လူအများရှေ့  စကားပြောရမှာ ကြောက်ရွံ့ခြင်းကို ဘယ်လိုကျော်လွှားမလဲ ?

လူအများကြီးရှေ့မှာ စကားပြောရတာကို ကြောက်ရွံ့ခြင်းဟာ လူအများစုကြုံတွေ့ရလေ့ရှိတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ကြောက်ရွံ့တဲ့ပုံစံကတော့ လူတစ်‌ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ တချို့လူတွေဟာ စိတ်လှုပ်ရှားမှုသာ ဖြစ်လေ့ရှိပေမယ့် တချို့လူတွေကတော့ ထိတ်လန့်တုန်လှုပ်တဲ့အထိ ခံစားရလေ့ရှိပါတယ်။ ဒီလိုကြောက်ရွံ့တတ်သူတွေဟာ လူအများကြီးရှေ့မှာ စကားပြောရမယ့်အခြေအနေကို တတ်နိုင်သမျှ ရှောင်ကြဥ်လေ့ရှိကြပါတယ်။ ရှောင်လို့မရတဲ့အခြေအနေနဲ့ ကြုံလာရင်လည်း စိတ်လှုပ်ရှားပြီး ခြေလက် တုန်ယင်မှုများ၊ နှလုံးခုန်နှုန်းမြန်လာမှုများ၊ စကားပြောတဲ့အခါ အသံတွေတုန်ယင်နေမှုများကို ခံစားရတတ် ပါတယ်။ ကျွန်မတို့တွေဟာ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ နေတာဖြစ်တဲ့အတွက်ကြောင့် လူအများနဲ့ ပြောဆိုဆက်ဆံဖို့က လိုအပ်ပါတယ်။ မဖြစ်မနေ လူအများနဲ့ ပြောဆိုဆက်ဆံရမယ်၊ လူအများကြားထဲမှာ စကားပြောရမယ့် အခြေအနေများနဲ့ ကြုံလာတဲ့အခါ သင့်အနေနဲ့ သေချာပြင်ဆင်ထားမယ်ဆိုရင် ကြောက်စိတ်တွေကို အလွယ်တကူ ကျော်လွှားနိုင်ပါလိမ့်မယ်။ အောက်မှာအချက်တွေက သင့်ရဲ့ကြောက်ရွံ့ ထိတ်လန့်နေတဲ့စိတ်တွေကို ဖယ်ရှားဖို့ရာအတွက် အထောက်အကူဖြစ်စေမှာပါ။

၁။ သင်ပြောမယ့် အကြောင်းအရာကို သေချာနားလည်အောင်ကြိုးစားထားပါ။

သင်ပြောမယ့်အကြောင်းအရာခေါင်းစဥ်ကို ကောင်း‌ကောင်းနားလည်ထားမယ်ဆိုရင် သင်ဟာ အမှားလုပ်မိနိုင်ခြေ နည်းပါလိမ့်မယ်။ သင်ဟာ ပြောနေရင်းနဲ့ မေ့သွားခဲ့မယ်ဆိုရင်တောင်မှ ကောင်းကောင်းသဘောပေါက် နားလည် ထားမယ်ဆိုရင် လျင်မြန်စွာ ပြန်မှတ်မိနိုင်ပါတယ်။ ဒါ့အပြင် နားထောင်သူဘက်မှ မေးလာနိုင်မယ့် မေးခွန်းများကို အချိန်ယူကာ ကြိုတင်စဥ်းစားထားပြီး ဘယ်လိုပြန်ဖြေမယ်ဆိုတာကို ပြင်ဆင်ထားပါ။

