"ဝင်ငွေတိုးစေဖို့"

ဝင်ငွေဆိုတာ အလုပ်လုပ်နေသူတွေအတွက် အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဝင်ငွေဆိုတာ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့၊ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို အားဖြည့်ပေးတဲ့ အားဆေးတစ်ခွက်ပါပဲ။ လူတစ်ယောက်က သူရဲ့ဝင်ငွေပေါ်မှာမူတည်ပြီးတော့လည်း ယုံကြည်မှုတွေ ပိုရှိလာနိုင်ပါတယ်။ အောင်မြင်တဲ့သူတွေ ပိုပိုအောင်မြင်လာကြတာတွေ၊ ချမ်းသာတဲ့သူတွေ ပိုပိုချမ်းသာလာရတာလည်း ဒီအချက်တွေကြောင့်ပါပဲ။ လူဟာ ကိုယ်လုပ်နိုင်တဲ့အရာတစ်ခုကို အောင်အောင်မြင်မြင်လုပ်ပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ယုံကြည်မှုက ပိုတိုး လာပါတယ်။ ကျွန်တော်တို့က ဝင်ငွေတိုးတက်လာတာကြောင့် မိမိကိုယ်ကိုယ် ပိုပြီးယုံကြည်မှုရှိလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့က ဝင်ငွေတိုးစေဖို့လည်း လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကိုလည်း လုပ်ဆောင်တတ်ဖို့ လိုပါသေးတယ်။

(၁) သင့်ဝါသနာကို စီးပွားရေးအဖြစ်ပြောင်းပါ။

ကျွန်တော်တို့တွေက ကျွန်တော်တို့ဝါသနာပါတာကို လုပ်နေရရင် ပျော်ရွှင်နေတတ်တယ်။ မမောတမ်း၊ မနားတမ်း လုပ်ဆောင်နေကြတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ မမောတမ်းလုပ်နေနိုင်တဲ့အရာတစ်ခုကို သေချာအာရုံစိုက်ပြီး လုပ်သင့်ပါတယ်။ ဒါဆိုရင် သင်က တစ်ချိန်ချိန်မှာ သင့်ဝါသနာကြောင့် ပျော်ရွှင်စရာကောင်းတဲ့စီးပွားရေးအလုပ်တစ်ခုကို လုပ်လာနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့တွေက ဝါသနာကို အစဉ်အမြဲလုပ်နေရင်းက ဝါသနာရှင်ကနေတစ်ဆင့် ပညာရှင် အဆင့်ကို ရောက်လာနိုင်ပါတယ်။ ဥပမာ သင်က စာရေးတာ၊ စာဖတ်တာ ဝါသနာပါလို့ စာရေးတာ၊ စာဖတ်တာအမြဲ လုပ်နေမယ်ဆိုရင် တစ်ချိန်ချိန်မှာ စာရေးဆရာဖြစ်လာဖို့ ရာခိုင်နှုန်းများပါတယ်။ သင်က ဂစ်တာတီးတာမျိုးလုပ်နေမယ်ဆိုရင်၊ ဂီတကို ဝါသနာပါလို့ အမြဲတမ်းလေ့လာနေမယ်ဆိုရင် ဂီတနဲ့ပတ်သက်တဲ့လုပ်ငန်းတစ်ခုကို ဦးဆောင်လာနိုင်မှာ အသေအချာပါပဲ။

ကျွန်တော်တို့လောကကြီးရဲ့ သဘာဝမှာ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ၊ စိတ်ကူးတွေ ဘယ်လောက်ကြီး သလဲဆိုတာက အရေးမကြီးပါဘူး။ ကျွန်တော်တို့ ဘယ်လိုလုပ်ဆောင်နေသလဲဆိုတာကသာ အရေးကြီးပါတယ်။ သင်က မုန့်ဟင်းခါးရောင်းပြီး ချမ်းသာလာတဲ့သူမျိုုးကို တွေ့ဖူးလား။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ သေးသေးမွှားမွှား အလုပ်လေးတွေကိုလုပ်ရင်း ချမ်းသာလာကြသူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ရဲ့ဝင်ငွေတွေက လုပ်ငန်းအကြီးကြီးကို စဉ်းစားပြီးမှ လုပ်ဆောင်လို့ရတာ မဟုတ်ပါဘူး။ သူများမလုပ်တဲ့အလုပ် တစ်နည်းအားဖြင့် ဈေးကွက်ရဲ့လိုအပ်ချက်ကို သိပြီး အလုပ်လုပ်နိုင်ရင်လည်း ဝင်ငွေက တိုးလာနိုင်ပါတယ်။

