ပျော်ရွှင်မှုအတွက် ဘာကြောင့်အချိန်ပေးသင့်လဲ ?

ပျော်ရွှင်မှုဆိုတာ ခံစားချက်လား? ဒါမှမဟုတ် အခြေအနေတစ်ခုလား။  စိတ်ပညာရှင်များက အဓိပ္ပာယ်ဖွင့်ဆိုချက်များစွာနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ လုံခြုံမှု၊ ရောင့်ရဲမှုနဲ့ အောင်မြင်မှုအားလုံးဟာ ပျော်ရွှင်မှုနဲ့ ဆက်စပ်နေပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ ပျော်ရွှင်မှုနဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေလည်း မရှိပါဘူး။ လူတွေဟာ ပျော်ရွှင်မှုဆိုတာ လိုအပ်တာသိပေမယ့် ပျော်ရွှင်မှုအတွက်အချိန်ပေးဖို့ မေ့လျော့နေကြပါတယ်။ ပျော်ရွှင်မှုက ဘာကြောင့်ရေးကြီးတယ်ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။

၁။ ပျော်ရွှင်မှုက စိတ်ဖိစီးမှုကို လျှော့ချပေးတယ်။

လူတွေစိတ်ဖိစီးလာတဲ့အခါ သူတို့ရဲ့ cortisol ဟော်မုန်းပမာဏ တက်လာပါတယ်။ Cortisol  ပမာဏများရင် ကျန်းမာရေးပြဿနာများကို ဖြစ်စေပါတယ်။  တစ်ဖက်မှာလည်း သင်ပျော်နေတဲ့အခါ Cortisol ဟာ ပမာဏကျသွားစေနိုင်ပါတယ်။ သင်ဟာ စိတ်ဖိစီးမှုများတဲ့ ပတ်ဝန်းကျင်မှာနေရတယ်ဆိုရင် သင့်ကို ပျော်ရွှင်စေတဲ့အရာတွေအတွက် အချိန်ပေးပါ။

၂။ ပျော်ရွှင်မှုဆိုတာ နှလုံးကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။

ပျော်ရွှင်မှုနဲ့ ကျန်းမာသန်စွမ်းတဲ့ နှလုံးကြားက ဆက်စပ်မှုကိုပြသတဲ့ လေ့လာမှုများစွာ ရှိခဲ့ပါတယ်။ ‌ပျော်ရွှင်မှုဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို 13-26% လျှော့ချပေးနိုင်ပါတယ်။ ပျော်ရွှင်မှုဟာ နှလုံးပြဿနာရှိပြီးသားသူတွေကိုတောင် ကောင်းကျိုးပြုပါတယ်။

၃။ ပျော်ရွှင်မှုက သင့်ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

ပျော်ရွှင်ခြင်းက ရောဂါကို ခံနိုင်ရည်ရှိအောင် တည်ဆောက်နိုင်ပါသလား။ စိတ်မချမ်းသာမှုနဲ့ အဆိုးမြင်စိတ်တွေက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အထောက်အထားတွေ ရှိပါတယ်။ ပျော်ရွှင်မှုဟာ ကိုယ်ခံအားစနစ်အပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုရှိကြောင်း သုတေသီများက တွေ့ခဲ့ပါတယ်။

၄။ ပျော်ရွှင်မှုက သင့်ဘဝကို သက်တမ်းတိုးစေပါတယ်။

ပျော်ရွှင်မှုဟာ သင့်ကျန်းမာရေးအတွက် ကောင်းတယ်ဆိုရင် ဒါဟာ သင့်အသက်ကို ရှည်စေတယ် လို့ အဓိပ္ပာယ်ရပါတယ်။

၅။ ပျော်ရွှင်မှုနဲ့ ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးက ဆက်နွယ်နေပါတယ်။

သူငယ်ချင်းများနဲ့ မိသားစုဆက်ဆံရေးက လူ့အသိုင်းဝိုင်းမှာ အရေးကြီးပါတယ်။ လေ့လာမှု တစ်ခုမှာ အပျော်ဆုံးကောလိပ်ကျောင်းသားများဟာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ရရှိခဲ့ပါတယ်။ သူတို့ဟာ မနာလိုမှု နည်းပါးပြီး မိသားစု၊ မိတ်ဆွေများနဲ့ ပိုမိုရင်းနှီးတဲ့ သံယောဇဉ်များ ရှိကြပါတယ်။ ဒါက ပိုပြီးပျော်ရွှင်မှုကို ဖြစ်ပေါ်စေပါတယ်။

