AI အစားထိုးလာနိုင်တဲ့ အလုပ်အကိုင်များ

Artificial Intelligence (AI) ဟာ အနာဂတ်မှာ ပိုထွန်းကားလာမယ်လို့ပြောဆိုတာထက် စက်မှုလုပ်ငန်းတွေကို အသွင်ပြောင်းပြီး အရှိန်အဟုန်နဲ့ ပုံဖော်ပေးနေတဲ့ လက်တွေ့လုပ်ဆောင်မှုပုံစံလို့ ပိုပြောလို့ရပါတယ်။ AI ဟာ တကယ်ကိုထိရောက်ပြီး ကုန်ထုတ်စွမ်းအားဆိုင်ရာ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပေမယ့်လည်း AI ကပဲ တချို့အလုပ်အမျိုးအစားတွေကို အစားထိုးလာနိုင်တဲ့ သိသိသာသာ ခြိမ်းခြောက်မှုတစ်ခုလည်း ရှိနေပြန်ပါတယ်။ AI အစားထိုးလာနိုင်တဲ့ အလုပ်တချို့ကို ဖော်ပြပါမယ်။

ဒေတာထည့်သွင်းခြင်းနဲ့ စီမံခန့်ခွဲရေးတာဝန်များ

AI ပထမဆုံးအစားထိုးလာနိုင်တဲ့ အလုပ်အမျိုးအစားတစ်ခုက ဒေတာထည့်သွင်းခြင်းနဲ့ စီမံခန့်ခွဲရေးတာဝန်တွေ ဖြစ်ပါတယ်။ AI ဟာ များပြားလှတဲ့ ဒေတာပမာဏတွေကို လျင်မြန်တိကျစွာနဲ့ စီမံဆောင်ရွက်ပေးရာမှာ ထူးချွန်ပြီး ဒေတာဝင်ရောက်မှု၊ စာရွက်စာတမ်းစကင်န်ဖတ်ခြင်းနဲ့ အချက် အလက်တွေခွဲထုတ်ရာမှာ အလွန်ကိုကောင်းမွန်ထိရောက်ပါတယ်။ ဒီလိုအခြေခံဒေတာတွေကို ထပ်တလဲလဲလုပ်ဆောင်ရတဲ့အခါ Intelligent စနစ်တွေဟာ လူသားတွေထက် ဒေတာတွေကို ထည့်သွင်းခြင်း၊ စုစည်းခြင်းနဲ့ စီမံခန့်ခွဲခြင်းတို့ကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ပြီး ဝန်ထမ်းတွေအတွက် အမှားအယွင်းတွေကို လျှော့ချနိုင်တာကြောင့် တခြားပိုမိုရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေကို အာရုံစိုက်ဖို့ ဝန်ထမ်းတွေအတွက် အချိန်ပိုရနိုင်ပါတယ်။

ဧည့်ဝန်ဆောင်မှုကဏ္ဍ

Customer ဝန်ဆောင်မှုကဏ္ဍကလည်း AI ဖြစ်တဲ့ chatbots နဲ့ virtual assistant တွေကြောင့် ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်နေပါတယ်။ ဒီနည်းပညာတွေဟာ ဖောက်သည်တွေရဲ့ စုံစမ်းမေးမြန်း မှုတွေ၊ ကြိုတင်စာရင်းသွင်းမှုတွေနဲ့ ဖြေရှင်းလွယ်ပြဿနာတချို့ကို ကူညီဖြေရှင်းထောက်ပံ့ပေးနိုင်ပြီး ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုနဲ့ ချက်ချင်းမြန်ဆန်တဲ့ တုံ့ပြန်မှုတွေကို ပံ့ပိုးပေးနိုင်ပါတယ်။ လူသားချင်း စာနာမှုတွေ၊ ရှုပ်ထွေးတဲ့ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်တွေက အရေးကြီးပြီး တန်ဖိုးရှိတဲ့အတွက် AI အစားထိုးမှုနည်းပေမယ့် အခြေခံဖောက်သည်ဝန်ဆောင်မှု အခန်းကဏ္ဍများစွာမှာတော့ AI ရဲ့ အစားထိုးမှု အန္တရာယ်ရှိပါတယ်။ AI ဟာ များပြားလှတဲ့မေးခွန်းတွေကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ပြီး စိတ်ကြိုက်အကူအညီပေးကာ မေးမြန်းချက်နဲ့တိုင်ကြားချက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ် ဆိုတော့ Customer service မှာ service team တွေရဲ့အမှားတွေ လိုအပ်ချက်တွေကို လျှော့ချပေးနိုင်ပါတယ်။

