Circular Fashion မှာ Tulerie (Peer-to-Peer Rental) Platform ရဲ့ အခန်းကဏ္ဍ

ရင်းနှီးတဲ့သူငယ်ချင်းဆီကနေ အဝတ်အစားငှားဝတ်တာကို သင်သာဆိုရင် ဘယ်လိုမြင်လဲ? သူစိမ်းတစ်ယောက်ယောက်ဆီကနေငှားရင်ရော လက်ခံနိုင်လား? Peer to Peer Rental ဆိုတာ အဲ့ဒီသဘောပါပဲ။ တကယ်လို့ တစ်ယောက်ယောက်ဝတ်ထားတဲ့အဝတ်တွေကိုဝတ်ဖို့အတွက် လက်မခံချင်ဖြစ်နေတယ်ဆိုရင် ဟိုတယ်တွေလည်း တခြားသူတွေ အသုံးပြုခဲ့တဲ့အိပ်ရာခင်းတွေကို လျှော်ဖွတ်သန့်စင်ပြီး နောက်လူက ဆက်သုံး ကြတာပဲမဟုတ်လား။ အဝတ်အစားတွေမှာလည်း ဘာကွာခြားမှုမှမရှိပါဘူးလို့ Tulerie ရဲ့ CEO, Violet Gross က ပြောခဲ့ပါတယ်။

နယူးယောက်မြို့အခြေစိုက်ဖြစ်တဲ့ Tulerie Platform က ၂၀၁၈ ခုနှစ်မှာ စပြီးအကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းနဲ့ညီတဲ့အဝတ်အစားတွေကို အလွန်အကျွံဝယ်ယူခြင်း၊ အလွယ်တကူ စွန့်ပစ်ခြင်းက သဘာဝပတ်ဝန်းကျင်အပေါ် ခေတ်ရေစီးကြောင်းနဲ့အညီ အဝတ်အစားအသစ်တွေ ထုတ်လုပ်ရောင်းချနေခြင်းက သုံးစွဲသူတွေအပေါ် ကောင်းကောင်းဆွဲဆောင်နိုင်ပြီး ဝယ်ယူထားပြီးသား အဝတ်အစားတွေကို အသစ်တွေနဲ့ ခပ်မြန်မြန်အစားထိုးလာကြပါတယ်။ ဒါပေမဲ့ အဝတ်အစားထုတ်လုပ်ခြင်း၊ စွန့်ပစ်ခြင်းတို့ကြောင့် ပတ်ဝန်းကျင်က ပေးဆပ်နေရတဲ့အဖိုးအခကို ထည့်တွက်ဖို့ မေ့လျော့နေလို့မရပါဘူး။

အဝတ်အစားတစ်ခုခုဝယ်တော့မယ်ဆိုရင် အကြိမ်ရေ (၃၀) အထိ ဝတ်ဖြစ်မယ်ဆိုမှ ဝယ်ယူသင့်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေက ဆိုကြပါတယ်။ အရည်အသွေးကောင်းတဲ့ အဝတ်အထည် တွေဆိုရင် အကြိမ်ရေရာနဲ့ချီပြီးဝတ်လို့ရပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေက ဈေးကြီးတဲ့ ဒီဇိုင်နာထုတ် အဝတ်အစားတွေကို ထပ်ခါထပ်ခါပြန်ပြီးမဝတ်ချင်ကြပါဘူး။ ဒီလိုနဲ့ အဝတ်အစားအကောင်းကြီးတွေရဲ့ ကျန်နေတဲ့သက်တမ်းက အဝတ်ဗီဒိုထဲမှာပဲ ကုန်ဆုံးသွားပါတော့တယ်။ Tulerie မှာဆိုရင် ဝတ်ဆင်မှုအရေအတွက် (အကြိမ်ရေ) ကို တခြားသောသူတွေနဲ့ မျှဝေလို့ရသလို ကိုယ်ဝတ်ချင်တဲ့ ဒီဇိုင်းကိုလည်း ဝယ်စရာမလိုတော့ဘဲ ငှားဝတ်လို့ရပါတယ်။ လူတွေရဲ့ “အသစ်”ဆိုတဲ့လိုလားချက်ကို နားလည်ပေမယ့် ဒီနေရာမှာ “အသစ်” ဆိုတာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အနည်းငယ်အပြောင်းအလဲလုပ်ရမှာ ဖြစ်ပါတယ်။ Tulerie မှာတော့ “အသစ်” ဆိုတာ Tag တွေပါရှိခြင်းကို ခေါ်တာမဟုတ်ဘဲ “သင့်အတွက်အသစ်” ကို ဆိုလိုခြင်းသာဖြစ်ပါတယ်။

