“ ဝါသနာနဲ့ဘဝ ထပ်တူကျဖို့ ”

ကျွန်တော်တို့ဟာ များသောအားဖြင့်တော့ ကိုယ့်ရဲ့ဝါသနာကို မသိတဲ့သူများပါတယ်။ ကိုယ့်ဝါသနာဘာလဲလို့ ဆန်းစစ်လိုက်ရင် တွေဝေနေတတ်ပြီး ဘာမှန်းရေရေရာရာမသိဘဲ ဖြစ်တတ်ကြပါတယ်။ ဒါဆိုရင် ဝါသနာဆိုတာဘာလဲသိဖို့ လိုပါတယ်။

• ဝါသနာကို သိဖို့အရေးကြီးလား။ ဘာကြောင့်အရေးကြီးသလဲ။ • ဝါသနာကို သိဖို့ ဘာလုပ်ရမလဲ။ • ဝါသနာကိုမသိခင် ဘာတွေလုပ်ထားသင့်လဲ။ • ဝါသနာနဲ့သင့်ဘဝ ထပ်တူကျရဲ့လား။ ဝါသနာနဲ့ သင့်အလုပ်ထပ်တူကျရဲ့လား။

“ဝါသနာဆိုတာ”

ဝါသနာဆိုတာဘာလဲ။ ဝါသနာဆိုတာကို မြန်မာအဘိဓာန်မှာ “စွဲမြဲနေသောအကျင့်”လို့ အနက်ဖွင့်ထားတယ်။ စွဲမြဲနေရမယ်။ အကျင့်ဖြစ်ရမယ်။ ဒါဆို ဝါသနာလို့ ပြောလို့ရပါပြီ။ စွဲမြဲဖို့ဆိုတာက အမြဲလုပ်ဆောင်မှုရှိရမယ်။ အမြဲလုပ်ဆောင်နေဖို့က ကိုယ်လုပ်မယ့်အလုပ်မှာ ပျော်နေရမယ်။ ပျော်နေမှလည်း စွဲစွဲမြဲမြဲလုပ်နိုင်မယ်။ အဲဒီလိုစွဲစွဲမြဲမြဲ လုပ်လာတဲ့အခါ အကျင့်တွေဖြစ်သွားတယ်။ အဲဒီအကျင့်ကောင်းတွေကပဲ ကိုယ့်ဘဝကို ပုံဖော်တာဖြစ်ပါတယ်။ We first make our habits, then our habits make us. (ENGLISH POET) ဆိုသလိုပါပဲ။ “ကျွန်တော်တို့က အစမှာ အကျင့်တွေကို စလုပ်တယ်။ နောက်တော့ အကျင့်တွေက ကျွန်တော်တို့ကို လုပ်ဆောင်သွားတယ်။ အဲဒီလို အကျင့်ကောင်းတွေကို စွဲစွဲမြဲမြဲလုပ်လာနိုင်တဲ့အခါမှာလည်း ကျွန်တော်တို့ဟာ အောင်မြင်မှုကို ရရှိမှာပဲ ဖြစ်ပါတယ်။

တစ်ဖန် ဝါသနာကို အင်္ဂလိပ်လို (Hobby )ဆိုပြီး နားလည်ထားကြပါတယ်။ သူ့ရဲ့အနက်အဓိပ္ပာယ်ကိုတော့ “an activity done regularly in one’s leisure time for pleasure”လို့ ဆိုထားပါတယ်။ “အားလပ်ချိန်မှာ ပျော်ရွှင်ဖို့ လုပ်ဆောင်တဲ့လုပ်ငန်း”လို့ ဘာသာပြန်ဆိုနိုင်ပါတယ်။ ဝါသနာကို သင့်အားလပ်ချိန်မှာ သင့်ဘဝအတွက် လုပ်ဆောင်သင့် ပါတယ်။ အစကတော့ ကျွန်တော်တို့တွေဟာ ဝါသနာကို ပျော်ရွှင်မှုအတွက် လုပ်ဆောင်ရင်းကနေ ကြာလာတဲ့အခါ စွဲမြဲတဲ့အကျင့်ဖြစ်သွားပြီး ဝါသနာပါတဲ့အလုပ်မှာ ကျွမ်းကျင်မှုရှိလာနိုင်ပါတယ်။ သင်ဟာ အလုပ်တစ်ခုမှာ ဝါသနာလည်း ပါမယ်၊ ကျွမ်းကျင်မှုလည်း ရှိလာမယ်ဆိုရင် လုပ်ငန်းခွင်မှာ အပျော်ဆုံးလူက သင်ပဲဖြစ်လာမှာပါ။ ဒါကြောင့် ဝါသနာဆိုတာ သင်ကိုယ်တိုင်ရှာဖွေလုပ်ဆောင်သင့်တဲ့ အရာဖြစ်ပါတယ်။

