သဘာဝဘေးဒဏ်ကိုကျော်လွန်ပြီးနောက် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများ

ဩစတြေးလျသမိုင်းတစ်လျှောက် ခုနှစ်လကြာမြင့်တဲ့ အကြီးမားဆုံး တောမီးလောင်မှုကြီး ပြီးဆုံးသွားတဲ့အခါ မီးလောင်ပြင်လိုဖြစ်နေတဲ့ တောကြီးထဲမှာ စိမ်းလန်းတဲ့ရွက်နုသစ်များ ပြန်လည်ထွက်ပေါ်လာဖို့ ရက်သတ္တပတ် အနည်းငယ်ပဲ ကြာမြင့်ခဲ့ပါတယ်။ မကြာခင်ကာလအတွင်းမှာပဲ အဲဒီလောင်ကျွမ်းနေရာတွေမှာ စိမ်းလန်းတဲ့သစ်ပင်ပန်းမန်တွေနဲ့ တောတွင်းတိရစ္ဆာန်တွေ သဘာဝအတိုင်း ပြန်လည်အသက်ဝင်လာလိမ့်မယ်လို့ Edit Cowan University ရဲ့ ဆေးဘက်ဆိုင်ရာနဲ့ ကျန်းမာရေးသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ Erin Smith ကဆိုပါတယ်။ ဒါပေမဲ့  စိတ်ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် တောမီးကိုခံစားခဲ့ရတဲ့ လူသားတွေအတွက်ရော စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်နိုင်ဖို့ ဒီလောက်မြန်ဆန် လွယ်ကူနိုင်ပါ့မလားလို့ Erin Smith က ဆက်ပြီးမေးခွန်းထုတ်ခဲ့ပါတယ်။

စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ

သဘာဝဘေးအန္တရာယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ သက်ရောက်မှုများက ကာလအပိုင်းအခြားတစ်ခုမှာပဲ ပုံမှန်အတိုင်း ပြန်ရပ်တည်နိုင်သွားမှာဖြစ်ပေမယ့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကတော့ နှစ်တွေကြာမြင့်တဲ့အထိ ကိန်းအောင်း ကျန်ရှိနေတတ်ပါတယ်။ ဘေးအန္တရာယ်ကြုံတွေ့ဖူးသူများဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ပုံစံမျိုးစုံနဲ့ ခံစားရတတ်ပါတယ်။ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ကြောက်ရွံ့ခြင်း၊ အလွန်အမင်းစိတ်ဖိစီးမှု၊ ပြင်းထန်ပြီးမခန့်မှန်းနိုင်တဲ့ စိတ်ခံစားချက်များ၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း၊ စိတ်ကျဥ်းကြပ်ခြင်း စတဲ့လက္ခဏာတွေဟာ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ရင်ဆိုင်ဖူးတဲ့သူတွေဆီမှာ တွေ့ရတတ်တဲ့ စိတ်ကျန်းမာရေး ဆိုင်ရာသက်ရောက်မှုများပဲ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာတွေကို ဘယ်သူတွေက အများဆုံးခံစားရလဲ?

