"ဝန်ထမ်းတွေမှာ ရှိသင့်တဲ့လုပ်ငန်းခွင်စွမ်းရည်များ"

ဝန်ထမ်းကောင်းတို့ရဲ့ လုပ်ငန်းခွင်စွမ်းရည်မှာ ကောင်းမွန်စွာ ဆက်ဆံပြောဆိုနိုင်တဲ့စွမ်းရည်၊ ပူးပေါင်းဆောင်ရွက်ခြင်းစွမ်းရည်၊ ဝေဖန်ပိုင်းခြားဆင်ခြင်နိုင်တဲ့စွမ်းရည် စတဲ့အရာများ ပြည့်စုံရမှာဖြစ်ပါတယ်။ အဲ့ဒီအရည်အချင်းများကို “Soft Skills” လို့ခေါ်ပြီး Soft Skills ဆိုတာက လူတွေနဲ့ဘယ်လိုဆက်ဆံရမလဲဆိုတာ သိနားလည်ခြင်း၊ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ခြင်း၊ လူဝင်ဆံ့ခြင်း၊ စိတ်ခံစားချက်တွေကို ကောင်းကောင်းထိန်းချုပ်နိုင်ခြင်း စတဲ့အရည်အချင်းများ ပါဝင်ပါတယ်။ Soft Skills ဟာ ကျွမ်းကျင်မှု၊ တတ်ကျွမ်းတဲ့ ပညာရပ်တို့နဲ့ မတူပါဘူး။ နောက်တစ်ခုက လုပ်ငန်းခွင်နယ်ပယ်အားလုံး၊ အလုပ်အကိုင်အားလုံးအတွက် အသုံးဝင်ပါတယ်။ သင်ဟာ နည်းပညာနဲ့ပတ်သက်တဲ့နယ်ပယ်မှာဖြစ်ဖြစ်၊ ပညာရေးနယ်ပယ်မှာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်မှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပါစေ Soft Skills က အရေးပါ,ပါတယ်။

ဒါဆိုရင် လုပ်ငန်းခွင်စွမ်းရည်ထဲမှာ ဘာတွေပါဝင်လဲဆိုတော့

ဆက်သွယ်ပြောဆိုနိုင်ခြင်း - အတွေးအမြင်များကို ပြတ်ပြတ်သားသား ဖော်ပြနိုင်ခြင်း၊ တက်ကြွစွာ နားထောင်ပေးခြင်းနဲ့ Information များကို နှုတ်နဲ့ဖြစ်ဖြစ်၊ ရေးသားပြီးပဲဖြစ်ဖြစ် ထိရောက်စွာပေးပို့နိုင်ခြင်းတို့ ပါဝင်ပါတယ်။

အသင်းအဖွဲ့လိုက် လုပ်ဆောင်နိုင်ခြင်း - တူညီတဲ့ရည်မှန်းချက်ဆီကို အရောက်သွားနိုင်ဖို့ အဖွဲ့သားများနဲ့အတူ ကောင်းမွန်စွာ ပူးပေါင်းလုပ်ဆောင်ရပါမယ်။ Teamwork မှာ တခြားအဖွဲ့သားများရဲ့ အမြင်ကိုလေးစားခြင်း၊ အဖွဲ့အတွက် လိုအပ်တဲ့အထောက်အပံ့များကို ကိုယ်ချင်းစာစိတ်နဲ့ ကူညီပေးခြင်းတို့ ပါဝင်ပါတယ်။

ပြဿနာများကို ထိရောက်စွာဖြေရှင်းနိုင်ခြင်း - ပြဿနာများကိုဖော်ထုတ်နိုင်ခြင်း၊ အခြေအနေအရပ်ရပ်ကို ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ ထိရောက်တဲ့ဖြေရှင်းချက်ကို အချိန်နဲ့တစ်ပြေးညီပေးနိုင်ခြင်းတို့ ဖြစ်ပါတယ်။

လိုက်ရောညီထွေရှိခြင်း - အခြေအနေအသစ်၊ အနေအထားအသစ်များကို ချိန်ညှိနိုင်ခြင်း၊ အပြောင်းအလဲ တစ်ခုခုကိုလက်ခံရာမှာ လိုက်ရောညီထွေဖြစ်ခြင်းနဲ့ အမျိုးမျိုးသော စိန်ခေါ်မှုများကို လက်ခံခြင်းတို့ ပါဝင်ပါတယ်။