(၂) သင်သိတာတွေကို တခြားသူတွေကို သင်ပေးပါ။

သင်သိတာတွေကို တခြားသူတွေကို သင်ပေးပါ။ သင်က ဂစ်တာတီးတာပဲဖြစ်ဖြစ်၊ အင်္ဂလိပ်စာ သင်ပေးတာပဲဖြစ်ဖြစ် သင်သိထားတာတွေကို မျှဝေတင်ပြတာမျိုး လုပ်သင့်ပါတယ်။ သင်သိထားတာတွေကို သင်ပေးခြင်းက သင့်ပညာတွေကို ပိုမိုထက်မြက်လာစေမှာပါ။ သင့်အတွေ့အကြုံနုနယ်သေးတဲ့အချိန်မှာ အဲဒီလိုလုပ်ဆောင်ခြင်းက သင်တကယ် လုပ်ငန်းခွင် ဝင်တဲ့အခါ ပိုအဆင်ပြေနိုင်ပါတယ်။ ဒါမှမဟုတ် အဲ့ဒီအလုပ်ကလည်း သင့်ရဲ့အဓိကဝင်ငွေလမ်းကြောင်းဖြစ်လာနိုင်ပါတယ်။ အွန်လိုင်းပေါ်မှာ တခြားသူတွေကို မျှဝေပေးခြင်းကနေ အချိန်ကြာလာတဲ့အခါ အဓိက ဝင်ငွေလမ်းကြောင်း အထိဖြစ်သွားတာကို သင်မြင်ဖူးမှာပါ။ နောက်တစ်ခုက ယခုလိုခေတ်ကြီးထဲမှာ အွန်လိုင်းမားကတ်တင်းမျိုးစုံနဲ့ လူတွေကို ဝယ်ချင်အောင် ရောင်းနေကြတာ မျိုးကို သင်မြင်ဖူးမှာပါ။ သင်သိထားရမှာက ဖောက်သည်တိုင်းက ဝယ်ချင်နေတဲ့သူတွေ မဟုတ်ပါဘူး။ အရောင်းတွေချည်းပဲ များနေတဲ့ခေတ်ကြီးမှာ သင်က ရောင်းတာထက် မျှဝေပေးတာမျိုးလုပ်ကြည့်ပါ။ သင့်ကိုလူတွေက သဘောကျလာတဲ့အခါ သင်ကမရောင်းရင်တောင် သင့်လုပ်အားတွေ၊ သင့်ပညာတွေကို အတင်းလိုက်ဝယ်နေကြမှာပါ။ Jonn C.Max Well ရဲ့ Attitude 101 ဆိုတဲ့စာအုပ်မှာ “People don’t care how much you know until they know how much you care.” လို့ ရေးထားတာကို ဖတ်ဖူးပါတယ်။ “လူတွေက သင် သူတို့ကို ဘယ်လောက်အထိ ဂရုစိုက်ကြောင်း မသိမချင်း သင့်ကို အဖက်လုပ်မှာ မဟုတ်ပါဘူး” ။ ဒါကြောင့် သင်သိတာတွေကို အွန်လိုင်းပေါ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် မျှဝေပေးခြင်းကနေ တစ်ချိန်ချိန်မှာ သင့်ဝင်ငွေလမ်းကြောင်းတစ်ခုပေါ်လာနိုင်ပါတယ်။

(၃) သင့်အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် အချိန်တွေကို ရင်းနှီးမြှုပ်နှံပါ။