ကုန်ထုတ်လုပ်မှုနဲ့ ပစ္စည်းတပ်ဆင်ရေးကဏ္ဍ

ထုတ်လုပ်မှုကဏ္ဍမှာ AI နဲ့ စက်ရုပ်တွေဟာ ထပ်ခါတလဲလဲလုပ်ရတဲ့ ရုပ်ပိုင်းဆိုင်ရာအလုပ်တွေအတွက် မရှိမဖြစ် ဖြစ်လာပါတယ်။ AI တပ်ဆင်ထားတဲ့ စက်ရုပ်တွေဟာ ထုတ်ကုန်ပစ္စည်းတပ်ဆင်ခြင်း၊ ဂဟေဆော်ခြင်း၊ ထုပ်ပိုးခြင်း စတဲ့အလုပ်တွေကို လူသားများထက် ပိုမိုတိကျပြီး ထိရောက်မှု ကောင်းကောင်းနဲ့ လုပ်ဆောင်နိုင်ကြပါတယ်။ အထူးသဖြင့် ဒီလိုစနစ်တွေဟာ ပမာဏမြင့်မားတဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေမှာ အကျိုးဖြစ်ထွန်းစေတဲ့အပြင် AI သုံးစက်ရုပ်တွေဟာ အနားယူချိန်မရှိဘဲ မမောမပန်းလုပ်ဆောင်နိုင်ပြီး လုပ်ငန်းကုန်ကျစရိတ်တွေကိုလျှော့ချကာ ကုန်ထုတ်စွမ်းအားကို တိုးမြှင့်နိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ ထုတ်လုပ်မှုနဲ့ ပစ္စည်းတပ်ဆင်ရေးအလုပ်များစွာကို အလိုအလျောက်စနစ်များဖြင့် အစားထိုးလာနိုင်ပါတယ်။

လက်လီငွေပေးချေမှုများ (လက်လီငွေရှင်းကောင်တာများ)

လက်လီငွေပေးချေမှုနေရာတွေကလည်း AI သိသိသာသာ အစားထိုးလာနိုင်တဲ့ နေရာတွေပါပဲ။ အလိုအလျောက်ငွေရှင်းခြင်းတွေနဲ့ ကိုယ်တိုင်လုပ်ဆောင်ရတဲ့ self-service လို kiosks တွေဟာ စူပါမားကတ်နဲ့ လက်လီစတိုးဆိုင်များမှာ ပိုအသုံးများလာတာကိုတွေ့နေကြရပြီး ငွေကြေးကိုင်ဆောင် သုံးစွဲသူတွေအတွက် မလိုလားအပ်တဲ့ ပြဿနာတွေကို လျော့ကျစေပါတယ်။ ဒီလို AI စနစ်များဟာ ငွေပေးငွေယူကိစ္စတွေကို အမှီအခိုကင်းကင်းနဲ့ ကိုင်တွယ်လုပ်ဆောင်နိုင်စေပါတယ်။ ဝယ်သူတွေ အတွက် ကုန်ပစ္စည်းစာရင်းကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ပြီး စိတ်ကြိုက်ဈေးဝယ်ခြင်း အတွေ့အကြုံ တွေကို ပေးဆောင်နိုင်ပါတယ်။