"လုပ်ငန်းခွင်စွမ်းရည်ရဲ့အရေးပါမှု"

လုပ်ငန်းခွင်စွမ်းရည်က သင့်ရဲ့လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။ ထိရောက်စွာပြောဆိုဆက်ဆံနိုင်ကာ ကောင်းမွန်တဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကို ဖန်တီးပေးမှာဖြစ်သလို ဖိအားနည်းတဲ့ လုပ်ငန်းခွင်တစ်ခုအဖြစ် အစပြုနိုင်မှာဖြစ်ပါတယ်။

ကောင်းမွန်တဲ့လုပ်ငန်းခွင်စွမ်းရည်ရှိခြင်းရဲ့ နောက်ဆက်တွဲ အကျိုးကျေးဇူးကဘာတွေဖြစ်မလဲ?

"Productivity ကောင်းခြင်း"

အချိန်ကိုကောင်းကောင်းစီမံတတ်ခြင်း၊ အဖွဲ့အစည်းနဲ့ ထိထိရောက်ရောက် ဆက်သွယ်နိုင်ခြင်းကဲ့သို့ ကျွမ်းကျင်မှု များက အလုပ်ကိုထိထိရောက်ရောက်နဲ့ ကောင်းမွန်စွာပြီးမြောက်စေဖို့အတွက် ကူညီပေးပါတယ်။ ဒီလိုအရည်အချင်းမျိုးရှိတဲ့ဝန်ထမ်းတွေက အထက်မန်နေဂျာမှ ဝင်ရောက်စွက်ဖက်ဖို့မလိုအပ်ဘဲ လုပ်ငန်းတာဝန်တွေကို အမှားနည်းပါးစွာ ပြီးမြောက်စေပါတယ်။

"လုပ်ဖော်ကိုင်ဖက်များ၊ Customer များနဲ့ အပြန်အလှန်ဆက်ဆံရေးကိုတိုးတတ်စေခြင်း"

ကိုယ်ချင်းစာတတ်ခြင်း၊ သေသေချာချာနားထောင်ပေးတတ်ခြင်းနဲ့ ပဋိပက္ခဖြေရှင်းခြင်းတို့လို ကျွမ်းကျင်မှုများက လုပ်ဖော်ကိုင်ဖက်များ၊ ဖောက်သည်များနဲ့ ခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။

"ပြဿနာဖြေရှင်းနိုင်စွမ်း၊ ဝေဖန်ပိုင်းခြားတွေးခေါ်တတ်ခြင်းနဲ့ ဆုံးဖြတ်ချက်ချနိုင်ခြင်းကို မြှင့်တင်ပေးခြင်း"

ပြဿနာဖြေရှင်းခြင်း၊ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချခြင်းစွမ်းရည်များက အခြေအနေအရပ်ရပ်ကို ခွဲခြမ်းစိတ်ဖြာစေနိုင်သလို ဖန်တီးနိုင်စွမ်းရှိစွာတွေးခေါ်နိုင်ပြီး အသိဉာဏ်ဖြင့်ယှဉ်ကာ ဆုံးဖြတ်ချက်များ ချနိုင်စေပါတယ်။ ဒီလိုအရည်အချင်းမျိုးက လုပ်ငန်းခွင်တိုင်းအတွက် လိုအပ်တာ အသေအချာပါပဲ။ ဒါမှသာ မန်နေဂျာများကလိုက်ပြောနေစရာမလိုဘဲ ကိုယ့်အသိစိတ်နဲ့အလုပ်လုပ်ပြီး အမြဲမပြတ်ကြီးကြပ်နေဖို့ မလိုအပ်တာကြောင့် ဖြစ်ပါတယ်။

လုပ်ငန်းခွင်စွမ်းရည်ကိုဘယ်လိုမြှင့်တင်မလဲ?