ယနေ့ခေတ်အခါမှာ အရှားပါးဆုံးက အချိန်ဖြစ်သလို၊ တန်ဖိုးအကြီးဆုံးကလည်း အချိန်ဖြစ်လာပါတယ်။ သင့်မှာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုရှိလာပြီဆိုရင် အဲဒီအခြေအနေမှာတင်ရပ်မနေဘဲ သင်လေ့လာသင့်တာကို ဆက်လေ့လာပါ။ သင်ဖြည့်သင့်တဲ့ ကျွမ်းကျင်မှုတွေကို ထပ်ဖြည့်ပါ။ Nokia ကျဆုံးတာ ဘာအမှားလုပ်လို့မှ မဟုတ်ဘူး။ ခေတ်ကို အမီမလိုက်နိုင်တော့တာကြောင့် ဖြစ်ပါတယ်။ သင်ကလည်း သင့်အသက်မွေးဝမ်းကြောင်းတစ်ခုကို အမိအရ ဆုပ်ကိုင်မိပြီဆိုတာနဲ့ လေ့လာသင့်တဲ့အကြောင်းအရာအသစ်တွေကို ဆက်လက်လေ့လာထားပါ။ ဒါက သင့်အရည်အချင်းကို ပိုကောင်းလာစေတဲ့အပြင် လုပ်ငန်းခွင်မှာလည်း ကိုယ်က ပိုပြီးထင်ပေါ်လာပါလိမ့်မယ်။ သင်က တခြားသူတွေထက် ပိုပြီး တော်လာတဲ့အခါ သင့်ဝင်ငွေက ပိုတိုးလာမှာ အသေအချာပါပဲ။

(၄) အချိန်ပိုင်းအလုပ်တွေလုပ်ပါ။

အချိန်ပိုင်းအလုပ်တွေကလည်း သင့်ဝင်ငွေတိုးစေဖို့ တစ်ဖက်တစ်လမ်းက လုပ်သင့်တဲ့အရာတစ်ခုပါပဲ။ အချိန်ပိုင်းအလုပ်တွေက စိတ်ဖိစီးမှုမများစေသလို၊ ပေါ့ပေါ့ပါးပါးလည်း ဖြစ်စေမှာပါ။ ပေါ့ပေါ့ပါးပါးဖြစ်မယ့်အလုပ်မျိုးကိုလည်း ရွေးချယ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ သင်က အဓိကငွေဝင်တဲ့အလုပ်ကိုလည်း လုပ်နေလို့ဖြစ်ပါတယ်။ သင့်က အပိုဝင်ငွေလေးရှာချင်လို့သာ အချိန်ပိုင်းအလုပ်ကို လုပ်တယ်ဆိုရင် ပေါ့ပေါ့ပါးပါးသာ လုပ်သင့်ပါတယ်။ ဒါက သင့်ရဲ့ကိုယ်၊ စိတ်၊ နှလုံးသုံးပါးလုံးရဲ့ ကျန်းမာရေးကို မထိခိုက်စေဖို့ လိုအပ်ပါတယ်။ ဘယ်အလုပ်မျိုးမဆို သင့်အတွက် ရေရှည် အဆင်ပြေမယ့်ပုံစံသာဖြစ်သင့်ပါတယ်။ ဒါကြောင့် အချိန်ပိုင်းအလုပ်တွေကို ပေါ့ပေါ့ပါးပါးလုပ်ပြီး အပိုဝင်ငွေရှာပါ။

