အွန်လိုင်းသင်တန်းတက်တဲ့အခါ ကြုံတွေ့ရမှုနဲ့ လုပ်ဆောင်သင့်တဲ့အချက်များ

အွန်လိုင်းကနေသင်ယူလေ့လာတာက ပညာရေးနယ်ပယ်မှာ ကျောင်းသားတွေအတွက် ကောင်းကျိုး များစွာရှိတယ်လို့ လက်ခံထားကြပေမယ့် အခက်အခဲတချို့လည်း ရှိလို့နေတာတွေ့ရှိရပါတယ်။ အဲ့ဒီ အခက်အခဲ အတားအဆီးတွေကို နားလည်ပြီး ဘယ်လိုကျော်လွှားပြီး လုပ်ဆောင်သင့်တယ်ဆိုတာကို ဒီဆောင်းပါးမှာ ဖော်ပြသွားပါမယ်။

Motivation လျော့နည်းလာခြင်း

အွန်လိုင်းအတန်း စစချင်းတက်ရမယ်ဆိုတော့ စိတ်တက်ကြွမှု အပြည့်ရှိပေမယ့် တဖြည်းဖြည်းနဲ့ စိတ်ပါ ဝင်စားမှုလျော့ကျလာတာမျိုး ကြုံရတတ်တယ်။ ကျောင်းသားတော်တော်များများက အွန်လိုင်းအတန်း တက်တဲ့အခါ သင်ကြားတဲ့စာတွေက စိတ်ဝင်စားစရာကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အချိန်တစ်ခု ကြာရင် နံရံအလွတ်ကြီးကို ထိုင်ငေးနေရသလိုခံစားချက်မျိုးဖြစ်လာစေပြီး screen ရှေ့မှာ နာရီအတော်ကြာ နေရဖို့ ရုန်းကန်နေရတတ်တယ်။ ဒီအခက်အခဲကိုကျော်လွှားဖို့ ကျောင်းသားတွေက‌ ကင်မရာဖွင့်ပြီး ကိုယ်တိုင်လည်းပါဝင်ပြောဆိုရင်း မြိုင်ဆိုင်တဲ့ virtual classroom environment ဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးသင့်တယ်။ သင်ကြားသူဘက်ကလည်း ကျောင်းသားတွေပါဝင်လာအောင် စိတ်ဝင်စားစေမယ့် activities ဖန်တီးပေးဖို့ လိုပါတယ်။

အာရုံစူးစိုက်မှုကျဆင်းလာခြင်း

အတန်း စစချင်းမှာ အာရုံစူးစိုက်မှုအပြည့်ပေးထားပေမယ့် နောက်ပိုင်းမှာ ဘာတွေသင်ပြီး ဘာတွေပြော နေလဲဆိုတာ မသိတော့ဘဲ အာရုံစိုက်ဖို့ခက်ခဲလာတယ်။ ကျောင်းသားတွေအနေနဲ့ အွန်လိုင်းအတန်းတက်ဖို့ ကိုယ့်ရဲ့စိတ် သက်သောင့်သက်သာဖြစ်စေပြီး အာရုံစိုက်ဖို့ အကောင်းဆုံးလို့သတ်မှတ်ထားတဲ့ ကိုယ်ပိုင် နေရာလေး space တစ်ခုကို ရွေးချယ်ပြီး ပြင်ဆင်ထားဖို့ လိုအပ်တယ်။ သင်ကြားပေးသူဘက်ကလည်း သင့်တော်တဲ့အချိန်မှာ break လေးတွေပေးပြီး စာသင်မှုအရှိန်ကို လိုအပ်သလို ထိန်းဖို့လည်းလိုလာတယ်။

