တခြားသူတွေကို ပြောင်းလဲဖို့ထက် ကိုယ်တိုင်ပြောင်းလဲနိုင်ဖို့ပဲကြိုးစားပါ။

သင်က တခြားသောသူတွေကို ပြောင်းလဲသွားအောင်လုပ်ဖို့ စိတ်ဆန္ဒရှိသူတစ်ဦးလား? ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ငြင်းဆိုမယ်လို့တွေးထားတယ်ဆိုရင် တခြားသူတွေအကြောင်း ဝေဖန်စဉ်းစားပြီး သူတို့ဘာတွေ မှားနေတာလဲဆိုတဲ့ အကြောင်းပြချက်ကိုပြောပြဖို့ တစ်နေ့ကိုအချိန်ဘယ်လောက်ယူလဲဆိုတာ ပြန်သုံးသပ် ကြည့်ပါ။ သင့်ရဲ့အမြင်က ပိုပြီးဖြစ်သင့်တဲ့ အဖြေတစ်ခုဆိုတာကို သက်သေပြဖို့ အချိန်တွေပေးနေတယ် မဟုတ်လား။ ဒါတွေက သင့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို သင့်ရဲ့ဆန္ဒရှိတဲ့အတိုင်း ပြောင်းလဲဖို့ ကြိုးစားနေတာပါပဲ။

ကျွန်မကိုယ်တိုင် မိခင်နဲ့ပြဿနာအကြီးအကျယ် တက်ပြီးတဲ့နောက် စိတ်ပိုင်းဆိုင်ရာကုထုံးတွေ ခံယူခဲ့ရဖူးပါတယ်။ ဆရာဝန်နဲ့ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးတော့ ခေါင်းထဲမှာပေါ်လာသမျှ ပြဿနာ အကြောင်းအရာတွေ အားလုံးကိုပြောပြခဲ့တယ်။ ဆွေးနွေးပေးတဲ့ဆရာဝန်မလေးကလည်း ဘာမှဝင်မပြောဘဲ ငြိမ်ပြီးနားထောင်ပေးခဲ့တယ်။ ဆွေးနွေးချိန်မိနစ် ၄၀ ကြာတော့ ကျွန်မပြောနေတာတွေကို နိဂုံးချုပ်လိုက်ပြီး တုံ့ပြန်လာမယ့်အကြံပြုချက်ကို စောင့်နေလိုက်တယ်။ သူမကပြုံးပြီး “မင်းပြောပြတာတွေက စိတ်ဝင်စား စရာပါပဲ။ ဒါပေမဲ့ မင်းက မင်းရဲ့ပြဿနာတွေနဲ့ ခံစားနေရတဲ့ စိတ်အခြေအနေတွေအကြောင်း ဆွေးနွေးဖို့၊ စိတ်ပိုင်းဆိုင်ရာကုထုံးခံယူဖို့လာခဲ့ပေမယ့် အခုမင်းပြောသွားတာ အကုန်လုံးက မင်းအကြောင်းမဟုတ်ဘဲ မင်းအမေအကြောင်းတွေချည်းပဲ”။ သူမထောက်ပြတာ တကယ်မှန်ပါတယ်။ ကုထုံးအတွက် ကိုယ့်အိတ်ကပ် ထဲကပိုက်ဆံကို ပေးထားရပေမယ့် ကိုယ့်မှာရှိတဲ့ပြဿနာတွေကို ဆွေးနွေးရမယ့်အစား အမေ့အကြောင်းကိုပဲ ပြောနေမိခဲ့တယ်။ တကယ်တမ်းတော့ ပြဿနာတိုင်းရဲ့အဖြေက ကိုယ့်ဆီမှာသာရှိပြီး ပြောင်းလဲရမယ့်သူက တခြားသူမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ပါပဲ။

