အဖွဲ့အစည်းယဉ်ကျေးမှု ထားရှိခြင်းရဲ့ အ​ရေးပါပုံ

Organizational Culture ဆိုရင် အဖွဲ့အစည်းယဉ်ကျေးမှု (ဒါမှမဟုတ်) လုပ်ငန်းခွင်ယဉ်ကျေးမှုလို့ ဆိုကြပါတယ်။ လုပ်ငန်းတစ်ခု စတင်လည်ပတ်ပြီဆိုရင် ဝန်ထမ်းတွေကို စီမံခန့်ခွဲခြင်းဟာလည်း ရှောင်လွှဲလို့ မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီလို ဝန်ထမ်းတွေကို စီမံခန့်ခွဲတဲ့အခါမှာ အဖွဲ့အစည်း ယဉ်ကျေးမှု ဆိုတာဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါကြောင့် တိုးတက်မှုရှိတဲ့ လုပ်ငန်းခွင် အခွင့်အလမ်းကို ရှာဖွေနေတဲ့သူတွေဟာ ခိုင်မာအားကောင်းတဲ့ အဖွဲ့အစည်း ယဉ်ကျေးမှုရှိတဲ့ လုပ်ငန်းမျိုးကို အမြဲရှာဖွေလေ့ရှိကြပါတယ်။ ဒါ့အပြင် အဖွဲ့အစည်းယဉ်ကျေးမှုဟာ လုပ်ငန်းများကို အောင်မြင်မှု ရရှိဖို့  အပြုသဘောဆောင်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါဆိုရင် Organizational Culture လို့ခေါ်တဲ့ အဖွဲ့အစည်း ယဉ်ကျေးမှုဆိုတာ ဘာလဲ? အဓိပ္ပာယ်ကတော့ အဖွဲ့အစည်းယဉ်ကျေးမှုဆိုတာ ကုမ္ပဏီတစ်ခုရဲ့ ရည်မှန်းချက်များ၊ သတ်မှတ်ချက်များနဲ့ တန်ဖိုးများကို ဝန်ထမ်းများအား နားလည်လက်ခံစေပြီး ပြည့်မီအောင်ဆောင်ရွက်ပေးနိုင်စေဖို့ လမ်းညွှန်ပေးနိုင်တဲ့ အရာများကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ အဖွဲ့အစည်းယဉ်ကျေးမှုဖန်တီးထားတဲ့ လုပ်ငန်းများဟာ ဝန်ထမ်းစွမ်းဆောင်ရည်၊ ကုန်ထုတ်စွမ်းအားနဲ့ ဝန်ထမ်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်မှု စတဲ့အချက်များကို ခိုင်မာအားကောင်းစေဖို့ မြှင့်တင်ပေးနိုင်တဲ့ စနစ်များရှိတာကြောင့် သာမန် အဖွဲ့အစည်းများထက် အောင်မြင်နိုင်ခြေ ပိုမိုများပြားပါတယ်။

ဘာကြောင့် အဖွဲ့အစည်းယဉ်ကျေးမှု ပြုစုပျိုးထောင်ဖို့ အရေးကြီးတာလဲ ?


1. ဝန်ထမ်းတွေအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုကို တိုးတက်စေပါတယ်။

ခိုင်မာအားကောင်းတဲ့ အဖွဲ့အစည်းယဉ်ကျေးမှုကို ဖန်တီးထားတဲ့ အလုပ်ပတ်ဝန်းကျင်ဟာ ရည်ရွယ်ချက်နဲ့ ရှင်းလင်းတဲ့ မျှော်လင့်ချက်များနဲ့ မောင်းနှင်နေတဲ့အတွက် ဝန်ထမ်းတွေကို သူတို့ရဲ့ လုပ်ငန်းတာဝန်များ၊ တခြားသူများနဲ့ အပြန်အလှန်ချိတ်ဆက်‌ဆောင်ရွက်မှုများမှာ ပိုမိုပါဝင်လာစေဖို့ လှုံ့ဆော်ပေးပါတယ်။ အဖွဲ့အစည်းတစ်ခုနဲ့ အဲဒီအဖွဲ့အစည်းရဲ့ ဝန်ထမ်းများကြား ခိုင်မာတဲ့ချိတ်ဆက်မှုရှိခြင်းက လျစ်လျူရှုဖို့ ခက်ခဲတဲ့ အကောင်းမြင်မှု အငွေ့အသက်ကို ဖန်တီးပေးနိုင်ပါတယ်။
2. ဝန်ထမ်းများရဲ့ အလုပ်ထွက်နှုန်း လျော့နည်းစေပါတယ်။