“ဝါသနာကို သိဖို့အရေးကြီးသလား”

ဝါသနာဆိုတာကို သိဖို့ အင်မတန်အရေးကြီးလှပါတယ်။ ဝါသနာကိုသိရင် သင့်ဘဝအတွက် ပျော်စရာတစ်ဝက်ကို ပိုင်ဆိုင်ရပြီလို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝါသနာဆိုတာ သင့်ပျော်ရွှင်ရာဖြစ်လို့ပါပဲ။ ဝါသနာက သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းခြင်း၊ အိပ်ပျော်စားဝင်နိုင်ခြင်း၊ စိတ်ဖိစီးမှုလျော့ကျစေခြင်းနဲ့ ဘဝကို ကျေနပ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ဝါသနာပါရာကိုလုပ်နေရရင် ထမင်းမေ့ဟင်းမေ့လုပ်နိုင်ကြတယ်။ မငြီးမငွေ့လု ပ်နိုင်ကြတယ်။ ကိုယ့်ရဲ့စိတ်ပျော်ရာနေရာမှာ အလုပ်လုပ်နိုင်ဖို့ ဝါသနာကို သိဖို့လိုအပ်ပါတယ်။ မြန်မာစကားပုံ တစ်ခုရှိတယ်။ “ပျော်ရာမှာမနေ၊ တော်ရာမှာနေ”တဲ့။ ဒါပေမဲ့ တော်ရာမှာပျော်နေဖို့လည်း လိုအပ်ပါတယ်။ တော်ရာသင့်ရာအလုပ်မှာ မပျော်ဘဲနေနေရရင် ငွေရတာတစ်ခုပဲရှိပြီး ကျန်တာမရတော့ဘဲ နေပါလိမ့်မယ်။ ဒါကြောင့် ဝါသနာဆိုတာသိဖို့ အင်မတန်အရေးကြီးပါတယ်။

“ဝါသနာသိဖို့”

ဝါသနာကိုသိဖို့ ဘာလုပ်သင့်သလဲ။ ဝါသနာကိုသိဖို့ အလွယ်ဆုံးလုပ်ရမယ့်အချက်ကတော့ “သင်ပျော်တာကို သင်ကိုယ်တိုင် လုပ်ဆောင်ခြင်း”ပဲ ဖြစ်ပါတယ်။ အဲ့ဒီထက် ပေါ့ပါးကျစ်လျစ်ပြီး လူငယ်ဆန်အောင်ပြောရရင် “ပျော်တာသာလုပ်" လို့ ပြောရပါလိမ့်မယ်။ သင်က သင်ပျော်တာကို လုပ်နေရင်း သင့်ဝါသနာကို တွေ့လာနိုင်ပါတယ်။ သင်က အစားပဲကြိုက်တယ် ဆိုရင်တောင် “Food blogger” လုပ်ပြီး ငွေရှာလို့ရပါတယ်။ အဓိကအချက်က သင်ကြိုက်တဲ့ အလုပ်ဖြစ်ဖို့ပါပဲ။ သင်ကြိုက်တဲ့ အလုပ်ကိုလုပ်နေရင်း သင့်ဝါသနာ၊ သင့်အိပ်မက်ကို တွေ့လာပါလိမ့်မယ်။ ဝါသနာနဲ့ အိပ်မက်တွေဟာ တစ်ပါးသူ ရှာပေးလို့ရတဲ့ အရာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် တည်ဆောက်လေ့ကျင့်ယူရတဲ့ အရာပဲ ဖြစ်ပါတယ်။

