လုပ်ငန်းခွင်မှာ ကောင်းမွန်တဲ့လူမှုဆက်ဆံရေးကို ဘယ်လိုတိုးတက်အောင် လုပ်ဆောင်မလဲ ?

လုပ်ငန်းခွင်တစ်ခုဆိုတာနဲ့ လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်း ထိတွေ့ဆက်ဆံရေးက ရှောင်လွှဲလို့မရပါဘူး။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ လူမှုအသိုင်းအဝန်းများနှင့် ကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံနိုင်ခြင်းဟာ လုပ်ငန်းခွင်အတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့အရည်အချင်းများ တိုးတက်လာစေဖို့ အတွက် မန်နေဂျာများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ဖောက်သည်များနဲ့ ထိရောက်စွာ ဆက်ဆံနိုင်ရပါမယ်။ လုပ်ငန်းခွင်မှာ လူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီး တိုးတက်စေမယ့် နည်းလမ်းတချို့ကို အောက်တွင်ဆွေးနွေးဖော်ပြထားပါတယ်။

လှိုက်လှဲစွာ ပြုံးပြခြင်းအားဖြင့် ဆက်ဆံရလွယ်ကူတဲ့သူတစ်ယောက်ဖြစ်ကြောင်း ပြသလိုက်ပါ။

စစ်မှန်တဲ့ အပြုံးကို ပြုံးပြခြင်းအားဖြင့် ပွင့်လင်းမြင်သာမှု ရှိသလို တခြားသူများကိုလည်း ကူးစက်စေပြီး တစ်ဦးနဲ့တစ်ဦးရဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေပါတယ်။ အပြုံးဆိုတာ ကူးစက်တတ်တဲ့ သဘောသဘာဝ ရှိသလို အဲ့ဒီအပြုံးဟာ တခြားသူတွေအပေါ်မှာပါ ကူးစက်စေပြီး ကောင်းမွန်တဲ့ လုပ်ငန်းခွင်ဆက်ဆံရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

တခြားသူတွေရဲ့ စကားကို ဂရုတစိုက်နားထောင်ပေးပါ။

သင့်လုပ်ဖော်ကိုင်ဖက်များ၊ ဖောက်သည်များနဲ့ ပြောဆိုဆက်သွယ်မယ့်မက်ဆေ့ချ်ကို ဂရုတစိုက် စိတ်ဝင်စားမှုရှိဖို့ လိုအပ်ပါတယ်။ ခေါင်းညိတ်ပြကာ အိုကေ (ဒါမှမဟုတ်) နားလည်ပါပြီ လို့ပြောခြင်း၊ နားမလည်ပါက နောက်တစ်ကြိမ်ရှင်းလင်းချက်ပေးဖို့ တောင်းဆိုခြင်းအားဖြင့် သူတို့ရဲ့ပြောဆိုချက်များကို စိတ်ဝင်စားကြောင်း ပြသပေးဖို့လိုအပ်ပါတယ်။

ကိုယ်ချင်းစာတတ်အောင်သင်ယူပါ။

သင်နဲ့သက်ဆိုင်တဲ့ ဝန်ထမ်းများဘက်မှ ပြဿနာများကို မြင်အောင်ကြည့်ဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ ဝန်ထမ်းတစ်ဦးအပေါ် ရုပ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း ကြုံတွေ့ရတဲ့ အခက်အခဲပြဿနာများကို သင်နားလည်ကြောင်း ပြောဆိုခြင်းမှာ အပြုသဘောဆောင်ပြီး ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေးအတွက် တွန်းအားဖြစ်စေပါတယ်။

အချိန်ယူပြီး ရှင်းလင်းစွာပြောဆိုပါ။

အချက်အလက်များကိုအခြေခံပြီး ရှင်းလင်းပြတ်သားစွာ ပြောဆိုနိုင်ဖို့ အချိန်လုံလောက်စွာပေးရန် လိုအပ်ပါတယ်။ သင့်မှာ အေးဆေးတည်ငြိမ်တဲ့ ကိုယ်ဟန်အနေအထားရှိပါက ဝန်ထမ်းများ ပိုမိုသက်သောင့်သက်သာရှိမှာဖြစ်သလို နားလည်မှုလွဲမှားစေမယ့် ပြောဆိုမှုတွေကိုလည်း အလျင်စလို မလုပ်သင့်ပါဘူး။

မိမိကိုယ်ကိုယ် အရမ်းဖိအားမပေးပါနဲ့။

မိမိပြုလုပ်ထားတဲ့ အမှားတွေအပေါ်မှာ ရယ်မောပစ်ဖို့ မကြောက်ပါနဲ့။ လုပ်ငန်းခွင်မှာ အရာရာတိုင်းကို အရမ်းတင်းကျပ်နေတယ်ဆိုရင် အောင်မြင်တဲ့ လုပ်ငန်းခွင်ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့ ခဲယဉ်းပါတယ်။

Malil Sharrief ရဲ့ How do I improve People Skills at Work ဆောင်းပါးကို သင့်လျော်သလို ဘာသာပြန်ရေးဖွဲ့ထားပါတယ်။

U Ah Zer Zar Sar

DBL.LLB.BARS MBA ( Assumption University, Thailand)