၂။ အချက်အလက်များကို စုစည်းထားပါ။

သင်ပြောဆိုရမယ့် အချိန်မတိုင်ခင်မှာ ပြောကြားလိုတဲ့ အကြောင်းအရာတွေကို သေချာဂရုစိုက်ပြီး ပြင်ဆင်ထားပါ။ သင်ပြောမယ့်အပိုင်းထဲမှာ ပုံများ၊ ဗီဒီယိုများပါခဲ့ရင် အဲဒီအရာတွေကို သေချာစီစဥ်ထားပါ။ အကြောင်းအရာများကို သေချာဂရုစိုက်ပြင်ဆင်ထားခြင်းက သင့်ရဲ့ ကြောက်ရွံ့ထိတ်လန့်တဲ့စိတ်တွေကို လျော့ပါး သွားစေမှာပါ။ ဖြစ်နိုင်မယ်ဆိုပါက သင်စကားပြောဆိုရမယ့်နေရာကို ကြိုတင်သွားရောက်ထားပြီး လေ့လာ ထားပါ။ အသုံးပြုရမယ့် စက်ပစ္စည်းကိရိယာများကို စမ်းသပ်ထားပါ။

၃။ လေ့ကျင့်မှုများကို ထပ်ခါထပ်ခါပြုလုပ်ပါ။

သင်ပြောဆိုတင်ပြမယ့် အကြောင်းအရာအပြည့်အစုံကို အကြိမ်ကြိမ်လေ့ကျင့်ထားပါ။ သင်နဲ့ရင်းနှီးတဲ့ လူတချို့ကို သင့်ရဲ့အစမ်းပြောဆိုလေ့ကျင့်မှုကို နားထောင်ခိုင်းပြီး သူတို့ဆီမှ အကြံပြုချက်များကို ရယူပါ။ သင် လေ့ကျင့်ပြောဆိုနေပုံကို ဗီဒီယိုရိုက်ထားပြီး ပြန်ကြည့်ကာ လိုအပ်တဲ့အချက်တွေကို ပြန်လည်ပြင်ဆင်ပါ။ သင့်အိမ်မှာရှိတဲ့ မှန်ရှေ့မှာရပ်ပြီး ပြောဆိုလေ့ကျင့်ခြင်းကလည်း အ‌ထောက်အကူဖြစ်စေမှာပါ။

၄။ သင့်အောင်မြင်မှုကို မြင်ယောင်ကြည့်ပါ။

သင့်ရဲ့ပြောဆိုတင်ပြချက်က ကောင်းကောင်းမွန်မွန်နဲ့ အဆင်ပြေချောမွေ့စွာ ပြီးသွားမယ်လို့ စိတ်ကူးထားပါ။ အပြုသဘောဆောင်တဲ့အတွေးများက သင့်ရဲ့လူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီး အဆိုးမြင်စိတ်တချို့ကို လျော့ပါး‌ စေပြီး စိုးရိမ်ပူပန်မှုများကို သက်သာစေနိုင်မှာပါ။ သင်ကိုယ်တိုင် “ငါလုပ်ကိုလုပ်နိုင်ရမယ်” ဆိုတဲ့ စိတ်နဲ့ ယုံကြည်မှုအပြည့်ရှိနေဖို့လည်း လိုပါတယ်။

၅။ အသက်ကို ပြင်းပြင်းရှူပါ။

သင်တက်ရောက်ပြောဆိုရမယ့် စင်မြင့်ပေါ်မတက်ခင်မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက် အသက်ပြင်းပြင်းရှူပါ။ ဒီလိုပြုလုပ်ခြင်းက သင့်ရဲ့စိတ်ကို တည်ငြိမ်စေနိုင်ပါတယ်။ သင်ပြောနေစဥ်အချိန်အတွင်းမှာလည်း အသက်ကို ဖြည်းဖြည်းချင်းရှူသွင်းပါ။

