"သင့်ရဲ့ ဝါသနာကို အောင်မြင်တဲ့ စီးပွားရေးတစ်ခုအဖြစ် ပြောင်းလဲပါ"

သင့်ရဲ့ ဝါသနာ၊ စိတ်ဝင်စားမှု ဒါမှမဟုတ် ပရောဂျက်တစ်ခုကနေ ငွေရှာနိုင်တဲ့စီးပွားရေးတစ်ခုအဖြစ် ပြောင်းလဲ နိုင်ပါတယ်။ တကယ်လို့ သင့်မှာထူးခြားတဲ့ ဝါသနာရှိတယ်၊ အဲ့ဒီ ဝါသနာကနေ ငွေဘယ်လိုရှာနိုင်လဲဆိုတာကို သင်စဉ်းစားကောင်းစဉ်းစားနေပါလိမ့်မယ်။ ငွေကြေးအရ ကုန်ကျမှုနဲ့ပတ်သက်ရင် ဝါသနာအားလုံးဟာ ညီတူညီမျှတော့ ဖြစ်နေမှာမဟုတ်ဘူးဆိုတဲ့အချက်ကို သိဖို့ကတော့ အရေးကြီးလှပါတယ်။ အောက်မှာဖော်ပြထားတဲ့ အရာတွေထဲမှာ တချို့အရာတွေက သင်အချိန်မရွေး လုပ်ဆောင်နိုင်တဲ့အရာတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

✅ဓာတ်ပုံရိုက်ခြင်း

မင်္ဂလာဆောင်များ၊ အထူးပွဲများ၊ Professional Headshot များအတွက် အရည်အသွေးကောင်းပြီး စျေးသက်သာတဲ့ ဓာတ်ပုံတွေဟာ ဝယ်လိုအား ဘယ်သောအခါမှ မလျော့သွားပါဘူး။ သင့်ရဲ့ အနုပညာကို Website မှာပြသထားပြီး သင့်ရဲ့ Service ကို သုံးစွဲကြည့်ဖို့ ကြိုတင် booking ယူခိုင်းစေခြင်းဖြင့် သင့်ရဲ့ဝါသနာကနေ ငွေစတင်စုဆောင်းနိုင်ပါတယ်။

✅Coding ရေးခြင်း

Bug bounty program တွေကနေ Website ဒီဇိုင်းတွေအထိ အလွတ်တန်း Coding ရေးခြင်းဟာ အဓိက ပိုက်ဆံ စုဆောင်းဖို့အတွက် အခွင့်အလမ်းများ ပေးနိုင်ပါတယ်။ HTML, Python, Java, C++ ဒါမှမဟုတ် တခြား Coding Language ပေါင်းများစွာကနေ ငွေရေးကြေးရေး အကျိုးအမြတ် ရရှိနိုင်ပါတယ်။

✅ရုပ်သံရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း

Social Media မှာ အမှတ်တံဆိပ်တစ်ခုကို စျေးကွက်မြှင့်တင်ခြင်း ဒါမှမဟုတ် Podcast တစ်ခု စတင်ခြင်းတို့ ဆောင်ရွက်တဲ့အခါ အလွတ်တန်းထုတ်လုပ်သူများဟာ စျေးကွက် Campaign ကို အသက်ဝင်အောင် ဆောင်ရွက် နိုင်ပါတယ်။ အရင်ကလုပ်ဆောင်ခဲ့ဖူးတဲ့ သင့်ရဲ့လက်ရာတွေနဲ့ သင့်ကိုသင် ကြော်ငြာပါ။ ပြီးတော့ သင့်ရဲ့ အတွေ့အကြုံကို Adobe Creative Suite ဒါမှမဟုတ် Pro Tools စတဲ့ ပရိုဂရမ်များနဲ့ ဖော်ပြနိုင်ပါတယ်။