တိုးတတ်ဖို့လိုအပ်နေသေးတဲ့စွမ်းရည်ကို ဖော်ထုတ်ရပါမယ်။ လုပ်ငန်းခွင်စွမ်းရည်တိုးတက်ဖို့ မလုပ်ဆောင်ခင်မှာ သင်လုပ်ဆောင်ရမယ့်အချက်တွေ ရှိနေပါသေးတယ်။

အဲ့ဒါတွေကတော့..

ကိုယ့်ကိုယ်ကိုယ် သုံးသပ်အကဲဖြတ်ပါ - သင့်ရဲ့အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းနေတဲ့အပိုင်းတွေကို စဉ်းစားဖော်ထုတ်ပါ။

Feedback - တခြားသူတွေထံမှ မိမိနဲ့ပတ်သက်တဲ့အမြင်နဲ့ တုံ့ပြန်ချက်တို့က တိုးတက်နိုင်တဲ့ နယ်ပယ်အသီးသီးအတွက် ရှုထောင့်အသစ်၊ အမြင်အသစ်တို့ကို ရရှိစေမှာဖြစ်ပါတယ်။

စွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့ သုံးသပ်ချက်များ - အဲ့ဒီသုံးသပ်ချက်များမှာ သင့်ရဲ့အားသာချက်၊ အားနည်းချက်၊ ကျွမ်းကျင်မှုများကို တစ်ပါတည်းမီးမောင်းထိုးပြသထားတာဖြစ်လို့ သုံးသပ်ရလွယ်ကူစေပါတယ်။

သင်ယူမှုကိုရှေ့ဆက်ပါ - ကျောင်းပြီးသွားတာနဲ့ သင်ယူမှုတွေရပ်တန့်သွားတာ မဟုတ်ပါဘူး။ သင့်ရဲ့လုပ်ငန်းခွင် စွမ်းရည်တွေ တိုးတတ်ဖို့အတွက် နောက်ထပ်သင်ယူမှုတွေ၊ လေ့လာမှုတွေ ဆက်ပြီးလုပ်သွားသင့်ပါတယ်။

အရည်အချင်းတွေတိုးတက်စေဖို့ သင်တန်းများ၊ ဘွဲ့လွန်ဒီဂရီများကို စဉ်းစားသင့်ပါတယ်။ သင်က အချိန် မပေးနိုင်တဲ့သူဆိုရင် SEEK Learning ကဲ့သို့ Online Learning Platform တွေကို ရွေးချယ်နိုင်ပါတယ်။ နောက်တစ်ခုက စာဖတ်ခြင်းနဲ့ သုတေသနပြုခြင်းပါ။ သင့်ရဲ့လက်ရှိလုပ်ကိုင်နေတဲ့လုပ်ငန်းနဲ့ ပိုပြီးကျယ်ပြန့်တဲ့ စီးပွားရေးနယ်ပယ်တွေအကြောင်းကို အချိန်နဲ့တစ်ပြေးညီ သိနားလည်နေဖို့ လိုအပ်ပါတယ်။ စာအုပ်များ၊ ဆောင်းပါးများနဲ့ လုပ်ငန်းဆိုင်ရာ စာပေတွေက သင့်အတွက် အထောက်အကူကောင်း ဖြစ်စေမှာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ Volunteer လုပ်ခြင်းပါ။ စေတနာ့ဝန်ထမ်းအလုပ်က သင့်ကို ကျွမ်းကျင်မှုအသစ်များ တည်ဆောက်ဖို့ ဒါမှမဟုတ် ရှိပြီးသားအရာတွေကို ဖွံ့ဖြိုးတိုးတက်စေဖို့ အထောက်အကူပေးပါတယ်။ အထူးသဖြင့် အဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ ဆက်သွယ်ရေးနဲ့ ပြဿနာဖြေရှင်းခြင်းကဲ့သို့ ကိစ္စရပ်များမှာ စေတနာ့ဝန်ထမ်းအလုပ်က အများကြီးထောက်ပံ့ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

Employability skills in the workplace - SEEK ဆောင်းပါးမှ သင့်တော်သလိုကိုးကားပြီး ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

Daw Sandi Su Hlaing

B.C.Sc, (U.C.S.Y)

B.C.Sc, (Hons) (U.C.S.Y)

M.C.Sc, (U.C.S.Y)