လုပ်ငန်းတစ်ခုမှာ တန်ဖိုးထားလေးစား ခံရသူများက အဲဒီလုပ်ငန်းကို စွန့်ခွာဖို့ အလားအလာ အရမ်းနည်းပါတယ်။ ဒါကြောင့် လုပ်ငန်းများဟာ သူတို့ ရဲ့သတ်မှတ်ထားတဲ့ တန်ဖိုးများနဲ့ ရည်ရွယ်ချက်တို့ကို ပံ့ပိုးပေးနိုင်တဲ့ အောင်မြင်တဲ့ အဖွဲ့အစည်းယဉ်ကျေးမှုကို မွေးမြူဖို့လုပ်ငန်းများအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာ ပျော်ရွှင်တဲ့ ဝန်ထမ်းများဟာ လုပ်ငန်းများရဲ့ အချိန်နဲ့ငွေကို အများဆုံး ကုန်ကျစေတဲ့ အလုပ်ထွက်နှုန်းကို လျော့နည်းစေပါတယ်။ ဒါကြောင့် ခိုင်မာတဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကို ပိုင်ဆိုင်လိုတဲ့ လုပ်ငန်းများဟာ ဝန်ထမ်းကောင်းများကို ထိန်းသိမ်းဖို့နဲ့ တိုးတက်စေတဲ့အဆင့်များကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

3. ကုန်ထုတ်စွမ်းအားကို မြင့်တက်စေပါတယ်။

ဝန်ထမ်းများ အောင်မြင်စေဖို့ လိုအပ်တဲ့ အရင်းအမြစ်များနဲ့ ကိရိယာများရှိတဲ့အခါ ကုန်ထုတ်စွမ်းအားနဲ့ စွမ်းဆောင်ရည်အဆင့်ကို တိုးမြင့်စေနိုင်ပါတယ်။ အဖွဲ့အစည်းယဉ်ကျေးမှုဟာ လုပ်ငန်းခွင်တစ်ခုရဲ့ ဖွဲ့စည်းပုံကို သက်ရောက်မှုရှိပြီး တူညီပြီးကျွမ်းကျင်မှုရှိတဲ့လူများကို အတူတကွ ရောက်လာစေပါတယ်။ ဒါ့အပြင် အလားတူ နောက်ခံများနဲ့ ကျွမ်းကျင်မှုများကို မျှဝေပြီး အလုပ်လုပ်သူများဟာ လုပ်ငန်း ပရောဂျက်များကို ကိုင်တွယ်ရာမှာ ပိုမိုလျင်မြန်‌ချောမွေ့စွာအတူတကွ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
4. ခိုင်မာတဲ့ လုပ်ငန်းအမှတ်တံဆိပ်အထောက်အထား ဖြစ်ပေါ်စေပါတယ်။
စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အဖွဲ့အစည်းယဉ်ကျေးမှုဟာ အများပြည်သူများအကြား ပုံရိပ်နဲ့ ဂုဏ်သတင်းကို ကိုယ်စားပြုပါတယ်။ လူအများဟာ လုပ်ငန်းအတွင်းနဲ့ ပြင်ပမှာ သူတို့ရဲ့ အပြန်အလှန်ဆက်ဆံမှုများအပေါ် အခြေခံပြီး စီးပွားရေးလုပ်ငန်းများနဲ့ပတ်သက်ပြီး ယူဆချက်မျိုးစုံ ပြုလုပ်လေ့ရှိပါတယ်။ အဖွဲ့အစည်း ယဉ်ကျေးမှုမရှိရင် (ဒါမှမဟုတ်) အားနည်းတဲ့ ပုံပေါ်ရင် သုံးစွဲသူများ (customers) ဟာ လုပ်ငန်းနဲ့ ဆက်နွယ် သူတိုင်းနှင့် စီးပွားရေးလုပ်ဖို့ တွန့်ဆုတ်နိုင်ပါတယ်။
5. အသွင်ကူးပြောင်းနိုင်တဲ့ စွမ်းအား

လုပ်ငန်းအားလုံးဟာ အများအားဖြင့် သာမန်ဝန်ထမ်းများကို မိမိတို့လုပ်ငန်း အမှတ်တံဆိပ် ထောက်ခံသူ များအဖြစ် ပြောင်းလဲဖို့ စွမ်းအားမရှိပေမယ့်လည်း ခိုင်မာတဲ့အဖွဲ့အစည်း ယဉ်ကျေးမှုရှိသူများကတော့ ပြောင်းလဲနိုင်ကြပါတယ်။ ဒီလုပ်ငန်းများဟာ ဝန်ထမ်းများရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပြီး အဖွဲ့လိုက်အောင်မြင်မှုများကို အားပေးဂုဏ်ပြုလေ့ရှိကြပါတယ်။ အကျိုးဆက် အနေနဲ့  ဝန်ထမ်းများရဲ့ မိမိကိုယ်ကိုယ် တန်ဖိုးထားမှုများကို ပံ့ပိုးပေးနိုင်ရုံသာမက အဖွဲ့အစည်းနဲ့ ဝန်ထမ်းအကြားမှာလည်း အကျိုးရှိပြီး ရေရှည်ခိုင်မာအားကောင်းတဲ့ ဆက်ဆံရေးများကို တည်ဆောက်ထားနိုင်စေပါတယ်။