✅မုန့်ဖုတ်လုပ်ငန်း

သင့်ရဲ့ လှပတဲ့ကိတ်တွေ၊ ကွက်ကီးတွေနဲ့ တခြားမုန့်တွေဟာ အရသာရှိလှတဲ့ ကျွေးမွေးမှုတွေထက် ပိုပြီး ကောင်းမွန်လှပါတယ်။ သူတို့ဟာ ဝင်ငွေရင်းမြစ်တစ်ခုဖြစ်လာနိုင်ပါတယ်။ Pandemic အချိန်အတွင်းမှာဆို စွန့်ဦးတီထွင်သူအများစုဟာ အိမ်တွင်း မုန့်ဖုတ်ခြင်းကနေတစ်ဆင့် အောင်မြင်မှုတွေကို သင့်တော်တဲ့ အစီအစဉ် တွေ၊ အမြဲစားသုံးနေတဲ့ ဖောက်သည်တွေကြောင့် ရရှိခဲ့ပါတယ်။

✅သင့်ရဲ့ ဝါသနာဟာ စီးပွားရေးတစ်ခု ဖြစ်နိုင်လားဆိုတာ ဆန်းစစ်ပါ။

အဲ့ဒီဝါသနာအတွက် ငွေကြေးဆုံးဖြတ်ချက်တွေ ဒါမှမဟုတ် ခိုင်မာတဲ့ကတိကဝတ်တွေမပေးခင်မှာ သင့်ရဲ့ ထူးခြားတဲ့ဝါသနာကနေ ဝင်ငွေပုံမှန် စုဆောင်းနိုင်သလားဆိုတာကို စဉ်းစားပါ။ သင်ဦးတည်ထားတဲ့ ဝယ်သူတွေက ဘယ်သူတွေလဲ။ လက်ရှိမှာ ဘယ်သူတွေက ဘယ်လိုလုပ်ကိုင်နေကြသလဲ။ သင့်မှာစုဆောင်းထားတဲ့ ငွေ ဘယ်လောက်ရှိလဲ။ ငွေဘယ်လောက်ကိုရှာဖွေဖို့ သင်မျှော်လင့်ထားသလဲ။ သင့်ရဲ့ကိုယ်ပိုင်ငွေကို သင့်ရဲ့လုပ်ငန်းမှာ မမြှုပ်နှံခင် သင်ဘာကိုအလိုရှိလဲဆိုတာကို ထင်ထင်ရှားရှားသိဖို့ အဓိကကျပါတယ်။ အောက်ဖော်ပြပါ အဆင့်တွေက သင့်ရဲ့ဝါသနာကို အသက်မွေးဝမ်းကြောင်းအဖြစ် ပြောင်းလဲအောင် ကူညီပေးနိုင်ပါတယ်။

✅သူငယ်ချင်းတွေနဲ့ စုပေါင်းလုပ်ကိုင်ကြည့်ပါ။

ကျွန်ုပ်တို့မှာ Eureka အချိန်ဖြစ်ပေါ်တဲ့အခါ တစ်ခါတလေကျ ယုတ္တိကျတဲ့ တွေးခေါ်မှုများထဲမှ အမှားတွေကို မမြင်နိုင်တာတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီအရာတွေကို လျင်လျင်မြန်မြန်သိဖို့ရာအတွက် သင့်ရဲ့အိုင်ဒီယာကို ယုံကြည်ရတဲ့ သူငယ်ချင်းတချို့နဲ့တိုင်ပင်ပြီး လုပ်ကိုင်ကြည့်ပါ။ သင့်ရဲ့အိုင်ဒီယာကို လက်တွေ့မှာ အကောင် အထည်ဖော်တဲ့အခါ သင်တောင်မတွေးကြည့်ဖူးတဲ့ တွေ့ကြုံနိုင်တဲ့ အခက်အခဲများကို သူတို့က ထောက်ပြပေးနိုင်ပါတယ်။

