Stress Management အတွက် လက်တွေ့ကျင့်သုံးရမယ့်နည်းလမ်းများ

စိတ်ဖိစီးမှုနဲ့ပတ်သက်ပြီး ဘာမှလုပ်နိုင်တာမရှိဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ တစ်နေ့တာအတွက် ၂၄ နာရီအချိန်ကနေ ပိုလာမှာမဟုတ်သလို လုပ်ဆောင်ရမယ့် လုပ်ငန်းနဲ့ မိသားစုတာဝန်များကလည်း အမြဲတမ်း ရှိနေမှာပါ။ ဒါပေမဲ့ လူတွေက သူတို့ထင်ထားတာထက် ပိုပြီးစိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ သင့်မှာ စိတ်ဖိစီးမှုမြင့်မားနေတယ်ဆိုရင် ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုက စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ အဆိုးဘက်က သက်ရောက်စေပါတယ်။ ရှင်းလင်းစွာ တွေးခေါ်နိုင်မှု၊ ထိရောက်စွာလုပ်ဆောင်နိုင်မှုနဲ့ ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှုတို့ကို ကန့်သတ်လိုက်သလို ဖြစ်စေပါတယ်။ ထိရောက်တဲ့ စိတ်ဖိစီးမှုစီမံခန့်ခွဲခြင်းက သင့်ရဲ့ဘဝမှာရှိနေတဲ့ ဖိစီးမှုများကို ဖြတ်ကျော်ဖို့ ကူညီပေးနိုင်တာကြောင့် ပိုမိုပျော်ရွှင်ကျန်းမာလာနိုင်ပါတယ်။ စိတ်ဖိစီးမှုစီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းများမှာ တစ်ဦးနဲ့တစ်ဦး သင့်တော်ကိုက်ညီတဲ့ နည်းလမ်းချင်းမတူညီနိုင်ပါဘူး။ သင့်အတွက် အသင့်တော်ဆုံးနည်းလမ်းကို စမ်းသပ်ရှာဖွေကျင့်သုံးဖို့ အရေးကြီးပါတယ်။ ဖော်ပြထားတဲ့ စိတ်ဖိစီးမှုဆိုင်ရာစီမံခန့်ခွဲခြင်း အကြံပြုချက်တချို့က သင့်အတွက် နည်းလမ်းတစ်ခုရှာတွေ့ဖို့ ကူညီပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုရဲ့ အရင်းအမြစ်ကို ခွဲခြားသတ်မှတ်ပါ။

Stress Management အတွက် သင့်ရဲ့ဘဝမှာ စိတ်ဖိစီးမှုရဲ့အကြောင်းအရင်း၊ ရင်းမြစ်ကို ရှာဖွေဖော်ထုတ် ခြင်းကနေ စတင်သင့်ပါတယ်။ ဒါက ထင်သလောက်တော့ မရိုးရှင်းပါဘူး။ အလုပ်ပြောင်းရွှေ့ခြင်းနဲ့ ကွာရှင်းပြတ်စဲခြင်းကဲ့သို့ သိသာမြင်သာစေနိုင်တဲ့ ဖိစီးမှုများကို ခွဲခြားသိမြင်ဖို့ လွယ်ကူပေမယ့်လည်း အမြဲတမ်း လိုလိုခံစားနေရတဲ့ စိတ်ဖိစီးမှုအရင်းအမြစ်ကို ဖော်ထုတ်ခြင်းက အများကြီးပိုရှုပ်ထွေးပါတယ်။ သင်က လုပ်ငန်း deadline အတွက် အမြဲစိုးရိမ်နေတယ်ဆိုတာကို သိကောင်းသိနိုင်ပေမယ့် အမှန်တကယ်က အလုပ် demand ထက် စိတ်ဖိစီးမှုကိုဖြစ်စေတာက သင့်ရဲ့အချိန်ဆွဲခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမှန်တကယ် စိတ်ဖိစီးစေတဲ့အရာကို ဖော်ထုတ်ဖို့အတွက် သင့်ရဲ့အလေ့အထ၊ စိတ်နေသဘောထားနဲ့ ဆင်ခြေများကို အနီးကပ် သေချာစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သင့်ရဲ့စိတ်ဖိစီးမှုကို တခြားသူများ (ဒါမှမဟုတ်) ပြင်ပဖြစ်ရပ်များအပေါ် အပြစ်တင်ဆင်ခြေ ပေးမိနေသလားဆိုတာလည်း ဆန်းစစ်ဖို့လိုအပ်ပါတယ်။

စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နည်းလမ်းများကို ဖြတ်တောက်ပါ။

ကျွန်ုပ်တို့အများစုက စိတ်ဖိစီးမှုဖြစ်လာခဲ့ရင် ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ နည်းလမ်းများဖြင့် ရင်ဆိုင်ဖြေရှင်းဖို့ အားကိုးအားထားပြုကြပါတယ်။ အဲ့ဒီအထောက်အကူမဖြစ်တဲ့ နည်းလမ်းများစွာက စိတ်ဖိစီးမှုကို ယာယီလျှော့ချ ပေးနိုင်ပေမယ့်လည်း ရေရှည်မှာတော့ ကျန်းမာရေးအတွက် ပျက်စီးဆုံးရှုံးစေမှုတွေ ဖြစ်စေပါတယ်။ ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ နည်းလမ်းတချိုမှာ ဆေးလိပ်အလွန်အကျွံသောက်ခြင်း၊ ဖုန်းကိုနာရီပေါင်းများစွာသုံးခြင်းနဲ့ အလွန်အကျွံအိပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ပျော်ရွှင်မှုနဲ့ အပန်းဖြေဖို့အတွက်အချိန်ပေးပါ။

တစ်ခါတလေ ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်လိုအပ်ချက်ကြောင့် မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့သွားတက်ကြပါတယ်။ လိုအပ်ချက်ရဲ့နောက်ကိုလိုက်ရင်း မိမိကိုယ်တိုင် စိတ်ဖိစီးမှုနောက်ကို ရောက်ရှိနေတာမျိုး ဖြစ်နေတက်ပါတယ်။ ပျော်ရွှင်စွာနေထိုင်ခြင်းနဲ့ အပန်းဖြေခြင်းက စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကောင်းမွန်တဲ့ အချက်အလက် ဖြစ်လာပါတယ်။ သင့်ရဲ့ နေ့စဥ်အချိန်ဇယားမှာ အနားယူခြင်းနဲ့ အပန်းဖြေခြင်းကို ထည့်သွင်းလုပ်ဆောင် သင့်ပါတယ်။ အလုပ်တာဝန်အားလုံးလုပ်ဆောင်ပြီးနောက် အနားယူခြင်းဖြင့် မိမိကိုယ်ကိုယ် အားပြန်ပြည့်အောင် လုပ်ဆောင်ရပါမယ်။ နေ့တိုင်းသင်နှစ်သက်တဲ့အရာများကို လုပ်ဆောင်ကြည့်သင့်ပါတယ်။ ဟာသဉာဏ်ရွှင်ခြင်း ကလည်း စိတ်ဖိစီးမှုလျော့ကျစေနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရယ်မောခြင်းက သင့်ရဲ့ခန္ဓာကိုယ်က စိတ်ဖိစီးမှုတွေကို နည်းလမ်းများစွာနဲ့ တိုက်ဖျက်ပေးပါတယ်။