၆။ သင်ပြောမယ့် အကြောင်းအရာပေါ်မှာသာ အာရုံစူးစိုက်ထားပါ။

သင်ပြောတာကို နားထောင်နေသူများဟာ သင်ပြောကြားနေတဲ့ သတင်းအချက်အလက် အကြောင်းအရာတွေ ပေါ်မှာသာ အာရုံစိုက်နား‌ထောင်တာဖြစ်တဲ့အတွက် သင့်ရဲ့ ကြောက်ရွံ့ထိတ်လန့်မှုများကို သူတို့က သတိထားမိမှာ မဟုတ်ပါဘူး။ တကယ်လို့ သူတို့သတိထားမိခဲ့ရင်တောင် သင့်ကို အားပေးပြီး အဆင်ပြေပြေပြီးမြောက်ဖို့အတွက် ကူညီပေးကြမှာပါ။ ဒါကြောင့် ကိုယ့်ရဲ့စိတ်ကို တည်ငြိမ်အောင်လုပ်ပြီး ကိုယ်ပြောမယ့် အကြောင်းအရာ‌ပေါ်မှာသာ စိတ်ကိုနှစ်ထားပါ။

၇။  ခဏတာတိတ်ဆိတ်သွားမှုကို မကြောက်ပါနဲ့။

သင်ဟာ အကြောင်းအရာတစ်ခုကိုပြောနေရင်း မေ့သွားတာ၊ စိတ်ပူပန်ကြောက်ရွံ့မှုတွေကို ကြုံလာရတဲ့အခါမှာ သင့်စိတ်က ဗလာဖြစ်နေပါက သင်ဟာ ဒါကို အကြာကြီးဖြစ်နေတယ်လို့ ထင်နေတတ်ပါတယ်။ အမှန် တကယ်တော့ ဒါက စက္ကန့်အနည်းငယ်မျှပဲ ဖြစ်နေနိုင်ပါတယ်။ အချိန်ကြာသွားရင်တောင် နားထောင်သူများက သင်ပြောသွားတဲ့ အကြောင်းအရာများကို စဥ်းစားနေမှာဖြစ်တဲ့အတွက် ခဏတာရပ်တန့်သွားမှုက သူတို့ကို စိတ်အနှောင့်အယှက် မဖြစ်စေပါဘူး။

၈။ သင့်ရဲ့အောင်မြင်မှုကို အသိအမှတ်ပြုပါ။

သင်ဟာ တင်ပြမှုတစ်ခု ဒါမှမဟုတ် အကြောင်းအရာတစ်ခုကို အောင်မြင်စွာ ပြောဆိုပြီးမြောက်သွားတဲ့အခါ  သင့်ကိုယ်သင် ချီးကျူးပေးပါ။ ပြီးပြည့်စုံမှုမရှိခဲ့ရင်လည်း သင့်ကိုယ်သင်ပြန်လည်သုံးသပ်ဖို့ အခွင့်အရေး ရှိတယ်လို့မှတ်ယူပါ။ သင်စိုးရိမ်ထားတဲ့အတိုင်း အမှန်တကယ်ဖြစ်ခဲ့လား၊ အမှားတွေပါခဲ့လားဆိုတာ ပြန်လည် ဆန်းစစ်ပါ။ လူတိုင်းဟာ အမှားနဲ့မကင်းတဲ့သူတွေပါ။ အမှားတွေရှိခဲ့ရင် ပြန်လည်ပြင်ဆင်ရင်း ဒါတွေဟာ သင့်ရဲ့ အရည်အချင်းတွေ တိုးတက်ဖို့အတွက် အခွင့်အလမ်းကောင်းတွေဖြစ်တယ်လို့ ယူဆပါ။ လူအများ‌ရှေ့မှာ စကားပြောရမယ့်ကိစ္စနဲ့ကြုံလာရင် အထက်မှာဖော်ပြထားတဲ့ အချက်တွေအတိုင်း လိုက်နာ ကျင့်သုံးမယ်ဆိုပါက သင့်ရဲ့ ကြောက်ရွံ့ထိတ်လန့်နေတဲ့ စိတ်တွေပျောက်ပြီး အောင်မြင်စွာ ကျော်လွှားသွား နိုင်မယ်လို့ ယုံကြည်ပါတယ်။

Reference: Fear of Public Speaking: how can I overcome it? Available at :https://www.mayoclinic.org/diseases-conditions/specific-phobias/expert-answers/fear-of-public-speaking/faq-20058416, Accessed : 24-7-2023

 

Daw Htet Pann Wai

B.Com (Q**), M.Com (MEUE)