✅စျေးကွက်ကို ဆန်းစစ်ပါ။

တခြားသူတွေမှာလည်း သင့်လိုပဲ တူညီတဲ့ အိုင်ဒီယာ ရှိနိုင်ပါတယ်။ သင့်လုပ်ငန်းအတွက် ဝယ်လိုအား၊ စျေးကွက် အရွယ်အစား၊ Customer တွေရဲ့ အလားအလာနဲ့ မျှော်လင့်ချက်တွေကို စေ့စပ်စွာ သုတေသနပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပိုပြီး တိတိကျကျဖြစ်ဖို့ဆိုရင် သင့်ရဲ့ ပြိုင်ဘက်တွေကိုတောင်မှ ဆန်းစစ်မှုများ ပြုလုပ်သင့်ပါတယ်။ သူတို့ဟာ သင့်နဲ့ယှဉ်နိုင်တဲ့ ကုန်ပစ္စည်းကို ပေးကောင်းပေးနိုင်ပါတယ်။ သို့ပေမဲ့ သင့်ရဲ့ ရည်မှန်းချက်က သူတို့ကို ကျော်သွားနိုင်ဖို့ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့လုပ်ငန်းမှ ဝယ်ယူသူတွေရဲ့ စကားသံကို ဆန်းစစ်ပြီး ဟာကွက်ကို ရှာပါ။ သင့်ရဲ့ လုပ်ငန်းတူတွေကို သေချာစွာကြည့်မယ်ဆိုရင် သူတို့တွေရဲ့ ကျန်ရှိနေတဲ့ ဟာကွက်တွေကို အခွင့်အလမ်းအနေဖြင့် ရှာတွေ့ပါလိမ့်မယ်။

✅ကွန်ရက်

အရင်က စီးပွားရေး ဒါမှမဟုတ် ထုတ်ကုန်ပစ္စည်းတစ်ခုခုကို ဖြန့်ဖြူးဖူးတဲ့သူများနဲ့ ရင်းနှီးမှုရှိခြင်းဟာလည်း တန်ဖိုးမဖြတ်နိုင်တဲ့ အရာဖြစ်ပါတယ်။ သူတို့ဟာ သင့်ထက် ခရီးကြိုပြီးလျှောက်လှမ်းနေကြသူများ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ သင့်ကို ငွေကုန်ကြေးကျများတဲ့ အမှားမျိုးတွေ မကြုံတွေ့အောင် ကူညီပေးနိုင်ပါတယ်။ တကယ်လို့ သင်ဟာကံကောင်းခဲ့ရင် သင်နဲ့ အတွေ့အကြုံဆင်တူတဲ့ သူတစ်ယောက်ယောက်ကို သင်ရှာတွေ့ ကောင်းရှာတွေ့ ပြီးတော့ အဲ့ဒီသူကလည်း သင့်ကိုလမ်းပြပေးဖို့အတွက် ဆန္ဒရှိနေပါလိမ့်မယ်။ သင့်ရဲ့ ကွန်ရက်၊ Mentor တွေနဲ့ အဆက်အသွယ်ထားရှိပါ။ ဒါမှသာ သင်သွားတဲ့လမ်းကြောင်းမှာ အတားအဆီးရှိခဲ့ရင် သူတို့က ကူညီပေးပါလိမ့်မယ်။

✅Business Plan တစ်ခုဆွဲပါ။

Business plan တစ်ခုကို အသေးစိတ် မရေးဆွဲရသေးဘဲနဲ့ ပရောဂျက်တစ်ခုမှာ ငွေအများကြီး မမြှုပ်နှံသင့်ပါဘူး။ အရင်ဦးဆုံးလုပ်ကိုင်ရမှာကတော့ စျေးကွက်ကို ဆန်းစစ်ပါ။ နောက်ပြီးတော့ လုပ်ငန်းစတင်မယ့် ကုန်ကျစရိတ်တွေနဲ့ အာမခံကြေး၊ စျေးကွက်မြှင့်တင်ဖို့အတွက် ကုန်ကျငွေ၊ မျှော်လင့်ထားတဲ့ ဝင်ငွေ၊ အခွန်တွေကို တွက်ချက်ပါ။ အဲ့ဒီအရာတွေက တချို့အခြေခံအဆင့်ဖြစ်နိုင်ခြေတွေနဲ့ ရန်ပုံငွေအတွက် လမ်းညွှန်မှုတွေဖြစ်နိုင်ပါတယ်။ လိုအပ်တဲ့ သုတေသနတွေ၊ ဆန်းစစ်မှုတွေ ဆောင်ရွက်ပြီးတဲ့အခါ အောက်ဖော်ပြပါအဆင့်တွေက သင့်ရဲ့ ထူးခြားတဲ့ဝါသနာကို လုပ်ငန်းတစ်ခုအဖြစ်သို့ ပြောင်းတဲ့အခါ သင့်ကိုအောင်မြင်မှုရဖို့ အထောက်အပံ့ကောင်းများ ဖြစ်နိုင်ပါတယ်။

