ကိုယ့်ကိုယ်ကိုယ် သတိရှိခြင်းက အောင်မြင်မှုဆီဦးတည်စေတဲ့ အကြောင်းရင်း (၇) ချက်

သင် အောင်မြင်မှုရရှိဖို့အတွက် အရည်အချင်းအမျိုးမျိုး လိုအပ်ပါလိမ့်မယ်။ အောင်မြင်လိုတဲ့ ရည်မှန်းချက်ပန်းတိုင် (goal) အပေါ်မူတည်ပြီး လိုအပ်တဲ့ အရည်အချင်းများစွာ ရှိပါတယ်။ အောင်မြင်မှုအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုများထဲမှ ကိုယ့်ကိုယ်ကိုယ် နားလည်သိရှိခြင်းက အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးသော အရာတစ်ခုဖြစ်ပါတယ်။ အောင်မြင်မှုအတွက် ဘာ့ကြောင့် ကိုယ့်ကိုယ်ကိုယ် နားလည်သိရှိခြင်းက အရေးကြီးလဲဆိုရင်

၁။ ကိုယ့်ရဲ့အားသာချက်ကို သိလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် သိတဲ့အခါ ကိုယ့်ရဲ့အားသာချက်ကိုယ်သိတယ်။ ကိုယ့်အားသာချက်ကိုသိတဲ့အခါ အဲ့ဒီအားသာချက်ကို ဘယ်နေရာမှာ ကောင်းကောင်းအသုံးချနိုင်လဲဆိုတာ သိနိုင်တယ်။ ခက်ခဲတဲ့အချိန်တွေမှာ ကျော်ဖြတ်နိုင်ဖို့ ကိုယ့်ရဲ့အားသာချက်တွေကို အားကိုးနိုင်တယ်။ ဒါက ကိုယ့်ရဲ့အားသာချက် ကိုယ်သိရှိထားခြင်းရဲ့ အကျိုးကျေးဇူးပဲဖြစ်ပါတယ်။

၂။ ကိုယ့်ရဲ့အားနည်းချက်ကို သိလိမ့်မယ်။

ဆက်လက်တိုးတက်စေဖို့အတွက် ကိုယ့်ရဲ့အားနည်းချက်တွေကို နားလည်သိရှိဖို့လည်း အရေးကြီး ပါတယ်။ ဒါကထင်ထားတာထက် ပိုခက်ပါလိမ့်မယ်။ လူတော်တော်များများက ကိုယ့်ရဲ့အားနည်းချက်ကို မြင်အောင် မကြည့်တတ်ကြပါဘူး။ ရိုးရိုးသားသားကြည့်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ သို့ပေမဲ့ ကိုယ့်ရဲ့အားနည်း ချက်ကိုသတိရှိခြင်းက သင်ဒီအားနည်းချက်တွေကို ပြန်လည်ပြင်ဆင်ပြီး တိုးတက်အောင်မြင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။

၃။ သင်ဟာ လူသားတစ်ဦးသာဖြစ်ကြောင်း သိလာပါလိမ့်မယ်။

ကျွန်ုပ်တို့အားလုံးဟာ ကိုယ့်ရဲ့အားသာချက်များနဲ့ အားနည်းချက်များကို ရိုးသားစွာ ရင်ဆိုင်နိုင်ဖို့ လိုအပ်ပါတယ်။ လူတော်တော်များများက ကိုယ့်ရဲ့အားသာချက်ကို လက်ခံနိုင်ဖို့လွယ်ကူပေမယ့် အားနည်းချက် တွေကို လက်ခံဖို့ ခက်ခဲတတ်ကြပါတယ်။ ကျွန်ုပ်တို့ဟာ လူသားတွေပဲ ဖြစ်ကြပါတယ် စက်ရုပ်တွေမဟုတ်ကြ ပါဘူး။ ကျွန်ုပ်တို့တွေဟာ အရာရာတိုင်းကို မစွမ်းဆောင်နိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် နားလည်သိရှိလာတဲ့အခါ၊ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို သိရှိလာတဲ့အခါ အဆိုးထဲက အကောင်းကိုယူဖို့၊ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပြီး ရှေ့ဆက်ဖို့ ပိုလွယ်ကူလာစေပါတယ်။

၄။ တခြားသူတွေက သင့်ကို ဘယ်လိုမြင်လဲဆိုတာ ပိုနားလည်လာပါလိမ့်မယ်။

မိမိကိုယ်ကိုယ် သတိရှိခြင်းက တခြားသူများက သင့်ကို ဘယ်လိုမြင်မယ်ဆိုတာကို နားလည်ဖို့ ပိုမို လွယ်ကူစေပါတယ်။ ကိုယ့်ရဲ့အားနည်းချက်တွေကို သတိထားပြင်ဆင်ပြီး အသက်မွေးဝမ်းကြောင်းကို တိုးတက်အောင် ဆောင်ရွက်နိုင်ပါတယ်။ ဒါကအောင်မြင်မှုအတွက် သော့ချက်ပဲဖြစ်ပါတယ်။ ရာထူးကြီးသူများရဲ့ ခံယူချက်များကို သတိပြုမိဖို့လည်း အရေးကြီးပါတယ်။ သတိထားပြီး ဆောင်ရွက်ခြင်းက သင့်ကို ပိုမိုအားကိုး ယုံကြည်စေနိုင်ပါတယ်။