အချိန်ကိုပိုမိုကောင်းမွန်အောင် စီမံခန့်ခွဲပါ။

အချိန်စီမံခန့်ခွဲမှုညံ့ဖျင်းတာက စိတ်ဖိစီးမှုတွေကို အများကြီးဖြစ်စေနိုင်ပါတယ်။ တစ်နေ့တာမှာ အလုပ်ကို အလွန်အကျွံ အံဝင်ဂွင်ကျဖြစ်အောင် လုပ်ဆောင်ခြင်းကို ရှောင်ကြဥ်ရပါမယ်။ သင်လုပ်ရမယ့်အလုပ်တွေကို စာရင်းပြုစုပြီး အရေးကြီးဆုံးတဲ့အရာကစကာ အစဥ်အတိုင်းကိုင်တွယ်ဖြေရှင်းပါ။ ဦးစားပေးအရာတွေကို အရင်လုပ်ဆောင်ပါ။ အဆင်မပြေခဲ့တာမျိုးရှိခဲ့ရင် (ဒါမှမဟုတ်) စိတ်ဖိစီးမှုတစ်ခုခုရှိခဲ့ရင် စောစောစီးစီး ဖြတ်လိုက်ပါ။ ရလဒ်အနေနဲ့ကတော့ သင့်ရဲ့တစ်နေ့တာ ကျန်ရှိတဲ့အချိန်မှာတော့ အဆင်ပြေသွားပါလိမ့်မယ်။ အရာများအားလုံးကို တစ်ပြိုင်နက်လုပ်ဆောင်ခြင်းထက် အဆင့်ငယ်များအဖြစ်ခွဲပြီး အဆင့်တစ်ဆင့်ဆီ ပြီးစီးအောင် လုပ်ဆောင်ပါ။ အဲ့ဒီလိုလုပ်ဆောင်ခြင်းဖြင့် မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပါတယ်။

ကျန်းမာတဲ့ နေထိုင်မှုပုံစံဖြင့် ဟန်ချက်ညီအောင် ထိန်းသိမ်းပါ။

စိတ်ဖိစီးမှုကိုခံနိုင်ရည်ရှိစေမယ့် ကျန်းမာစွာနေထိုင်မှုပုံစံကို ရွေးချယ်တာလည်း ရှိပါသေးတယ်။ ကျန်းမာတဲ့ အစားအစာကိုစားပါ။ အာဟာရပြည့်ဝတဲ့ ခန္ဓာကိုယ်က စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိဖို့အတွက် မိမိစားသုံးတဲ့ အရာတွေကို သတိထားပါ။ သင့်ရဲ့တစ်နေ့တာကို နံနက်စာစားခြင်းဖြင့် မှန်ကန်စွာစတင်လိုက်ပါ။ သင့်ကို တက်ကြွစေပြီး စိတ်ကိုလည်း ကြည်လင်စေပါတယ်။ ကဖိန်းဓာတ်နဲ့သကြားဓာတ်ကိုလျှော့ချပါ။ ကဖိန်းဓာတ်နဲ့ သကြားဓာတ်များစွာ စားသုံးခြင်းက စိတ်ခံစားချက်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့အစားအစာတွေမှာ ကော်ဖီ၊ အချိုရည်၊ ချောကလက်နဲ့ သကြားပမာဏလျှော့ချခြင်းက သင့်ကို ပိုမိုသက်သောင့်သက်သာခံစားရစေပြီး ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါသေးတယ်။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး ရှောင်ပါ။ အရက်နဲ့ ဆေးဝါးများသုံးစွဲခြင်းက စိတ်ဖိစီးမှုဒဏ်မှ အလွယ်တကူ လွတ်မြောက်သက်သာနိုင်ခြင်းက ယာယီမျှသာဖြစ်ပါတယ်။ လုံလောက်စွာအိပ်စက်ပါ။ လုံလောက်စွာ အိပ်စက်ခြင်းက သင့်ရဲ့စိတ်ကိုသာမက ခန္ဓာကိုယ်အတွက်ပါ အားပြည့်စေနိုင်ပါတယ်။

helpguide.org မှ Stress Management: How to Reduce and Relieve Stress ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

https://www.helpguide.org/.../stress/stress-management.htm

Daw Zin Lin Htet

BE (Civil-MGTU)

M.Sc (Construction Project Mgt),Heriot-Watt University