အခြေခံအချက်အလက်သရုပ်ခွဲအခန်းကဏ္ဍများ

ဘဏ္ဍာရေးဆိုင်ရာအချက်အလက်တွေ ဖော်ပြရတဲ့အခါ လုပ်ငန်းရဲ့ အစီရင်ခံစာထုတ်ရသလို အခြေခံခွဲခြမ်း စိတ်ဖြာရတဲ့အလုပ်တွေကလည်း အလိုအလျောက်စနစ်ဆီကို ဦးတည်နေပါတယ်။ AI စနစ်များဟာ ကြီးမားတဲ့ဒေတာအတွဲတွေကို စီမံဆောင်ရွက်နိုင်ကာ လက်ရှိခေတ်ရေစီးကြောင်းတွေကို ခွဲခြားသတ်မှတ်နိုင်ပြီး လူသားများထက် ပိုမိုမြန်ဆန်တိကျမှုနဲ့ အစီရင်ခံစာတွေကို ထုတ်ပေးနိုင်ပါတယ်။ ဒီ AI စွမ်းရည်တွေဟာ ဘဏ္ဍာရေးအနှစ်ချုပ်များ၊ စျေးကွက်အစီရင်ခံစာများ ဒါမှမဟုတ် စွမ်းဆောင်ရည် အချက်အလက်မက်ထရစ်များ ထုတ်ပေးခြင်းတို့လို ပုံမှန်ဒေတာခွဲခြမ်းစိတ်ဖြာမှု ပါ၀င်တဲ့ လုပ်ငန်းများ အတွက် အထူးအသုံးဝင်ပါတယ်။ AI ဆက်လက်တိုးတက်လာတာနဲ့အမျှ၊ အခြေခံအချက်အလက် ခွဲခြမ်းစိတ်ဖြာမှု အခန်းကဏ္ဍများဟာလည်း အလိုအလျောက် လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။

Entry-Level ဂရပ်ဖစ်ဒီဇိုင်း

ဂရပ်ဖစ်ဒီဇိုင်းနယ်ပယ်ဟာလည်း AI ကို မတော်လှန်နိုင်သလို အစားထိုးလာမှာကိုလည်း ခုခံနိုင်စွမ်း မရှိပါဘူး။ AI ကိရိယာတွေဟာ တစ်ချိန်က လူသားဒီဇိုင်နာတွေပဲလုပ်ရတဲ့ ရိုးရိုးရှင်းရှင်း ဂရပ်ဖစ်ဒီဇိုင်း အလုပ်တွေကို ကောင်းကောင်းလုပ်ပေးနိုင်ပါတယ်။ AI tool တွေဟာ လိုဂိုတွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ ဝဘ်ဆိုဒ်အပြင်အဆင်တွေကို ဖန်တီးနိုင်ပြီး စီးပွားရေးလုပ်ငန်းတွေအတွက် မြန်ဆန်ပြီး ကုန်ကျစရိတ် သက်သာအောင် ဖြေရှင်းနည်း၊ လုပ်ဆောင်နည်းတွေကို ပံ့ပိုးပေးနိုင်ပါတယ်။ AI မှထုတ်လုပ်ထားတဲ့ ဒီဇိုင်းတွေဟာ လူသားဒီဇိုင်နာတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ထူးခြားမှုတွေကို မမီနိုင်ရင်တောင် အခြေခံဒီဇိုင်း လိုအပ်ချက်များစွာအတွက်ကတော့ လုံလောက်နေတာကြောင့် အခြေခံ ဂရပ်ဖစ်ဒီဇိုင်း အလုပ်ဟာ AI အစားထိုးလာနိုင်တဲ့ နယ်ပယ်တစ်ခုပါ။