            ဒါကိုသတိမထားမိဘဲ နေ့စဉ်နေ့တိုင်း သင့်ပတ်ဝန်းကျင်ကသူတွေကို ပြောင်းလဲဖို့ ကြိုးစားကောင်း ကြိုးစားနေပါလိမ့်မယ်။ ဥပမာ- အလုပ်နဲ့ပတ်သက်ပြီး သင့်ရဲ့ရွေးချယ်မှုမှန်ကန်ကြောင်းကို လက်မခံတဲ့ မိဘတွေနဲ့ အငြင်းအခုန်လုပ်တာမျိုး ဒါမှမဟုတ် ဂိမ်းကိုအလွန်အမင်း စွဲလမ်းနေတဲ့အိမ်ထောင်ဖက်ကို ပြောင်းလဲဖို့ကြိုးစားတာမျိုးပေါ့။ သင်မြင်တဲ့အမြင်အတိုင်း သူတို့ဘက်ကလည်း ပြောင်းလဲမြင်ကြည့်ပေးဖို့ သင်မျှော်လင့်နေခဲ့တယ်။ ဒါက သင့်ရဲ့ခံစားချက်၊ ထင်မြင်ယူဆချက်တွေနဲ့ လိုက်ရောညီထွေဖြစ်အောင် သင့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေက ပြောင်းလဲရမယ်ဆိုတဲ့ အတွေးမျိုးရှိနေတာပါပဲ။ အပြန်အလှန်ပြောရရင် သူတို့ကလည်း သူတို့နဲ့မတူတဲ့ သင့်ရဲ့အမြင်တွေကို ပြောင်းလဲပစ်ဖို့ စိတ်အားထက်သန်နေပါတယ်။ သင့်ရဲ့ဆုံးဖြတ်ချက်တွေ၊ အမြင်တွေကိုဝေဖန်ပြီး ဒါတွေက မှားယွင်းနေကြောင်း ထောက်ပြပြောဆိုလာပါ လိမ့်မယ်။ လူတွေက ဘာမှမဟုတ်တဲ့ အစားအသောက်၊ ဂီတအကြိုက်တွေကစလို့ နိုင်ငံရေးအမြင်တွေ၊ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တာတွေအထိ မတူညီခြင်းတွေကို ပြောဆိုငြင်းခုံလာပါတော့တယ်။ လူသားအားလုံးမှာ မတူညီတဲ့ ကိုယ်ပိုင်အမြင်တွေ၊ အဖိုးတန်တဲ့ခံယူချက်တွေရှိကြပြီး အများစုက ကိုယ့် ခံယူချက်ကသာ အမှန်ဆုံးလို့ ထင်နေကြပါတယ်။ ဒီနေရာမှာ ကိုယ်ပြောင်းလဲသင့်တဲ့ အရာတွေအပေါ်မှာသာ သုံးသပ်အာရုံစိုက်ထားတတ်တဲ့ လက်တစ်ဆုပ်စာလူတွေလည်း ရှိပါတယ်။

            လောကကြီးက သင့်စိတ်တိုင်းကျဖြစ်ဖို့ အကြွေးတင်နေတာမရှိသလို သင့်အနားက သူတွေကလည်း သင်နဲ့လိုက်ရောညီထွေဖြစ်ဖို့ ခံယူချက်နဲ့အပြုအမူတွေကို ပြောင်းလဲစရာမလိုပါဘူး။ အပြန်အလှန်အားဖြင့် သင်ဟာလည်း တခြားသူတွေရဲ့အကြိုက်နဲ့ ဖြစ်စေချင်တာတွေကိုလိုက်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေစရာမလိုပါဘူး။ တခြားသူတွေရဲ့အထင်အမြင်တွေကို မေ့ထားပြီး ကိုယ့်ရဲ့ရွေးချယ်မှုအတိုင်း နေထိုင်ဖို့အခွင့်အရေး သင့်မှာလည်း အပြည့်အဝရှိပါတယ်။

