင်မှာဝန်ထမ်းများအတွက် လုံခြုံကောင်းမွန်တဲ့ အလုပ်ပတ်ဝန်းကျင်ရှိခြင်းကလည်း သူတို့ရဲ့ စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိပါတယ်။ အလုပ်မှာ လုံခြုံစိတ်ချရတာ၊ အလုပ်ပတ်ဝန်းကျင် သာယာမှုရှိတာ၊ အလုပ်လုပ်ရတာမှာ စိတ်ချမ်းသာမှုရှိတာတွေက ဝန်ထမ်းများရဲ့ စိတ်ကျေနပ်မှုကို တိုးစေပြီး စွမ်းဆောင်ရည်ကို ပြည့်ပြည့်ဝဝ အသုံးချနိုင်မှာဖြစ်ပါတယ်။

Teamwork ကောင်းမွန်ခြင်း

Teamwork ကောင်းဖို့က လုပ်ငန်းခွင်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပြီး လုပ်ငန်းအောင်မြင်ဖို့ အတွက် မဖြစ်မနေလိုအပ်သလို လုပ်ငန်းတစ်ခုရဲ့ အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ဦးချင်းစီ လုပ်ကိုင်တာထက် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်တာက ပိုမိုကြီးမားတဲ့ အောင်မြင်မှုကို ရရှိနိုင်ပါတယ်။

မှန်ကန်တဲ့စွမ်းဆောင်ရည်အကဲဖြတ်မှု

မှန်ကန်တဲ့စွမ်းဆောင်ရည်အကဲဖြတ်မှုဆိုတာ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကိုတိုင်းတာပြီး စွမ်းဆောင်ရည်ပိုမိုတိုးတက်လာအောင် စနစ်တကျစီမံခန့်ခွဲခြင်း ဖြစ်ပါတယ်။ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ လုပ်ဆောင်ချက်တွေကို ပုံမှန်အကဲဖြတ်လေ့လာခြင်းဖြင့် သူတို့ရဲ့အားနည်းချက်၊ အားသာချက်တွေကို သိရှိနိုင်ပြီး လိုအပ်တဲ့အကြံပေးညွှန်ကြားချက်တွေပေးခြင်းဖြင့် စွမ်းဆောင်ရည်ကို တိုးတက်လာစေနိုင်ပါတယ်။

ကောင်းမွန်တဲ့ယှဉ်ပြိုင်ခြင်းကိုအားပေးခြင်း

ကောင်းမွန်တဲ့ယှဉ်ပြိုင်ခြင်းကိုအားပေးခြင်းကလည်း လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ကို ပိုမိုတိုးတက်စေနိုင်ပါတယ်။ သို့ပေမဲ့လည်း တစ်ဦးနဲ့တစ်ဦးအပေါ် မကောင်းမမြင်ဘဲ အပြုသဘောဆောင်တဲ့

ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြိုင်ဆိုင်မှုဖြစ်စေဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို အသိမှတ်ပြုပြီး စိတ်ခွန်အားပေးခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ရရှိစေလာနိုင်ပါတယ်။

အလုပ်ချိန်နဲ့ကိုယ်ပိုင်အချိန်မျှတခြင်း

အလုပ်ချိန်နဲ့ ကိုယ်ပိုင်အချိန် မျှတစေခြင်းကလည်း ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုကို တိုးတက်စေနိုင်ပါတယ်။ သူတို့ရဲ့အလုပ်ချိန်နဲ့ ကိုယ်ပိုင်အချိန်များကို မျှတအောင်စီမံပေးခြင်းဖြင့် ဝန်ထမ်းတွေရဲ့စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပြီး လုပ်ငန်းခွင်မှာလည်း ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ခေါင်းဆောင်မှုပုံစံ

