" Mental Health Challenges Facing Students "

တက္ကသိုလ်ကျောင်းသားဘဝသို့ ကူးပြောင်းခြင်းဟာ လူငယ်တစ်ဦးရဲ့ အရွယ်ရောက်မှုဆီကို လျှောက်လှမ်းတဲ့ ခရီးအတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ သို့ပေမဲ့ ကျောင်းသားတွေအတွက် ဒီကာလဟာ သူတို့ရဲ့ စိတ်ကျန်းမာရေးအတွက် လေးနက်တဲ့စိန်ခေါ်မှုများနဲ့ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ ပညာရေးဆိုင်ရာ တောင်းဆိုမှုများဖြစ်တဲ့ Assignment ရေးသားခြင်း၊ စာမေးပွဲဖြေဆိုခြင်း၊ လူမှုပတ်ဝန်းကျင်ပြောင်းလဲခြင်းများ၊ ငွေကြေးဆိုင်ရာ ဖိအားများနဲ့ အနာဂတ်ပန်းတိုင်များဆီသို့ ရောက်ရှိအောင် ကြိုးစားရခြင်းတွေဟာ တက္ကသိုလ်ကျောင်းသားတွေရဲ့ စိတ်ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ ယခုဆောင်းပါးမှာ တက္ကသိုလ်ကျောင်းသားများ ကြုံတွေ့ရလေ့ရှိတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတချို့ကို လေ့လာပြီး အဆိုပါစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ လျော့နည်းစေဖို့အတွက် ထိရောက်တဲ့နည်းလမ်းများကို ဆွေးနွေးတင်ပြချင်ပါတယ်။

အဖြစ်များတဲ့ စိတ်ကျန်းမာရေးပြဿနာများ

1. စိတ်ဖိစီးမှု (Stress & Anxiety)- တက္ကသိုလ်ကျောင်းသားတွေဟာ စာမေးပွဲများ၊ Assignment များနဲ့ Deadline များအပါအဝင် ပညာရေးဆိုင်ရာ ဖိစီးမှုများစွာကို မကြာခဏ ရင်ဆိုင်ရတတ်ပါတယ်။ ဒီစိတ်ဖိစီးမှုဟာ ကျောင်းသားတစ်ဦးရဲ့ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာစွမ်းဆောင်ရည်ကို သိသိသာသာ သက်ရောက်စေတဲ့ အတွက် စိုးရိမ်ပူပန်ရမယ့် အချက်ဖြစ်ပါတယ်။

2. စိတ်ဓာတ်ကျခြင်း (Depression)- ပညာရေးနဲ့ လူမှုဘဝမှာ အောင်မြင်ဖို့ ကြိုးစားတဲ့အခါ ဖိအားများဟာ တစ်ခါတစ်ရံမှာ အထီးကျန်မှုခံစားချက်များဆီ ဦးတည်သွားစေနိုင်ပြီး တစ်ဖြည်းဖြည်းနဲ့ စိတ်ဓာတ်ကျခြင်း ဖြစ်လာစေနိုင်ပါတယ်။

3. Eating Disorders- တက္ကသိုလ်ဘဝရဲ့ လွတ်လပ်မှုအသစ်က ကျောင်းသားတချို့ကို Anorexia Nervosa ဒါမှမဟုတ် Bulimia ကဲ့သို့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသောက်မှုအလေ့အထများ ဖြစ်လာစေပြီး နောက်ဆက်တွဲအနေနဲ့ အ၀လွန်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း စတဲ့ ခန္ဓာကိုယ်ပုံပျက်ခြင်းများ ဖြစ်လာနိုင်စေပါတယ်။

4. Social Isolation- ကျောင်းသားများစွာဟာ သူတို့နဲ့ရင်းနှီးတဲ့ သူငယ်ချင်းများ၊ မိသားစုဝင်များရဲ့ ကူညီပံ့ပိုးမှုများမှ ဝေးရာကို ပြောင်းရွှေ့ရတဲ့အခါမှာ အထီးကျန်မှုကို ခံစားရလေ့ရှိပါတယ်။ ဒီလိုအထီးကျန်ခြင်းနဲ့ အိမ်လွမ်းခြင်းတွေဟာ ကျောင်းသားများရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

စိတ်ကျန်းမာရေး ပြဿနာများကို ဖြေရှင်းဖို့ နည်းလမ်းများ

1. အသိအမြင်ကို မြှင့်တင်ခြင်း- စိတ်ကျန်းမာရေးပြဿနာများကို ဖြေရှင်းဖို့ ပထမဆုံးအနေနဲ့ အသိပညာကို မြှင့်တင်ဖို့လိုအပ်ပါတယ်။ တက္ကသိုလ်များကလည်း ကျောင်းသားများဖြစ်လေ့ရှိတဲ့ စိတ်ကျန်းမာရေးပြဿနာ များကို လျော့ချဖို့ အသိပညာပေးလှုပ်ရှားမှုများကို ဖော်ဆောင်သင့်ပြီး လိုအပ်တဲ့အခါမှာလည်း ကျောင်းသား များကို အကူအညီပေးဖို့အတွက် အမြဲအဆင်သင့်ရှိနေကြောင်း တိုက်တွန်းသင့်ပါတယ်။