၅။ သင်က ပိုကောင်းတဲ့ ခေါင်းဆောင်ဖြစ်လာပါလိမ့်မယ်။

ခေါင်းဆောင်မှုပိုင်းကို ကောင်းစွာဆောင်ရွက်နိုင်သူတိုင်းက အခြေခံအကျဆုံးဖြစ်တဲ့ 'မိမိကိုယ်ကိုယ် သိရှိနားလည်မှု' ရှိအောင် ဆောင်ရွက်ကြပါတယ်။ ကိုယ်ကိုယ်တိုင် အသိအမှတ်ပြုခြင်းက အလုံးစုံအောင်မြင်မှုရဲ့ အခိုင်မာဆုံး အချက်ဖြစ်ပါတယ်။ အားနည်းချက်များကို သတိပြုမိတဲ့ ခေါင်းဆောင်တွေက ကောင်းမွန်စွာ လုပ်ဆောင်နိုင်တဲ့ လက်အောက်ငယ်သားများကို ငှားရမ်းနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ မိမိအားနည်းချက်ကို သိရှိတာကြောင့် အဲ့ဒီအားနည်းချက်ကို ကောင်းစွာဆောင်ရွက်နိုင်တဲ့ လက်အောက်ငယ်သားများကို ရွေးချယ်ခန့်အပ်ဖို့လိုအပ်ကြောင်း သိရှိနိုင်ပါတယ်။ ဒါကြောင့် အပြန်အလှန် မှီခိုပြီးဆောင်ရွက်နိုင်တဲ့ အဖွဲ့စည်းကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

၆။ တခြားသူတွေကို ပိုနားလည်လာမယ်။

မိမိကိုယ်မိမိ သတိရှိခြင်းက တခြားသူများကို ပိုမိုနားလည်ပေးတတ်ပါလိမ့်မယ်။ လူတိုင်းပြီးပြည့်စုံတယ် ဆိုတာမရှိနိုင်ကြောင်း သင်နားလည်လာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ပိုသိလာတဲ့အခါ တခြားလူတွေကို ပိုနားလည်လာမယ်။ နောက်ဆုံးအနေနဲ့ သင့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကို ကောင်းကောင်းနားလည်ပြီး တခြား သူတွေရဲ့လိုအပ်ချက်ကို ကောင်းမွန်စွာနားလည်လာနိုင်ပါလိမ့်မယ်။

၇။ တခြားသူများနဲ့ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အထူးသဖြင့် ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါ တခြားသူတွေထက် ကိုယ့်လုပ်ရပ်တွေကို အာရုံစိုက်တာက ပိုကောင်းပါတယ်။ မိမိကိုယ်ကိုယ် သိနားလည်သူများက အောင်မြင်ဖို့ ပြောင်းလဲနိုင်တဲ့ အရာတွေကို ကိုယ်တိုင်ဆန်းစစ်ခြင်းဖြင့် စတင်ပါတယ်။ ပြသနာတစ်ခုရှိရင် တခြားသူတွေကို အပြစ်ပုံချတာမျိုး မလုပ်ဘဲ ကိုယ့်ရဲ့လိုအပ်ချက်ကို ပြန်လည်ဆန်းစစ်ခြင်းဖြင့် စတင်ပါတယ်။ ဒါက ကိုယ့်ကို တာဝန်ကျေစေတဲ့ သူတစ်ယောက် ဖြစ်စေပါတယ်။ အပြုသဘောဆောင်တဲ့ အပြုအမူများနဲ့ အပြုသဘောဆောင်တဲ့ လူအချင်းချင်းဆက်ဆံရေးကို အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့ကြောင့် မိမိကိုယ်မိမိ ပိုမိုကောင်းမွန်စွာ သိရှိနားလည်ခြင်းက အောင်မြင်မှုအတွက် အပြုသဘော ဆောင်တဲ့ အကျိုးသက်ရောက်မှုများလည်း ရှိလာနိုင်ပါတယ်။

ဒီဆောင်းပါးကို Gina Belli ရေးသားထားတဲ့ 7 Reasons Self-Awareness Leads to Success ခေါင်းစဥ်ကို ဒေါ်နှင်းနုအောင်မှ ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

Daw Hnin Nu Aung

B.Com (Q), M.Com (MEUE)