ခေါင်းဆောင်များရဲ့အရည်အသွေးက ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ကို အထိရောက်ဆုံး သက်ရောက်မှု ရှိစေပါတယ်။ ခေါင်းဆောင်များအနေနဲ့ ဝန်ထမ်းများကို ဦးဆောင်နိုင်ဖို့ သင့်တင့်တဲ့ ခေါင်းဆောင်မှုပုံစံများကို လေ့လာသင့်ပါတယ်။ ဥပမာ အမိန့်ပေးခေါင်းဆောင်မှု၊ အကြံပေးခေါင်းဆောင်မှု၊ ပူးပေါင်းဆောင်ရွက် ခေါင်းဆောင်မှုပုံစံများဖြင့် ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ပါတယ်။ ခေါင်းဆောင်များအနေနဲ့ မိမိတို့ရဲ့ ခေါင်းဆောင်မှုပုံစံကို မကြာခဏပြန်လည်သုံးသပ်ပြီး မိမိဝန်ထမ်းတွေနဲ့ ကိုက်ညီမယ့် ပုံစံဖြစ်အောင် လုပ်ဆောင်ပါ။

တိုးတက်မှုနဲ့ အောင်မြင်မှုကို လက်ခံခြင်း

ဝန်ထမ်းတွေရဲ့ တိုးတက်မှုနဲ့ အောင်မြင်မှုများကို အသိအမှတ်ပြုခြင်း၊ လက်ခံခြင်းဖြင့် ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ပါတယ်။ ဝန်ထမ်းများရဲ့ အောင်မြင်မှုများကို အဖွဲ့အစည်းရဲ့ အောင်မြင်မှုအဖြစ် သတ်မှတ်ပါ။ ဥပမာ ဝန်ထမ်းတစ်ဦးရဲ့ အောင်မြင်မှုများကို အဖွဲ့အစည်းအတွင်း ကျင်းပတဲ့ အစည်းအဝေးများ၊ ကြော်ငြာသင်ပုန်းများမှာ ဖော်ပြခြင်းတို့ဖြင့် အသိအမှတ်ပြုပေးပါ။ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ တိုးတက်မှုများကို အသိအမှတ်ပြုပေးပါ။ အလုပ်အပေါ် ပိုမိုစိတ်ဝင်စားပြီး လုပ်ဆောင်လာတဲ့ ဝန်ထမ်းများကို ချီးမွမ်းပေးပါ။ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေဖို့ အားပေးစကားများနဲ့ အကျိုးခံစားခွင့်များပေးခြင်းကလည်း အလွန်အရေးကြီးပါတယ်။

နောက်ဆုံးမှာ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည် တိုးတက်စေဖို့အတွက် အဖွဲ့အစည်းဟာ လက်ရှိလုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကို အမြဲသုံးသပ်ဖို့နဲ့ ဆန်းစစ်မှုများ ဆောင်ရွက်နေရမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်များနဲ့ဆန္ဒများကို နားလည်ပြီး အလုပ်ခွင်နဲ့ အဖွဲ့အစည်းရဲ့ရည်မှန်းချက်များကို ပေါင်းစပ်ပြီး အသုံးချပါက ဝန်ထမ်းများရဲ့ စိတ်ဝင်စားမှု၊ လုပ်ငန်းထိရောက်မှုနဲ့ အောင်မြင်မှုများကို မြှင့်တင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီအကြံပြုချက်များကို လိုက်နာခြင်းဆောင်ရွက်ခြင်းဖြင့် အဖွဲ့အစည်းတိုင်းမှာ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ပြီး လုပ်ငန်းအောင်မြင်မှုရရှိစေမယ်လို့ ယုံကြည်ပါတယ်။

ကိုးကားစာရင်း

5 effective strategies to improve your employee performance (2023) CRM Masters - Digital Transformational Group. Available at: https://crm-masters.com/5-effective-strategies-to.../ (Accessed: 29 May 2024).

Grewal, A. (2022) 8 practical ways to improve employee performance, eLearning Industry. Available at: https://elearningindustry.com/practical-ways-to-improve... (Accessed: 29 May 2024).

U Myo Htet Naing

B.Com (Hons), M.Com (YIE)