ဝါသနာကို သိဖို့လုပ်ဆောင်ရမယ့် နောက်တစ်နည်းက သင့်ရဲ့ပါရမီကိုရှာပါ။ သင့်မလုပ်ဘဲတတ်နေတယ်လို့ ခံစားရတဲ့အရာက သင့်ရဲ့ ပါရမီဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် သင့်ပါရမီကို ရှာပါ။ သင့်ပါရမီကို မွေးမြူရင်းကနေလည်း အောင်မြင်နိုင်ပါတယ်။ ပါရမီဆိုတာက သင့်ကျွမ်းကျင်မှုကို အထောက်အကူပြုတဲ့အရာပဲဖြစ်ပါတယ်။ သင့်က သင့်အလုပ်မှာ ကျွမ်းကျင်မှု ရှိနေရင်လည်း ပျော်ရွှင်စရာဖြစ်စေပါတယ်။ စိတ်ကို ကြည်လင်စေပါတယ်။ ဒါကြောင့် သင့်ပါရမီကို ရှာပါ။ (သတိထားရမှာက သင်က ပါရမီမရှိရင်တောင် ကြိုးစားရင် အတန်အသင့်တော့ အောင်မြင်နိုင်ပါတယ်။)

သင်က သင့်ဝါသနာသိဖို့ခက်ခဲနေမယ်ဆိုရင် သင့်ရဲ့သူရဲကောင်း၊ လေးစားအားကျရတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဆိုတာ စဉ်းစား ကြည့်ပါ။ အဲ့ဒီပုဂ္ဂိုလ်ကို ဘာကြောင့်လေးစားသလဲ။ သူ့ရဲ့စရိုက်ကြောင့်လား၊ သူ့ရဲ့အလုပ်အကိုင်ကြောင့်လားဆိုတာ စဉ်းစားကြည့်လိုက်ပါ။ အဲ့ဒီအခါ သင့်ဝါသနာကို ရေးရေးလေးမြင်နိုင်ပါလိမ့်မယ်။ သင်ဟာ သင်အားကျရတဲ့ လူပုဂ္ဂိုလ်ရဲ့ စရိုက်လက္ခဏာတွေကို သင်မသိမသာ ရရှိလာမယ်။ သင့်ကိုယ်ထဲမှာ မွေးမြူလာနိုင်မယ်။ လုပ်ဆောင်လာနိုင်မယ်။ ဒီနည်းနဲ့လည်း သင့်ဝါသနာကို ရှာဖွေနိုင်ပါလိမ့်မယ်။ သင့်ရဲ့ဝါသနာကို သင်မသိသေးရင် သင့်ဘဝ လိုအပ်ချက်တွေကို တွေးကြည့်လိုက်ပါ။ သင့်လိုအပ်ချက်က သင့်ဝါသနာ မဟုတ်ရင်တောင် သင်ကောင်းကောင်းလုပ်ဆောင်ဖို့ သေချာပါတယ်။ လူတိုင်းဟာ သူတို့ဘဝ လိုအပ်ချက်အတွက် မမောမပန်း အသက်ရှင်လုပ်ကိုင်ကြတာဖြစ်လို့ သင်က သင့်ဝါသနာကို မသိသေးရင် လိုအပ်တာကိုသာ အရင်ဆုံးလုပ်ကြည့်ပါတယ်။ သင်လမ်းစ ရလာပါလိမ့်မယ်။