6.ထိပ်တန်းစွမ်းဆောင်ရည်ရှိသူများအဖြစ် မွေးထုတ်ပေးစေနိုင်ပါတယ်။
လုပ်ငန်းခွင်ရှိ အသိုင်းအဝိုင်းကို မြှင့်တင်ပေးတဲ့ ကုမ္ပဏီများဟာ သူတို့ရဲ့ အကောင်းဆုံးဝန်ထမ်းများကို ထိန်းသိမ်းထားဖို့ အလားအလာ ပိုများပါတယ်။ အလုပ်မှာထူးချွန်ပြီး သူတို့ရဲ့ အရည်အချင်းတန်ဖိုးကို ဂရုပြုတတ်တဲ့ဝန်ထမ်းများဟာ အပျက်သဘောဆောင်ပြီး  သူတို့ကို ချီးမြောက်လေ့မရှိတဲ့ အလုပ် ပတ်ဝန်းကျင်ကို စွန့်ပယ်လေ့ရှိကြပါတယ်။ ဒါကြောင့်အဖွဲ့အစည်းယဉ်ကျေးမှုဟာ ကုမ္ပဏီအတွင်း ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပြီး အပြုသဘောဆောင်တဲ့ ဝန်ထမ်းများရဲ့ တိုးတက်မှုများနဲ့  လုပ်ငန်းအပေါ်အကျိုးသက်ရောက်မှုများကို ရရှိစေပါတယ်။
7. ထိရောက်စွာ လေ့ကျင့်သင်ကြားပေးခြင်း အလေ့အထကို မွေးမြူပေးနိုင်ပါတယ်။
အဖွဲ့အစည်းယဉ်ကျေးမှုဖန်တီးထားတဲ့  စီးပွားရေးလုပ်ငန်းတွေဟာ ဝန်ထမ်းအသစ်များကို လေ့ကျင့်ဖို့ အတွက် ထိရောက်တဲ့ ဝန်ထမ်းခန့်အပ်ခြင်းဆိုင်ရာ အလေ့အကျင့်များအပေါ် မှီခိုအားထားရပါတယ်။ လုပ်ငန်း အကြောင်း စတင်မိတ်ဆက်ခြင်း၊ လေ့ကျင့်သင်ကြားမှုနဲ့ စွမ်းဆောင်ရည်စီမံခန့်ခွဲမှု ပရိုဂရမ်များပါ၀င်တဲ့ လေ့ကျင့်သင်ကြားပေးခြင်း အလေ့အထများဟာ ဝန်ထမ်းအသစ်များအတွက်  မှန်ကန်တဲ့ အရင်းအမြစ် များကိုရယူပြီး သူတို့ရဲ့အခန်းကဏ္ဍကို ပိုမိုကောင်းမွန်တဲ့ အကူးအပြောင်းကို ဖြစ်ပေါ်စေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ခိုင်မာအားကောင်းတဲ့ အဖွဲ့ အစည်းယဉ်ကျေးမှုကို ဖန်တီးထားခြင်းဟာ လုပ်ငန်းခွင်အတွင်း ပိုမို အရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းများကို ရွေးချယ်ခန့်အပ်ရာမှာ အကူအညီပေးတဲ့အပြင် လုပ်ငန်းခွင်အတွင်း ရှိနှင့်ပြီးသား ဝန်ထမ်းများကို ပျော်ရွှင်စေခြင်း၊ ဝန်ထမ်းများရဲ့ သစ္စာရှိမှု၊ လုပ်ငန်းခွင်ရဲ့ဂုဏ်သတင်း ကျော်ဇောမှုကို တိုးတက်စေနိုင်တာကြောင့် ဖန်တီးထားဖို့ လိုအပ်ပါတယ်။

References
Herrity, J., 2022. A Complete Guide to Organizational Culture and Leadership. [Online]
Available at: https://www.indeed.com/career-advice/career-development/organizational-culture-and-leadership
[Accessed 27 July 2023].

Team, I. E., 2023. What is Work Culture?. [Online]
Available at: https://www.indeed.com/career-advice/career-development/work-culture
[Accessed 27 July 2023].
 

Daw Hninn Pwint Oo
B.Com(Q), M.Com (Meiktila University of Economics)