ဘာသာပြန်ခြင်း

ဘာသာပြန်ခြင်းဝန်ဆောင်မှုများဟာလည်း ပိုမိုခေတ်စားလာတာနဲ့အမျှ AI ရဲ့ သိသိသာသာ အကျိုး သက်ရောက်မှု ရှိလာပါတယ်။ AI ဘာသာပြန်များဟာ ဘာသာစကားမျိုးစုံကို ကိုင်တွယ်နိုင်ပြီး အချိန်နဲ့ တစ်ပြေးညီ ဘာသာပြန်ခြင်းဝန်ဆောင်မှုတွေကို ပေးဆောင်နိုင်ပြီး ဒီလို AI ဝန်ဆောင်မှုဟာ လူသားဘာသာပြန်များအတွက် ကုန်ကျစရိတ်သက်သာတဲ့ အစားထိုးရွေးချယ်မှုတစ်ခု ဖြစ်လာစေ ပါတယ်။ ဘာသာစကားနဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာတွေကို ချောချောမွေ့မွေ့ နားလည် သဘောပေါက်ရန်မှာ လူသားဘာသာပြန်တွေ လိုအပ်နေသေးပေမယ့်လည်း ရိုးရှင်းတဲ့ စာသားဘာသာ ပြန်ခြင်းဆိုင်ရာကိစ္စတွေကိုတော့ အလိုအလျောက် AI ဘာသာပြန်နဲ့ အစားထိုးလုပ်ဆောင်လို့ ရပါတယ်။

ဓာတ်ပုံပညာ

ဓာတ်ပုံပညာနယ်ပယ်မှာလည်း AI အစားထိုးလုပ်ဆောင်ပြီး အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတဲ့ နောက်ထပ်နယ်ပယ်တစ်ခုဖြစ်ပါတယ်။ အခြေခံဓာတ်ပုံလုပ်ငန်းတာဝန်တချို့ကို မျိုးဆက်သစ် AI နည်းပညာနဲ့ အလိုအလျောက်လုပ်ဆောင်နိုင်နေပါပြီ။ အလင်းရောင်၊ ဘောင်သွင်းခြင်းနဲ့ တည်းဖြတ်ခြင်း တို့ကိုပင် ချိန်ညှိနိုင်ပြီး လူသားဝင်ရောက်စွက်ဖက်မှု အနည်းဆုံးနဲ့ အရည်အသွေးမြင့်ရုပ်ပုံတွေကို ထုတ်လုပ်နိုင်နေပါတယ်။ ရှုပ်ထွေးပြီး တီထွင်ဖန်တီးမှုရှိတဲ့ ဓာတ်ပုံပညာမှာ လူသားတွေရဲ့စွမ်းရည်နဲ့ ကိုယ်တိုင်လုပ်မှရတယ်ဆိုပေမယ့်လည်း တချို့အခြေခံဓာတ်ပုံပညာမှာတော့ AI က ပိုမိုထိရောက်အောင်လုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။

အထက်မှာ ဆွေးနွေးခဲ့တဲ့အကြောင်းရာနယ်ပယ်တွေဟာ AI ဆက်လက်တိုးတက်နေတဲ့အတွက် အလုပ်အကိုင်ဈေးကွက်မှာ သိသာထင်ရှားတဲ့အပြောင်းအလဲတွေဖြစ်နိုင်ကြောင်းကို ညွှန်ပြနေတာ ဖြစ်ပါတယ်။ AI ဟာ တချို့အလုပ်နေရာတွေမှာ အစားထိုးလုပ်ဆောင်နိုင်ရုံမက ရှုပ်ထွေးတဲ့ ဆုံးဖြတ်ချက်ချခြင်း၊ စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်ဉာဏ်သွေးနဲ့ တီထွင်ဖန်တီးမှုစွမ်းရည်များကိုလည်း လူသားတွေအတွက် အခွင့်လမ်းတစ်ခုအသစ်တွေ၊ အကြံဉာဏ်အသစ်တွေကိုလည်း ဖွင့်ပေးနိုင်ပါတယ်။ ဒီလိုလမ်းကြောင်းတွေကို နားလည်ခြင်းဟာ နောင်အနာဂတ်မှာ လုပ်သားအင်အားပြင်ဆင်မှုတွေမှာ အရေးပါလာမှာဖြစ်ပါတယ်။

Reference:

Marr, B., 2024. What Jobs Will AI Replace First?. [Online]

Available at: https://www.forbes.com/.../what-jobs-will-ai-replace-first/

[Accessed 28 July 2024].

U Zin Lwin Thant

B.Act, M.Act (MUE)