Peer to Peer Rental လုပ်ခြင်းက ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်မှာဖြစ်သလို လူတိုင်းဝယ်မဝတ်နိုင်တဲ့ ဒီဇိုင်နာထုတ် အဝတ်အစားတွေ၊ အသုံးအဆောင်တွေကို ဈေးကြီးပေးစရာမလိုဘဲ ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။ Tulerie က ရေရှည်တည်တံ့မှုနဲ့ မျှဝေခြင်းဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ဖက်ရှင်ကိုစွဲလန်းတဲ့ စိတ်တူကိုယ်တူ အမျိုးသမီးတွေပါဝင်ကာ သဘာဝပတ်ဝန်းကျင်နဲ့ ပိုက်ဆံအကုန်အကျများမှု နှစ်ခုလုံးအတွက် အထောက်အကူပြုစေပါတယ်။ Tulerie App ကို အသုံးပြုမယ်ဆိုရင် လိုအပ်တဲ့မေးခွန်းလေးတွေဖြေဆိုပေးပြီးတာနဲ့ အခမဲ့ဝင်ရောက် နိုင်ပါတယ်။ တခြား App တွေလိုမျိုး Download လုပ်ပြီးတာနဲ့ အသုံးပြုလို့ရတာမျိုးမဟုတ်ဘဲ လက်ရှိ အသုံးပြုနေတဲ့ User တစ်ယောက်ယောက်ဆီကနေ Invitation ရမှသာ စတင်အသုံးပြုလို့ရမှာပါ။ ငှားပေးမယ့် သူရော၊ ငှားယူမယ့်သူအတွက်ပါ စိတ်ချလုံခြုံစေဖို့အတွက် Invitation Only ပုံစံပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ စတင်အသုံးပြုလို့ရတာနဲ့ ဓာတ်ပုံ၊ အသေးစိတ်ဖော်ပြချက်နဲ့ ဈေးနှုန်းတို့ကို App ပေါ်မှာ တင်လို့ရပါပြီ။ ပြီးရင် ဌားယူမယ့်သူဆီက Request ကိုစောင့်နေရုံပါပဲ။ Request ကိုလက်ခံ၊ လက်မခံ ဆုံးဖြတ်ပြီးတာနဲ့ ပို့ဆောင်မှု အချက်အလက်တံဆိပ်များကို Tulerie က လုပ်ပေးမှာဖြစ်ပါတယ်။ ပို့ဆောင်သူက Shipping Label ကပ်ပြီး စာတိုက်ဝန်ဆောင်မှုပုံးဆီကို ပို့ထားလိုက်ရုံပါပဲ။ ငှားမယ့်အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတို့အတွက် ဈေးနှုန်းသတ်မှတ်တဲ့အခါမှာ လျှော်ဖွတ်သန့်စင်ခြင်း၊ အခြောက်လျှော်ခြင်းတို့အတွက်ပါ ထည့်သွင်းတွက်ချက် ထားဖို့ လိုပါတယ်။ ငှားယူသူဆီကနေ ပြန်ရရှိလာတဲ့အခါ သေချာြပန်လည်သန့်စင်ပြီး နောက်ထပ်ငှားယူမှုကို လက်ခံဖို့အတွက် အဆင်သင့်လုပ်ထားလို့ရပါပြီ။ တကယ်လို့ ငှားပေးဖို့ရော၊ ကိုယ်တိုင်ဝတ်ဖို့ပါ မလုပ်ချင်တော့တဲ့ အဝတ်အစားတွေရှိခဲ့မယ်ဆိုရင် Tulerie App ကနေတစ်ဆင့် ရောင်းချလို့ရပါသေးတယ်။ ရောင်းချင်တာမဟုတ်ဘဲ လှူဒါန်းချင်တာဆို ပရဟိတအဖွဲ့ Rewear Able ကို Tulerie App ကနေ တိုက်ရိုက် လှူဒါန်းနိုင်ပါသေးတယ်။