စိတ်ပျံ့လွင့်မှုများဖြစ်ခြင်း

အွန်လိုင်းအတန်းတက်တဲ့အခါ စိတ်ပျံ့လွင့်စေနိုင်တဲ့ အကြောင်းအရာတွေ ပြည့်နှက်လို့နေတတ်ပါတယ်။ ဘယ်သူကမှ ကိုယ့်ကိုမမြင်မကြားရတဲ့ အခြေအနေမျိုးက ကျောင်းသားတွေအတွက် အတန်းတော့တက် နေပေမယ့် game‌ ဆော့နေတာမျိုး၊ သီချင်းနားထောင်နေတာမျိုး၊ ရုပ်ရှင်ကြည့်နေတာမျိုးစတဲ့ သင်ယူတဲ့ အကြောင်းအရာနဲ့မသက်ဆိုင်တဲ့ တခြားအရာတွေ လုပ်ဖို့တွန်းအားပေးတတ်တယ်။ ကျောင်းသားတွေအနေနဲ့ စာသင်ခန်းပုံစံဆင်တူအောင် စားပွဲ၊ ကုလားထိုင်တို့ပြင်ဆင်ထားပြီး အရေးကြီး အကြောင်းအရာတွေ လွတ်မသွားအောင် note taking လိုက်လုပ်တာမျိုး၊ ဖုန်းသုံးတဲ့အချိန်ကို အကန့်အသတ် လုပ်ဖို့လိုပါတယ်။

နည်းပညာအခက်အခဲများရှိခြင်း

Online အတန်းတက်ရောက်သူတွေထဲမှာ မြို့ပြနေသူတွေအပြင် ဝေးလံတဲ့နေရာမှသူများလည်း ပါဝင်တဲ့အတွက် နေရာတိုင်းက အင်တာနက်လိုင်းကောင်းနေမှာမဟုတ်တဲ့ ပြဿနာနဲ့ကြုံရနိုင်တယ်။ အဲ့လိုနဲ့ သင်ခန်းစာစဖို့နောက်ကျတာမျိုး၊ syllabus ကိုသတ်မှတ်ချိန်တွင်းပြီးဖို့ အချိန်နည်းသွားတာမျိုးတွေ ဖြစ်လာစေ နိုင်တယ်။ ကျောင်းသားတွေအနေနဲ့လည်း သင်ခန်းစာတွေကို အလုံးစုံနားမလည်တော့ဘဲ ကြားမှာ အတန်းပျက်လာတာမျိုးတွေ ဖြစ်လာစေနိုင်တယ်။ ကိုယ့်ရဲ့အင်တာနက်အခြေအနေနဲ့ တခြားနည်းပညာအခက်အခဲများကို သင်ကြားပေးသူနဲ့ ဆက်သွယ်ပြီး ဒီလိုအခြေအနေမျိုးဆိုရင် ဘယ်လို actions မျိုးလုပ်လို့ရမလဲဆိုတာ ရှာဖွေထားဖို့လိုတယ်။ သင်ကြားပို့ချတဲ့ ကျောင်း ဒါမှမဟုတ် တက္ကသိုလ်ဘက်မှလည်း ဒီလို issue တွေကို ဖြေရှင်းဖို့နဲ့ နည်းပညာပိုင်း အကူအညီပေးနိုင်ဖို့ အဖွဲ့ထားရှိတာမျိုးတွေ လုပ်ဆောင်ပေးနိုင်ပါတယ်။

အချိန်စီမံမှုအားနည်းခြင်း

ဒီအခက်အခဲက online အတန်းတက်တဲ့သူတော်တော်များများဖြစ်လေ့ရှိတဲ့ ကိစ္စဖြစ်လို့နေတယ်။ ကျောင်းသားတွေဟာ သူတို့နေ့စဥ်လုပ်ဆောင်နေရတာနဲ့ ကျောင်းစာတွေကို balance ဖြစ်အောင်လုပ်ဖို့ အခက်အခဲတွေရှိနေတတ်ကြတယ်။ ဒီနှစ်ခုကို မျှတအောင်လုပ်ဖို့ကလည်း အရေးကြီးနေပြန်‌ပါတယ်။ ကျောင်းသားတွေအနေနဲ့ ကိုယ့်လုပ်ရမယ့်အလုပ်တွေကို အရေးကြီးမှုအတိုင်းအတာနဲ့ ခွဲခြမ်းစိတ်ဖြာပြီး အချိန်မဆွဲဘဲ ပြီးမြောက်အောင်လုပ်ဖို့ လိုပါတယ်။ သင်ကြားသူဘက်ကလည်း ဘယ်အပိုင်းတွေကိုတော့ ဘယ်အချိန်မှာပြီးအောင် လုပ်ထားဖို့လိုတယ်ဆိုတာကို guideline သဘောမျိုးနဲ့ပြောပြပြီး follow up လိုက်ပေးကာ ကျောင်းသားတွေကို remind လုပ်ပေးတာမျိုးတွေ လုပ်လို့ရတယ်။

