ဟက်ပီးဟော်မုန်းလေးတွေ များများထွက်ဖို့ နေ့စဉ်ပြုလုပ်နိုင်တဲ့ အလေ့အကျင့်ကောင်း (၇) ချက်

ပျော်ရွှင်မှုဆိုတာ ဘဝအခြေအနေ၊ ဆက်ဆံရေးတွေနဲ့ ကျွန်ုပ်တို့ရဲ့ နေ့စဉ်အလေ့အထများအပါအဝင် အကြောင်း ရင်းများစွာနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ကလည်း ပျော်ရွှင်မှုအတွက် အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တယ်ဆိုတာ သင်သိပါရဲ့လား?

ဦးနှောက်ဟာ ကျွန်ုပ်တို့ရဲ့စိတ်ဖိစီးမှုကိုလျှော့ချနိုင်ပြီး ကျန်းမာပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်တဲ့ ဓာတုပစ္စည်း များကို ထုတ်လွှတ်နိုင်ပါတယ်။ အဲ့ဒါတွေကတော့ ဆဲရိုတိုနင် (serotonin)၊ ဒိုဖာမင် (dopamine)၊အောက်ဆီတိုစင် (oxytocin) နဲ့ အင်‌ဒိုဖင်း (endorphins) တို့ပဲ ဖြစ်ပါတယ်။ ပိုမိုပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက် ကျွန်ုပ်တို့‌နေ့စဉ်လုပ်လေ့လုပ်ထရှိတဲ့ အလေ့အကျင့်တွေကလည်း ဒီလို ဟော်မုန်းတွေ ပိုမိုများပြားစေနိုင်ပါတယ်။

🏋️‍♀️၁။ လေ့ကျင့်ခန်းလုပ်ခြင်းအနုပညာ

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျွန်ုပ်တို့ရဲ့ စိတ်ခံစားချက်ကို မြှင့်တင်ဖို့ အထိရောက်ဆုံးနည်းလမ်းများထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုက အင်ဒိုဖင်းထုတ်လုပ်မှုကို တိုးစေပြီး ခံစားချက်ကောင်းစေတဲ့ ဟော်မုန်းလို့ မကြာခဏ ရည်ညွှန်းပါတယ်။ လေ့လာမှုတစ်ခုအရဆိုရင် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ အင်ဒိုဖင်းများ ထွက်ရှိခြင်းကြောင့် စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှုလက္ခဏာများကို လျှော့ချနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

🤝၂။ အပြုသဘောဆောင်ပြီး ကျေးဇူးတင်တတ်တဲ့ အလေ့အထ

ကျေးဇူးသိတတ်ခြင်းဟာ စိတ်ကျန်းမာရေးကို အပြုသဘောဆောင်ပြီး သြဇာလွှမ်းမိုးနိုင်တဲ့ အားကောင်းတဲ့ စိတ်ခံစားမှုတစ်ခု ဖြစ်ပါတယ်။ ကျေးဇူးသိတတ်မှုကို ပုံမှန်လေ့ကျင့်ခြင်းဟာ သုခချမ်းသာနဲ့ ပျော်ရွှင်မှုဆိုင်ရာ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ ဆဲရိုတိုနင်ပမာဏကို တိုးမြင့်စေနိုင်တယ်လို့ လေ့လာမှုများက ဖော်ပြကြပါတယ်။ လေ့လာမှုတစ်ခုအရ ကျေးဇူးတင်ကြောင်းစာအုပ်မှာ ရေးသားသိမ်းဆည်းထားလေ့ရှိတဲ့ သူတွေဟာ အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုများကို ပိုမိုခံစားရပြီး ပိုမိုကောင်းမွန်တဲ့ စိတ်ချမ်းသာမှုကို ရရှိကြတာကို တွေ့ရှိခဲ့ရပါတယ်။

👭 ၃။ ပေါင်းသင်းဆက်ဆံတတ်တဲ့ အလေ့အထ

လူတွေဆိုတာ မွေးရာပါ လူမှုဆက်ဆံရေးကိုအလးထားလေ့ရှိကြပြီး ခိုင်မာတဲ့လူမှုဆက်ဆံရေးကို ထိန်းသိမ်းထား နိုင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာသုခချမ်းသာအတွက် အရေးကြီးပါတယ်။ "အချစ်ဟော်မုန်း" လို့ မကြာခဏ ခေါ်ဝေါ်လေ့ရှိတဲ့ အောက်ဆီတိုစင်ဟာ လူမှုဆက်ဆံရေးများမှာ ထုတ်ပေးပြီး ခံစားချက်များနဲ့ ဆက်စပ်နေ ပါတယ်။ ချစ်ရသူတွေနဲ့ အချိန်ဖြုန်းတာ၊ စကားစမြည်ပြောတာ၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ပွေ့ဖက်တာလိုမျိုး ရိုးရှင်းတဲ့လုပ်ရပ်တွေက အောက်ဆီတိုစင်ထုတ်လွှတ်မှုကို ဖြစ်ပေါ်စေပြီး ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။