ငှားယူသူတွေဘက်ကကြည့်မယ်ဆိုရင်လည်း ကောင်းကျိုးတွေအများကြီးရှိပါတယ်။ ဒီနေ့ခေတ်မှာ Trend တွေက အမြဲတမ်းပြောင်းလဲနေတာဖြစ်လို့ ခေတ်စားမှုအတိုင်းလိုက်ပြီး ဝယ်ယူနေဖို့က မလွယ်ကူပါဘူး။ Platform ပေါ်က Closet ပေါ်မှာရှာဖွေပြီး နှစ်သက်တဲ့အသုံးအဆောင်တွေကို သတ်မှတ်အခကြေးငွေပေးပြီး ငှားယူလို့ရပါတယ်။ အနှစ်သက်ဆုံး အဝတ်အစားနဲ့အသုံးအဆောင်ပစ္စည်းကိုရှာဖွေပြီးတာနဲ့ ငှားပေးမယ့်သူဆီကို Request တင်ရပါတယ်။ ငှားပေးမယ့်သူက Request ကိုလက်ခံသွားပြီဆိုတာနဲ့ အိမ်အရောက် ပို့ဆောင်ပေးမှာ ဖြစ်ပြီး ပို့ဆောင်မှုအခြေအနေကို App ကနေတစ်ဆင့် အချိန်နဲ့တစ်ပြေးညီကြည့်လို့ရပါတယ်။ အသုံးပြုပြီးလို့ ပိုင်ရှင်ဆီကို ပြန်ပို့တဲ့အခါမှာလည်း စာတိုက်ဝန်ဆောင်မှုကနေ Return Label ကပ်ပြီး ပို့ဆောင်နိုင်ပါတယ်။ အသုံးပြုပြီးတဲ့ အသုံးအဆောင်ပစ္စည်းနဲ့ အဝတ်အစားတွေကို သန့်ရှင်းရေးပြန်လုပ်ပေးဖို့မလိုပါဘူး။ ဒါပေမဲ့ အပျက်အစီးအတွက်တော့ ငှားယူသူဆီမှာ တာဝန်ရှိပါတယ်။

ဉရောပနိုင်ငံတွေမှာဆိုရင် ဗီဒိုထဲမှာ မဝတ်ဖြစ်ဘဲသိမ်းဆည်းထားတဲ့ အဝတ်အစားက (၄၀) ရာခိုင်နှုန်း လောက် ရှိတယ်လို့ သိရပါတယ်။ အဝတ်အစားတစ်ခု ဒါမှမဟုတ် အသုံးအဆောင်တစ်ခုခုကို ပထမဆုံးအကြိမ် ဝတ်ဆင်ရခြင်းရဲ့ စိတ်လှုပ်ရှားမှုခံစားချက်ကို အမျိုးသမီးတိုင်း နားလည်သဘောကျကြပေမယ့် ဝယ်ယူမှု တစ်ခုစီတိုင်းရဲ့ နောက်ကွယ်မှာ ညစ်ညမ်းမှု၊ ရင်းမြစ်ကုန်ဆုံးမှုနဲ့ စွန့်ပစ်အမှိုက်များတိုးပွားမှု အစရှိတဲ့ ထုတ်လုပ်မှုသံသရာကို ဦးတည်စေပါတယ်။ ဗီဒိုထဲမှာ သိမ်းထားတဲ့အဝတ်တွေကို တစ်ယောက်နဲ့တစ်ယောက် စနစ်တကျငှားပြီး ဝတ်ဆင်ခြင်းက နောက်ဆုံးပေါ်ဖက်ရှင်အမျိုးမျိုးကို ဝတ်ဆင်နိုင်ရုံသာမက စွန့်ပစ်ပစ္စည်းများကို လျှော့ချနိုင်ခြင်းနဲ့ ထုတ်လုပ်တဲ့အခါ အသုံးပြုရတဲ့ စွမ်းအင်ရင်းမြစ်တွေကိုပါ သက်သာစေခြင်း စတဲ့ အကျိုးကျေးဇူး တွေကို ရရှိစေမှာဖြစ်ပါတယ်။ ဒီဇိုင်နာထုတ်ပစ္စည်းတွေနဲ့ လက်လှမ်းမီဖို့အခွင့်အရေးနည်းတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ Tulerie နဲ့အလားတူ Platform တွေ ခေတ်စားလာဖို့ အလားအလာတွေရှိပါတယ်။

Source: Tulerie Website “https://tulerie.com/” မှအချက်အလက်များကို ကိုးကားထားခြင်းဖြစ်ပါတယ်။

Daw Theint Thinzar

BE (Civil-West Yangon Technological University)

M.Sc (Construction Project Mgt), Heriot-Watt University