လူတစ်ဦးချင်းစီ တွေ့ကြုံမှုတွေက မတူညီကြသလို ရုပ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာရမှု၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုနဲ့ ပြင်းထန်မှု၊ အကျိုးသက်ရောက်မှုတို့အပေါ် မူတည်ပြီး ကွဲပြားတတ်ပါတယ်။ အများအားဖြင့်တော့ အရွယ်မရောက်သေးတဲ့သူတွေ၊ နဂိုစိတ်ဒဏ်ရာရှိပြီးသားသူတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်သားများက သဘာဝဘေးအန္တရာယ်ကြုံပြီးနောက်ဆက်တွဲအနေနဲ့ စိတ်ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေကို ခံစားရတတ် ပါတယ်။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်နဲ့ ထိတွေ့မှုပြင်းထန်ခြင်း ရှိမရှိ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာရမှု၊ မိသားစုနဲ့ကွဲကွာမှု၊ နဂိုခံစားနေရပြီးသား ဖိအားရဲ့အတိမ်အနက်၊ လူမှုစီးပွားရေးအခြေအနေ၊ သင့်တော်တဲ့ထောက်ပံ့မှုနဲ့ စောင့်ရှောက်မှုရရှိခြင်း တို့အပေါ်မှာမူတည်ပြီး စိတ်ဒဏ်ရာကျန်ရှိနေမှု အနည်းနဲ့အများ ကွဲပြားတတ်ကြပါတယ်။ ဩစတြေးလျတောမီးလောင်မှုကြောင့် နိုင်ငံတစ်ဝှမ်းရှိမြို့ကြီးများရဲ့လေထုထဲမှာ သီတင်းပတ်များစွာ မီးခိုးငွေ့တွေ အလုံးအရင်းပျံ့လွင့်နေခဲ့ကြောင်း တောမီးလောင်မှုအတွေ့အကြုံကို Smith က ဆက်ပြောပြခဲ့ပါတယ်။ တောမီးနဲ့ တိုက်ရိုက် ထိတွေ့ခံရတဲ့နေရာမှာ သင်နေထိုင်ခြင်းမဟုတ်ရင်တောင် အရောင်မှိုင်းမှိုင်း မီးခိုးလုံးကြီးတွေ တစ်မြို့လုံး လွှမ်းခြုံသွားတာကို မြင်နေရုံနဲ့တင် စိတ်မသက်မသာဖြစ်ပြီး ဖိအားတွေကို ခံစားရမှာဖြစ်တယ်လို့ Smith က ထပ်ဆောင်းပြောခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ်ကိုခံစားရပြီးနောက် စိတ်ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေဖို့ ဘယ်လိုအရာတွေက အထောက်အကူဖြစ်စေလဲ?

            သဘာဝဘေးဒဏ်များမှကျော်လွန်ခြင်းက သေချာပေါက်စိန်ခေါ်မှုပြင်းထန်ကာ ဖိစီးတဲ့အတွေ့အကြုံတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်တွေမှာ ရုပ်ပိုင်းဆိုင်ရာတွေတင်မက စိတ်ပိုင်းဆိုင်ရာကိုပါပြန်ပြီး ကုစားဖို့ လိုအပ်ပါတယ်။ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရာနေရာတွေနဲ့ပတ်သက်တဲ့ သတင်းစီးဆင်းဖို့ကလည်း အရေးကြီးပေမယ့် သတင်းနဲ့ဆိုရှယ်မီဒီယာများမှာ အဆက်မပြတ်ထိတွေ့မှုက စိုးရိမ်ပူပန်မှုတွေကို တိုးမြှင့်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာအသုံးပြုခြင်းကနေ ခဏအနားယူလိုက်ပါ။ ခက်ခဲတဲ့အခြေအနေများကနေ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ အချိန်သေချာယူပါ၊ လုပ်ရိုးလုပ်စဥ်များကို ပုံမှန်အတိုင်း ပြန်လည်ထူထောင်ဖို့ကြိုးစားပါ၊ လုံလောက်စွာအိပ်စက်ပြီး ကောင်းမွန်စွာစားသောက်ခြင်း စတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ အမူအကျင့်များကို ကျင့်သုံးပါ၊ စကားပြောခြင်း ၊စာရေးခြင်း ဒါမှမဟုတ် ဝါသနာပါရာတစ်ခုခုကို ဖန်တီးခြင်းဖြင့်လည်း စိတ်ကိုတစ်နည်းတစ်ဖုံ ကုစားနိုင်ပါသေးတယ်။

စိတ်ပိုင်းဆိုင်ရာအကူအညီလိုအပ်နေသူတွေကို ဘယ်လိုပံ့ပိုးပေးလို့ရမလဲ?