🛌 ၄။ အိပ်စက်အနားယူခြင်း

အိပ်စက်ခြင်းဟာ စိတ်ကျန်းမာရေးအပါအဝင် အလုံးစုံကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အိပ်ရေးပျက်တာက ဆဲရိုတိုနင်နဲ့ တခြားစိတ်ခံစားချက်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းတွေ လျော့နည်းသွားစေ နိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ပျော်ရွှင်မှုကိုမြှင့်တင်ဖို့အတွက် ကျွန်ုပ်တို့ဟာ တစ်ညကို 7-9 နာရီအထိ အရည်အသွေး ပြည့်ဝစွာအိပ်စက်ဖို့ လိုအပ်ပါတယ်။ အချိန်မှန် အိပ်စက်တတ်တဲ့အလေ့အထကို ပုံမှန်ပြုလုပ်ခြင်း၊ အိပ်ရာမဝင်မီ ကဖိန်းဓာတ်ကိုရှောင်ကြဉ်ခြင်းနဲ့ ငြိမ်သက်အေးချမ်းတဲ့ အိပ်ရာဝင်ချိန်ပတ်ဝန်းကျင်ကို ဖန်တီးခြင်းက ကျွန်ုပ်တို့ရဲ့ အိပ်စက်ခြင်းအရည်အသွေးကို မြှင့်တင်ပေးနိုင်ပြီး ကျွန်ုပ်တို့ရဲ့ စိတ်ခံစားချက်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

🥗 ၅။ ခန္ဓာကိုယ်နဲ့စိတ်ကို အာဟာရဖြစ်စေတဲ့ အစားအစာများဖြင့် ဟန်ချက်ညီစေခြင်း

ကျွန်ုပ်တို့စားလေ့ရှိတဲ့အရာတွေဟာ ကျွန်ုပ်တို့ရဲ့စိတ်နဲ့ ပျော်ရွှင်မှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ တချို့ အစားအစာများဟာ ပျော်ရွှင်စေတဲ့ဟော်မုန်းများ ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ဥပမာ ကြက်ဆင်၊ ဥနဲ့ အခွံမာသီးများကဲ့သို့ အစားအစာများဟာ ဆဲရိုတိုနင်အဆင့်ကို တိုးစေနိုင်ပါတယ်။ ငါးနဲ့ အစေ့အဆံများမှာ တွေ့ရတတ်တဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ဟာ ဒိုဖာမင်အဆင့်ကို မြှင့်တင်ပေးနိုင်ပါတယ်။

🏊 ၆။ ကိုယ့်ရဲ့ စိတ်အားထက်သန်တဲ့အရာကို ရှာဖွေပါ။

ဝါသနာနဲ့ အားလပ်တဲ့ အချိန်‌တွေမှာ လှုပ်ရှားမှုများလုပ်ခြင်းဟာ အချိန်ကို ကုန်လွန်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ၎င်းတို့ဟာ ပျော်ရွှင်မှုရဲ့အရေးပါတဲ့ အရင်းအမြစ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ကျွန်ုပ်တို့သဘောကျတဲ့ လှုပ်ရှားမှု များတွေမှာ ပါဝင်ခြင်းဟာ ပျော်ရွှင်မှု၊ ဆုလာဘ်နဲ့ ဆက်စပ်နေတဲ့ ဒိုဖာမင်ဟော်မုန်းကို ထုတ်ပေးနိုင်ပါတယ်။ ပန်းချီဆွဲတာ၊ ဥယျာဉ်ခြံမြေလုပ်တာ၊ တေးဂီတကစားတာ၊ စာဖတ်တာတို့ စတဲ့ ကျွန်ုပ်တို့ရဲ့ဝါသနာတွေကို အချိန်ပေးပြီးလုပ်ခြင်းကလည်း စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

🧘‍♀️ ၇။ တရားထိုင်ပြီး အေးချမ်းစွာနေပါ။

နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ တရားထိုင်ခြင်းအလေ့အထပဲ ဖြစ်ပါတယ်။ မိမိတို့ကိုးကွယ်ရာ ဘာသာရေး အလိုက်တရားထိုင်ခြင်းဟာ စိတ်ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကိုမြှင့်တင်ဖို့အတွက် အစွမ်းထက်တဲ့ ကိရိယာ တစ်ခုပဲဖြစ်ပါတယ်။ ဒီအလေ့အကျင့်ဟာ ဆဲရိုတိုနင်နဲ့ အင်ဒိုဖင်းပမာဏကို တိုးမြင့်စေပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေကာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ တစ်နေ့လျှင် မိနစ်အနည်းငယ်သာ တရားထိုင်ခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ ဦးနှောက်ဟာ လက်ရှိအခိုက်အတန့်ကို အာရုံစိုက်နိုင်ဖို့ လေ့ကျင့်ပေးနိုင်ပြီး ကြီးမားတဲ့ ပျော်ရွှင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာချမ်းသာမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာဝတ္ထုတွေ ပိုမိုတိုးတက်နေတဲ့ ဒီနေ့လိုခေတ်မှာ လူတွေဟာပျော်ရွှင်မှုအစစ်အမှန်ကို ရှာဖွေဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒီဆောင်းပါးကိုဖတ်ရှုပြီး ပျော်ရွှင်မှုအစစ်အမှန်ကို ရှာဖွေနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

References

Chatterjee, K., 2024. 7 daily habits that release happy hormones. [Online]

Available at: https://timesofindia.indiatimes.com/.../art.../112494740.cms

[Accessed 27 August 2024].

Daw Hninn Pwint Oo

B.Com(Q), M.Com (Meiktila University of Economics)