၆။ ပျော်ရွှင်တဲ့သူများဟာ ပိုမိုကောင်းမွန်တဲ့ အိမ်ထောင်ရေးသုခ ရရှိစေနိုင်ပါတယ်။

အိမ်ထောင်တစ်ခုမှာ ပျော်ရွှင်မှုနဲ့ ကျေနပ်မှုကြား အားကောင်းတဲ့  ဆက်စပ်မှုရှိပါတယ်။ ပျော်ရွှင်မှုကို ပိုဖော်ပြတတ်သူများက သူတို့ရဲ့လက်တွဲဖော်နဲ့ အဆင်ပြေနိုင်ခြေ ပိုများပါတယ်။ မိသားစု၊ သူငယ်ချင်းများနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေလိုပဲ ပျော်ရွှင်မှုနဲ့ ကောင်းမွန်တဲ့ အိမ်ထောင်ရေးဟာ တစ်ယောက်ကိုတစ်ယောက် ခွန်အားဖြစ်စေပါတယ်။

၇။ ပျော်ရွှင်မှုဟာ အလုပ်မှာ ထုတ်လုပ်မှုစွမ်းအားကို တိုးစေပါတယ်။

 ပျော်ရွှင်တဲ့ ဝန်ထမ်းများဟာ အလုပ်ကိုပိုအချိန်ပေးပြီး အလုပ်ပိုအကျိုးဖြစ်ထွန်းနိုင်ပါတယ်။ ပျော်ရွှင်တဲ့သူတွေဟာ လုပ်ငန်းခွင်မှာ မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ်တဲ့ ပြဿနာဖြေရှင်း ခြင်းမှာ ပိုမိုကောင်းမွန်ပါတယ်။ ဒီအချက်အလက်ဟာ ကုမ္ပဏီတွေအတွက် သူတို့ဝန်ထမ်းများရဲ့ ပျော်ရွှင်မှုတွင် ရင်းနှီးမြှုပ်နှံရန် မည်မျှအရေးကြီးကြောင်း သက်သေပြပါတယ်။

၈။ ပျော်ရွှင်ခြင်းက သင့်ကို ပိုပြီး ဖန်တီးနိုင်စွမ်းရှိစေပါတယ်။

ပျော်ရွှင်သူတွေဟာ  တီထွင်ဖန်တီးနိုင်စွမ်းလည်း ပိုရှိကြပါတယ်။ လေ့လာမှုများအရ ပျော်ရွှင်မှုက အပြုသဘောဆောင်တဲ့ အတွေးအခေါ်များ၊ စိတ်ကူးသစ်များနဲ့ အတွေ့အကြုံသစ်များအတွက် အ‌ကျိုး ရှိကြောင်း ပြသပါတယ်။

၉။ ပျော်ရွှင်တဲ့သူတွေဟာ အကောင်းမြင်စိတ်ရှိစေပါတယ်။

 ပျော်ရွှင်သောသူများဟာ များသောအားဖြင့် အကောင်းမြင်တတ်ကြပါတယ်။ အပြုသဘော ဆောင်တဲ့ အမြင်ရှိနိုင်ခြေပိုများပြီး အသေးအဖွဲသဘောထားကွဲလွဲမှုများ ဖြစ်နိုင်ခြေနည်းပါတယ်။ ဒါ့ကြောင့် ပြသနာဖြစ်နိုင်ခြေ နည်းပါတယ်။

၁၀။ ပျော်ရွှင်ခြင်းက သင့်ကို ပိုရက်ရောစေတယ်။

ရက်ရောတယ်ဆိုတာ ငွေကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ ‌ငွေအပါအဝင် တခြားသော အလုပ်လုပ်ရာမှာလည်း စေတနာပါပါ အလုပ်လုပ်ကြပါတယ်။ တခြားသူများကိုလည်း လိုအပ်တဲ့ အကူညီပေးဖို့အတွက် မတွန့်ဆုတ်ဘဲ လိုလိုလားလား ကူညီတတ်ကြပါတယ်။

ဒီဆောင်းပါးကို Emmaline Soken-Huberty ရေးသားထားတဲ့ 10 Reasons Why Happiness is Important ခေါင်းစဥ်ကို ဒေါ်နှင်းနုအောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

 

Daw Hnin Nu Aung

B.Com (Q), M.Com (MEUE)