            စိတ်ကျန်းမာရေးဆိုင်ရာပြဿနာရှိသူများထံမှ အကူအညီတောင်းခံခြင်းကို စောင့်ဆိုင်းနေမယ့်အစား ကိုယ့်ဘက်က အရင်လက်လှမ်းမီသလောက် အကူအညီပေးဖို့ ကြိုးစားသင့်တယ်လို့ Smith က ပြောခဲ့ပါတယ်။ လူတွေက အကြပ်အတည်းနဲ့ ရုန်းကန်ရတာတွေ များလာတဲ့အခါ အကူအညီတောင်းဖို့ မေ့လျော့နေတတ်ကြတဲ့ သဘောရှိတယ်လို့ သူက ထပ်ဆောင်း ပြောခဲ့ပါသေးတယ်။ National Institute of Mental Health မှ ဘေးအန္တရာယ်တစ်ခုခုကို ရင်ဆိုင်ခံစားရပြီးနောက် အကူအညီလိုအပ်နေသူများကို ဖေးမပေးဖို့ အကြံပြုချက်တချို့ကို‌ ဆွေးနွေးထားပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကို ကျွမ်းကျင်သူများနဲ့ သေချာဆွေးနွေးတိုင်ပင်ဖို့၊ စိတ်ဖိစီးမှုနဲ့ စိတ်ဒဏ်ရာ များကြောင့် သာမာန်နဲ့မတူ ကွဲပြားတဲ့ အပြုအမူများကို အချိန်မလပ်ဆင်ခြင်သုံးသပ်ဖို့  ဆွေးနွေးပြောပြ ထားပါတယ်။ အချိန်တစ်လကျော်အကြာမှာ ပုံမှန်လုပ်ရိုးလုပ်စဥ်များကို လုပ်ဆောင်နိုင်ခြင်းမရှိပါက ဒါမှမဟုတ် အပြုအမူနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာအသစ်များကြုံလာခဲ့ရင် စိတ်ကျန်းမာရေးကျွမ်းကျင်သူများနဲ့ ဆွေးနွေးကြည့်ဖို့ အကြံပြုထားပါတယ်။ ရုပ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာတွေက မြင်သာနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကတော့ အဲ့လိုမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုဟာ တခြားသူများမသိနိုင်တဲ့ အတွင်းစိတ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်တဲ့အတွက် တစ်ခါတလေ နားလည်ပေးဖို့ခက်ခဲပြီး ဖြေရှင်းဖို့လည်းမလွယ်ကူတတ်ပေ။ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိသူများကို ပတ်ဝန်းကျင်က ရှုတ်ချတတ်ကြတာကြောင့် အကူအညီရယူဖို့ ရှက်ရွံ့ခြင်း၊ ချီတုံချတုံဖြစ်ခြင်း တွေရှိတတ်ပါတယ်။ ဒါ့ကြောင့် အထောက်အပံ့ ဖြစ်စေမယ့် ပတ်ဝန်းကျင်တစ်ခုကိုပံ့ပိုးပေးပြီး စိတ်ကျန်းမာရေးအကြောင်းကို အသိပညာပေးသင့်ပါတယ်။ နောက်ပြီး မိမိပတ်ဝန်းကျင်မှာရှိနေတဲ့ အကူအညီလိုအပ်နေသူများကို စိတ်ပိုင်းဆိုင်ရာကူညီမှု၊ ထောက်ပံ့မှုနဲ့ စာနာမှုများနဲ့ ပုံမှန်နေ့ရက်တွေတုန်းက‌အတိုင်း ရှင်သန်ရပ်တည်သွားနိုင်ဖို့ ဖေးမကူညီပေးရပါမယ်။

Reference

How Do Natural Disasters Affect Mental Health? (2020) PublicHealthDegrees.org. Available at: https://www.publichealthdegrees.org/resources/mental-health-natural-disasters/ (Accessed: 24 May 2023).

 

Daw Theint Thinzar

BE (Civil-West Yangon Technological University)

M.Sc (Construction Project Mgt),

Heriot-Watt University