✅MVP တစ်ခုတည်ဆောက်ပါ။

ယခုလို ဆော့ဖ်ဝဲတွေ ဖွံ့ဖြိုးတိုးတက်နေတဲ့ခေတ်မှာ Minimum Viable Product (MVP) ဆိုတဲ့ နည်းလမ်းက ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အိုင်ဒီယာကို Early adopter အုပ်စုအဖွဲ့နဲ့ စမ်းသပ်ကြည့်ပါ။ ဦးဆုံးထုတ်လုပ်တဲ့ ထုတ်ကုန်ဟာ အခြေခံအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေဖို့ လိုအပ်ပါတယ်။

✅ပန်းတိုင်များချမှတ်ပါ။

သင့်ရဲ့ ပထမနှစ် ငွေကြေးမျှော်မှန်းချက်တွေဟာ ယုတ္တိရှိပါစေ။ ဘာကြောင့်လဲဆိုရင် လုပ်ငန်းတော်တော် များများဟာ သူတို့ရဲ့ စီးပွားရေး ပထမနှစ်မှာ ငွေတွေကုန်ကျမှုများတာက ဖြစ်လေ့ဖြစ်ထရှိတာကြောင့်ပါ။ ဥပမာ အစပိုင်းရင်းနှီးမြှုပ်နှံမှုများအတွက် ချေးငွေယူထားတာတွေကို ပြန်လည်ပေးရတာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ရည်မှန်းချက်တွေပြည့်မြောက်ဖို့ စီစဉ်တဲ့အခါ ရည်မှန်းချက်ကြီးပေမယ့် လက်တွေ့ကျကျ လုပ်ဆောင်သင့်ပါတယ်။

✅လိုအပ်တဲ့အကူအညီများရယူပါ။

သင့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို သတိပြုမိတဲ့အခါ ဘယ်အချိန်မှာ အကူအညီတောင်းခံရမလဲဆိုတာကို သိပါလိမ့်မယ်။ ဥပမာ သင်ဟာ ထုတ်ကုန်ကိုတော့ ဖန်တီးနိုင်တယ်၊ ဒါပေမဲ့ စျေးကွက်နဲ့ဆိုင်တဲ့ ဆန်းစစ်မှုတွေ မှာတော့ အကူအညီလိုတာမျိုး၊ ဒါမှမဟုတ် ကုန်ပစ္စည်းအမှတ်တံဆိပ် တည်ဆောက်တာတွေနဲ့ ထုတ်ကုန်ကို စျေးကွက်မြှင့်တင်တာတွေမှာ အကူအညီလိုတာမျိုးတွေပါ။

✅စျေးကွက်နဲ့ ခေတ်ရေစီးကြောင်းကို အမြဲစောင့်ကြည့်ပါ။

စျေးကွက်များနဲ့ လမ်းကြောင်းတွေဟာ လျင်မြန်စွာ ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ပြိုင်ဘက်တွေကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး ဝယ်ယူသူတွေရဲ့ လိုအပ်ချက်တွေကိုလည်း စောင့်ကြည့်စစ်ဆေးပါ။ စျေးကွက်နဲ့ ယဉ်ကျေးမှုရေစီးကြောင်းကို လိုက်မီအောင်နေခြင်းက အချိန်ကျလို့ ပြောင်းလဲဖို့လို့အပ်လာတဲ့အခါမှာ ဦးစားပေးပြောင်းလဲရမယ့်အရာတွေအတွက် အဆင့်သင့်ဖြစ်နေပါလိမ့်မယ်။ ကိုယ်စိတ်ဝင်စားတဲ့ Project တစ်ခုကနေ အောင်မြင်တဲ့ စီးပွားရေးဖြစ်ဖို့ အရေးကြီးဆုံးအရာကတော့ သင့်ရဲ့ အမြင်ကို ယုံကြည်ပါ။ အဲ့ဒီယုံကြည်မှုနဲ့အတူ ဘာပဲဖြစ်ဖြစ် ရှေ့ဆက်ဖို့ပဲ ဖြစ်ပါတယ်။

entrepreneur.com မှ Bidhan Baruah (Co-founder and COO of Taazaa Inc.) ရေးသားထားတဲ့ How to Turn Your Hobby into a Successful ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန် ရေးဖွဲ့ထားပါတယ်။

Daw May Thiri Khit

BA (Russian), YUFL

Diploma in English (YUFL), ADBM, DBM

M.Econ. (International Program)

Chiang Mai University, Thailand