             တကယ်လို့ တစ်ယောက်ယောက်ရဲ့အပြုအမူက သင့်အတွက် စိတ်မသက်မသာဖြစ်စေတယ်ဆိုရင် ဒီအကြောင်းနဲ့ပတ်သက်ပြီး သေချာပေါက်ပြောပြသင့်ပါတယ်။ ညှိနှိုင်းပြောဆိုပြီးတဲ့အခါမှာတောင် သူတို့ဘက်က ပြောင်းလဲခြင်းမရှိဘူးဆိုရင် သိထားရမှာတစ်ခုတည်းပါပဲ။ သင်သူတို့ကိုပြောင်းလဲလို့ မရနိုင်တဲ့ အတွက် ကိုယ့်လမ်းကိုလျှောက်ရမှာပါ။ အရှေ့မှာပြောခဲ့တဲ့ ဂိမ်းစွဲလမ်းနေတဲ့အိမ်ထောင်ဖက် ပြဿနာ လိုမျိုးပေါ့။ ရှာဖွေထားတဲ့ပိုက်ဆံတွေကို ဂိမ်းထဲမှာအများဆုံးသုံးဖြုန်းနေတဲ့ အိမ်ထောင်ဖက်ကို သင်ဟာ သေချာပေါက်ပြောင်းလဲဖို့ ကြိုးစားမှာပါပဲ။ သူ့ကိုပြောင်းလဲဖို့ သင့်ဘဝရဲ့နှစ်ပေါင်းများစွာကို ဖြုန်းတီးကောင်း ဖြုန်းတီးမိလိမ့်မယ်။ ဒါပေမဲ့ သူကပြောင်းလဲမလာခဲ့ဘူး။ သင်သိထားရမှာက တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲခြင်းကသာ အဖြေတစ်ခု ဖြစ်နေတတ်ပါတယ်။

            လူတွေကို သူတို့ရဲ့အပြုအမူနဲ့ ခံယူချက်တွေ မှားခြင်း၊မှန်ခြင်းနဲ့ ပတ်သက်ပြီး အငြင်းအခုန် လုပ်နေစရာ၊ ပြောင်းလဲဖို့လုပ်နေစရာ မလိုပါဘူး။ ဒါက သူတို့ရဲ့ကိုယ်ပိုင်ဘဝပါ။ အရွယ်ရောက်ပြီးတဲ့သူတိုင်းက သူတို့ရဲ့ဘဝနဲ့ ဆုံးဖြတ်ချက်တို့အပေါ်မှာ တာဝန်ယူပြီး သင့်လျော်သလို ကျင့်သုံးပိုင်ခွင့်ရှိပါတယ်။ အဲ့ဒါတွေက လူတစ်ဦးစီတိုင်းအတွက် သင်ယူသင့်တဲ့ ဘဝသင်ခန်းစာတွေ ဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့အချိန်တွေမှာ တခြားသူတွေကို ပြောင်းလဲကြည့်ဖို့ ကြိုးစားနေစရာမလိုပါဘူး။ ပြီးတော့ အဆိုးဆုံးက သင့်ရဲ့အချိန်တွေကို ပြန်မရနိုင်တော့တာပါပဲ။ တခြားသူတွေရဲ့ အပြုအမူတွေကိုကြည့်ပြီး မေးခွန်းထုတ်နေတတ်တဲ့ဦးနှောက်ကို ရပ်လိုက်ပါ။ အဲ့ဒီအစား အကျိုးရှိတာတစ်ခုခုလုပ်လိုက်ပါ။ ငြင်းခုန်ဝေဖန်တာတွေ မလုပ်ပါနဲ့တော့။ ကမ္ဘာပေါ်မှာ စိတ်ကြိုက်ထိန်းချုပ်ပြောင်းလဲလို့ရနိုင်တာ ကိုယ်ကိုယ်တိုင်ပဲရှိပါတယ်။

Medium Daily Digest Website မှ Anastasia Summersault ရေးသားထားသော “You Need To Stop Trying To Change Other People (Because You Can’t): Take control of your life by Focusing on Yourself ” ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Daw Theint Thinzar

BE (Civil-WYTU)

M.Sc (Construction Project Mgt), Heriot-Watt University