လုံလောက်တဲ့အားထုတ်မှုမရှိခြင်း

အွန်လိုင်းကနေစာသင်တဲ့အခါ အကြာကြီးထိုင်နေရ‌တော့ အလိုလိုပျင်းရိမှုကို ဖြစ်လာစေတယ်။ ကျောင်းသားတွေဟာ စိတ်တက်ကြွမှုတွေကျဆင်းလာပြီး ငြီးငွေ့လာကာ အတန်းမြန်မြန်ပြီးဖို့ တွေးလာ တတ်ကြတယ်။ သင်ခန်းစာအပေါ်အာရုံမရောက်တော့ဘဲ ဒီတိုင်းထိုင်နေပြီး ဘာမှလည်းမပြော၊ လက်က ဖုန်း screen ကို အပေါ်အောက် scroll လုပ်နေတာမျိုးတွေ လုပ်လာတတ်တယ်။ အဲ့ဒီအခါ ကျောင်းသားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်ပြီး အခုအွန်လိုင်းအတန်း သင်ယူနေခြင်းရဲ့ မူလရည်ရွယ်ချက်ကို ပြန်အမှတ် ရပြီး ကိုယ်ရှေ့ဆက်လုပ်ဆောင်ချင်တဲ့ အနာဂတ်ကို အမြဲပုံဖော်ထားဖို့ လိုတယ်။

Online မှတစ်ဆင့်လေ့လာမှုတွင် ပြင်ပမှ အလွယ်တကူမထိန်းချုပ်နိုင်တဲ့ အကြောင်းအရင်းမျိုးစုံ ရှိနေတတ်တဲ့အတွက်ကြောင့် သင်ယူသူရော၊ သင်ကြားပေးသူပါ နှစ်ဦးနှစ်ဖက်မှာ အားစိုက်ထုတ်ပြင်ဆင်ရတာ မျိုးတွေ များပြားလာတယ်။ တစ်ဖက်ကကြည့်ရင်လည်း ဒီလိုစိန်ခေါ်မှုတွေ ရှိနေတာကိုက စိတ်ဝင်စားဖို့ကောင်း နေတတ်တာမျိုး ဖြစ်ပါတယ်။ နှစ်ဖက်လုံးက လူသားတွေဖြစ်တဲ့အတွက် လူ့သဘောသဘာဝအရ ဒီလိုမျိုးတွေဖြစ်နိုင်တာကို သင်ကြားပေးသူရော သင်ယူသူပါနားလည်ဖို့လိုအပ်ပြီး ဘယ်အရာတွေကိုတော့ သင်ခန်းစာအဖြစ်နဲ့ယူပြီး ဆင်ခြင်သုံးသပ်ကာ ရေရှည်မှာ နှစ်ဦးနှစ်ဖက် အဆင်ပြေတိုးတက်စေနိုင်မယ့်နည်းလမ်းများကို အပြန်အလှန် စုဆောင်းထားရှိကျင့်သုံးပေးဖို့ အဓိကကျတယ်လို့ ထင်မြင်မိပါတယ်။

msn.com မှ How to Overcome the Barriers in Online Classes ဆောင်းပါးကို သင့်တော်သလို ကောက်နှုတ်သာသာပြန်ထားပါတယ်။

Reference

Trust, S., 2024. [Online]

Available at: https://www.msn.com/.../how-to-overcome-the-barriers.../ar B1mEAGu?ocid=msedgdhp&pc=U531&cvid=90b17d9a831541cd8a2f207bc0762008&ei=93

[Accessed 27 July 2024].

Daw Myint Zu Phyo

BBM, (NMDC), MBA (YUE)