(၅) အွန်လိုင်းစီးပွားရေးတွေကို လေ့လာပါ။

ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အချိန်တော်တော်များများကို အွန်လိုင်းမှာ အချိန်ကုန်တတ်ကြပါတယ်။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာ စီးပွားရေးလုပ်ကိုင်တတ်တဲ့သူတွေကတော့ အွန်လိုင်းသုံးနေရင်းနဲ့ ငွေဝင်လမ်းကြောင်းလေးတွေ ရနေကြ ပါတယ်။ တချို့ကလည်း ကိုယ်ဝါသနာပါတဲ့အရာလေးတွေကို ဗွီဒီယိုမှတ်တမ်းတင်ရိုက်ကူးရင်းနဲ့ Facebook ပေါ်မှာပဲဖြစ်ဖြစ်၊ YouTube channel ပေါ်မှာပဲဖြစ်ဖြစ်တင်ရင်းနဲ့ လုပ်ငန်းလေးတွေ စတင်ကြပါတယ်။ တချို့လည်း အွန်လိုင်းပေါ်မှာ အရောင်းပိုစ့်လေးတွေတင်ရင်းနဲ့ ဈေးဝယ်သူကို မိတ်ဆက်ပေးပါတယ်။ ဈေးဝယ်သူက ပစ္စည်းမှာတဲ့အခါ ဆိုင်ကသွားဝယ်ပြီး ပို့ပေးတဲ့ဝန်ဆောင်မှုလေးတွေကို စတင်လုပ်ဆောင်ကြပါတယ်။ ဒါ့အပြင် နောက်ထပ်အွန်လိုင်းပေါ်မှာလုပ်လို့ရနိုင်တဲ့ အလုပ်များစွာ ရှိပါသေးတယ်။

(၆) အချိတ်အဆက်ကောင်းရှာဖွေပါ။

နောက်ဆုံးတစ်ခုကို တင်ပြရရင်တော့ အချိတ်အဆက်ကောင်းရှိသင့်တဲ့အကြောင်းလေးကို ဆွေးနွေးချင်ပါတယ်။ သင်က အဓိကဝင်ငွေလမ်းကြောင်းရတဲ့အလုပ်ကို လုပ်နေရင်း အချိတ်အဆက်ကောင်းတွေရယူသင့်ပါတယ်။ အတွေ့အကြုံ ကောင်းတွေရယူပါ။ အလုပ်မှာလည်း တာဝန်ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုရင် လူကောင်းတွေ၊ သူဌေးတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရပါလိမ့်မယ်။ ပြီးတော့ ဝန်ထမ်းကောင်းဖြစ်တဲ့သူက ခေါင်းဆောင်ကောင်းလည်း ဖြစ်လာနိုင်ပါတယ်။ သင်က သင့်အလုပ်မှာ မခိုမကပ်ဘဲသင်လုပ်သင့်လုပ်ထိုက်တာ၊ သင်လုပ်နိုင်တာတွေကို လုပ်ပေးခြင်းဖြင့် သင့်မှာ အတွေ့အကြုံ ကောင်းတွေရလာနိုင်သလို၊ မိတ်ဆွေကောင်းတွေလည်း ရလာနိုင်ပါတယ်။ အဲဒီကနေတစ်ဆင့် သင့်အချိတ်အဆက်ကောင်း တွေနဲ့ သင့်ရဲ့ဝင်ငွေလမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။

ကဲဒါဆိုရင်တော့ အပိုဝင်ငွေရှာနိုင်ဖို့အတွက် လမ်းစကို စဉ်းစားနိုင်ပြီလို့ ယုံကြည်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဝင်ငွေတိုးဖို့ဆိုပြီး ဘယ်အလုပ်တွေလုပ်ပါလို့ တိုက်ရိုက်မရေးတော့ဘဲ အဓိက အရေးကြီးဆုံးဖြစ်တဲ့ ကိုယ့်ကိုယ်ကိုဖြည့်ရမယ့် အရည်အချင်းကိုသာ ဦးစားပေးတင်ပြထားပါတယ်။ အရည်အချင်းက ကိုယ်ကိုယ်တိုင်ကျင့်ကြံယူရတဲ့ အတွင်းဘက်ကနေ လာပါတယ်။ အလုပ်တွေက အပြင်ကလာပါတယ်။ သင့်ရဲ့အတွင်းဘက်က အရည်အချင်းတွေဟာ များစွာအားကြီးနေမယ် ဆိုရင် အပြင်ကလာတဲ့အလုပ်တွေကို အနိုင်ယူပြီး သင့်ဝင်ငွေက ဆတက်ထမ်းပိုးတိုးတက်လာမှာ အသေအချာပါပဲ။

U Aung Thu

B.Com, M.Com (Mtl Eco)

PG Dip in Research Studies (Myw Eco)