တစ်ခါ သင့်ဘဝရည်မှန်းချက်တွေကို ရှာဖွေကြည့်ခြင်းဖြင့်လည်း သင့်ဝါသနာကို တွေ့နိုင်ပါတယ်။ တချို့လူတွေဟာ သူတို့ဝါသနာကို မသိပေမယ့် သူတို့ဘဝမှာ ဘာဖြစ်ချင်ကြသလဲဆိုတာကိုတော့သိပါတယ်။ ဘဝမှာ ဘယ်လိုနေချင်လဲ၊ ပိုင်ဆိုင်မှုဘယ်လောက် ရှိချင်လဲ၊ ဘယ်လိုစီးပွားရေးမျိုးလုပ်ချင်လဲဆိုတာကိုတော့သိပါတယ်။ ဒီလိုနေရာမျိုးမှာ သင့်ဝါသနာကို မသိလည်း သင့်ဘဝ ရည်မှန်းချက်တွေနောက်ကို လိုက်ရင်းနဲ့လည်း အဆင်ပြေနိုင်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ သင့်ငယ်ဘဝကို ပြန်တမ်းတကြည့်ပါ။ အဲဒီငယ်ဘဝမှာ သင်ဘာတွေဖြစ်ချင်ခဲ့တယ်၊ ဘာတွေလုပ်ချင်ခဲ့တယ်၊ ဘယ်အရာတွေမှာတော်ခဲ့လဲစတဲ့အချက်တွေကို ရှာဖွေကြည့်ပြန်ရင်လည်း သင့်ဝါသနာကို သိနိုင်ပါတယ်။ ငယ်ငယ်က ခဏတစ်ဖြုတ်ပေါ်လာတဲ့ဝါသနာလေးတွေရှိတတ်ကြတယ်။ တချို့ဝါသနာတွေဆိုရင် အချိန်တော်တော်ကြာကြာအထိ ရှိနေတတ်ကြပါတယ်။ သင်က အခုအချိန်မှာ လမ်းပျောက်သလို ခံစားနေရရင် ငယ်ဘဝအိပ်မက်တွေကို ပြန်လည်တူးဖော်ကြည့်ပါ။

“ မဖြစ်မနေလုပ်သင့်တဲ့အရာများ ”

သင်က သင့်ဝါသနာကို သိဖို့ခက်ခဲနေမယ်။ ရှာလည်းမရှာဖွေတတ်ဘူးဆိုရင်တော့ အောက်ပါအချက်အလက်တွေကို လုပ်ကြည့်သင့် ပါတယ်။ ဝါသနာဆိုတာ ရှာဖွေလို့မရတဲ့အခါ လုပ်ယူရပါတယ်။ ဒီနေရာမှာ ဘာကြောင့် ဒီအချက်လုပ်သင့်ပါတယ်ဆိုတာကို အကျယ်ချဲ့ပြီး ရေးမပြတော့ပါဘူး။ သင့်ကိုယ်တိုင်သာ စဉ်းစားကြည့်ပါ။

(၁) နည်းပညာလေ့လာလိုက်စားခြင်း

(၂) ဓာတ်ပုံပညာလေ့လာခြင်း

(၃) စာဖတ်ခြင်း

(၄) စာရေးခြင်း

(၅) ပုံမှန်ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်း (ဒါမှမဟုတ်) ခန္ဓာဗေဒအကြောင်းလေ့လာခြင်း

(၆) လက်မှုပညာတစ်ခုခုသင်ယူခြင်း

(၇) သင်တန်းတစ်ခုခု စမ်းတက်ကြည့်ခြင်း (ဒါမှမဟုတ်) (ပရဟိတ)အဖွဲ့အစည်းတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ခြင်း

(၈) DIY စမ်းလုပ်ကြည့်ခြင်း

(၉) အနုပညာလေ့လာခြင်း (ဒါမှမဟုတ်) တူရိယာတစ်ခု တီးခတ်ခြင်း

(၁၀) ဘာသာစကားလေ့လာခြင်း

(၁၁) ခရီးသွားခြင်း စတဲ့အချက်အလက်တွေကို စမ်းလုပ်ကြည့်စေချင်ပါတယ်။

ဒီလိုလုပ်ခြင်းက သင့်ရဲ့စွမ်းဆောင်ရည်တွေ၊ အချိတ်အဆက်တွေ၊ ပေါင်းသင်းဆက်ဆံရေးတွေ ကောင်းလာပြီး သင့်ဝါသနာကို ရှာဖွေနိုင်ပါလိမ့်မယ်။ သင်က သင့်ဝါသနာကို မတွေ့သေးဘူး၊ မသိသေးဘူးဆိုရင် အမြန်ဆုံးရှာဖွေပါ။ ဝါသနာနဲ့အလုပ် ထပ်တူကျခြင်းက ဘဝတစ်ခုစာ အေးချမ်းဖူလုံစေပါတယ်။ ဝါသနာနဲ့ဘဝ ထပ်တူကျခြင်းဟာ သင့်ကိုယ်တိုင်၊ သင့်ကိုယ်သင် ချီးမြှင့်ရမယ့် ဆုလာဘ်တစ်ခုပါပဲ။

U Aung Thu

B.Com, M.Com (Mtl Eco)

PG Dip Research Studies (Myw Eco)