2. လက်လှမ်းမီနိုင်တဲ့ အတိုင်ပင်ခံဝန်ဆောင်မှုများ- တက္ကသိုလ်များဟာ ကျောင်းဝင်းအတွင်း လက်လှမ်းမီနိုင်တဲ့ လျှို့ဝှက်အကြံဉာဏ်ပေးခြင်းဝန်ဆောင်မှုများကို လုပ်ဆောင်ပေးသင့်ပါတယ်။ ထိုဝန်ဆောင်မှုများဟာ ကျောင်းသားများရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများကို ဆွေးနွေးဖို့နဲ့ လမ်းညွှန်မှု၊ ပံ့ပိုးမှုများကိုရယူဖို့ လုံခြုံတဲ့ နေရာတစ်ခု ပေးစွမ်းနိုင်ပြီး မလိုလားအပ်တဲ့ ပြသနာများမဖြစ်လာအောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

3. ရွယ်တူ ပံ့ပိုးကူညီမှု အစီအစဉ်များ- လေ့ကျင့်သင်ကြားထားတဲ့ ကျောင်းသားများဟာ သူတို့ရဲ့ သူငယ်ချင်းများကို စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုပေးနိုင်တဲ့ ရွယ်တူပံ့ပိုးကူညီမှု ပရိုဂရမ်များအတွက် လွန်စွာ ထိရောက်မှု ရှိနိုင်ပါတယ်။ ဒီအစီအစဥ်များက ကျောင်းသားများကြား အသိုင်းအဝိုင်းနဲ့ နားလည်မှုတို့ကို ဖန်တီးပေးနိုင်ပါတယ်။

4. စိတ်ကျန်းမာရေးပညာပေး- တက္ကသိုလ်သင်ရိုးညွှန်းတမ်းမှာ စိတ်ကျန်းမာရေးပညာကို ပေါင်းစပ်ထည့်သွင်းခြင်းက ကျောင်းသားများကို စိတ်ကျန်းမာရေးဆိုင်ရာပြဿနာများရဲ့ လက္ခဏာများကို သိရှိစေနိုင်ပြီး ရင်ဆိုင်ဖြေရှင်းနည်းများ၊ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများဖြစ်နေတဲ့ တခြားသူတွေကို ဘယ်လိုပံ့ပိုးရမယ်ဆိုတာကို သိရှိနားလည်စေနိုင်ပါတယ်။

5. ပညာရေးဆိုင်ရာဖိအားကို လျှော့ချခြင်း- တက္ကသိုလ်များကလည်း လိုက်လျောညီထွေရှိတဲ့ သတ်မှတ်ရက်များ (Deadlines)၊ စာမေးပွဲနေရာထိုင်ခင်းများနဲ့ စိတ်ဖိစီးမှုစီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲများကဲ့သို့ ပညာရေးဆိုင်ရာ ဖိစီးမှုများကို လျှော့ချနိုင်တဲ့ နည်းလမ်းများကို အကောင်အထည်ဖော်ပေးသင့်ပါတယ်။

6. အားလုံးပါဝင်နိုင်တဲ့ အသိုက်အဝန်းများဖန်တီးခြင်း- ကျောင်းဝင်းအတွင်း Clubs and Societies များ ဖွဲ့စည်းပေးခြင်းဟာ ကျောင်းသားများအား ရင်းနှီးမှုခံစားချက်ကို ခံစားရစေပြီး စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြစ်စေနိုင်တဲ့ အထီးကျန်မှု၊ ခွဲခြားဆက်ဆံမှုခံစားချက်များကို လျှော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။

7. ဘဏ္ဍာရေးပံ့ပိုးမှုများ- တက္ကသိုလ်များက ကျောင်းသားများစွာကြုံတွေ့ရလေ့ရှိတဲ့ ငွေကြေးဆိုင်ရာဖိစီးမှုကို သက်သာစေဖို့ ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့အစီအစဉ်များ၊ ပညာသင်ဆုများ ဒါမှမဟုတ် အချိန်ပိုင်း အလုပ်အခွင့်အလမ်းများကို ပံ့ပိုးပေးနိုင်ပါတယ်။

တက္ကသိုလ်ကျောင်းသားများမှာ ဖြစ်လေ့ရှိတဲ့ စိတ်ကျန်းမာရေးပြဿနာများဟာ နေ့စဉ်နဲ့အမျှ တိုးလာနေတဲ့ အတွက် ထိုပြဿနာများကိုဖြေရှင်းဖို့ သက်ဆိုင်ရာအဖွဲ့အစည်းများက အစီအမံများသေချာပြုလုပ်ထားဖို့ အရေးကြီးလှပါတယ်။ ဒါကြောင့် အသိပညာမြှင့်တင်ခြင်း၊ လက်လှမ်းမီနိုင်တဲ့ ပံ့ပိုးကူညီမှုဝန်ဆောင်မှုများ ပေးခြင်းဖြင့် တက္ကသိုလ်များဟာ မိမိတို့ရဲ့ ကျောင်းသားများအတွက် ပိုမိုကျန်းမာပြီး အထောက်အကူဖြစ်စေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

Reference

Brennan, D. (ed.) (2023) What Are the Mental Health Challenges Facing College Students?, WebMD. Available at: https://www.webmd.com/.../what-to-know-about-mental... (Accessed: 19 September 2023).

Daw Thwe Thwe Aye

B.Com, M.Com (MEUE)

Meiktila University of Economics