ပျင်းရိတတ်တဲ့အကျင့်ကို ဘယ်လိုဖျောက်မလဲ?

ပျင်းရိခြင်းဟာ မကောင်းမှန်း ကျွန်တော်တို့အားလုံး သိကြပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့တွေဟာ ကိုယ်လုပ်ရမယ့်အလုပ်တွေကို မလုပ်ချင်ဘဲ အချိန်ဆွဲပြီး ပျင်းရိနေတတ်ပါတယ်။ ဒါကတော့ လူတွေရဲ့ သဘာဝပဲ ဖြစ်ပါတယ်။  ဒါပေမဲ့ အလုပ်တစ်ခုခုကို ချက်ချင်းမလုပ်ဘဲ အချိန်ဆွဲပြီး ပျင်းရိနေတတ်တဲ့ နေ့ရက်တွေ များလာမယ်ဆိုရင်တော့ ကျွန်တော်တို့တွေဟာ တစ်ချိန်ချိန်မှာ အဆင်မပြေတာတွေနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။ အလုပ်အပေါ်မှာ အာရုံစူးစိုက်မှုတွေ နည်းလာမယ်။ အာရုံမရှိတော့ လုပ်ချင်စိတ်မရှိတော့ပါဘူး။ နောက်နေ့မှ လုပ်တော့မယ်ဆိုပြီး ရွှေ့လိုက်တယ်။ ဒီလိုနဲ့ အလုပ်အကြွေးတွေများပြီး အလုပ်တွေမပြီးတော့တဲ့အခါ စိတ်ဖိစီးမှုတွေ ခံစားလာရပါလိမ့်မယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့လည်း အဆင်မပြေတာတွေ ဖြစ်လာနိုင်ပါတယ်။ အလုပ်လုပ်နေတဲ့သူဆိုရင် အလုပ်မှာ အဆင်မပြေတာတွေ ခံစားလာရမယ်။ ကျောင်းသားဆိုရင်လည်း ကျောင်းမှာအဆင်မပြေမှုတွေ ရှိလာမယ်။ အိမ်စာတွေကမပြီး သင်ခန်းစာတွေက တစ်ခုပြီးတစ်ခု လိုက်မမီဆိုတဲ့ အကျိုးတွေကို ခံစားလာရမယ်။ ပျင်းရိပြီး အလုပ်တစ်ခုကို အချိန်ဆွဲနေတတ်ခြင်းက ကျွန်တော်တို့အတွက်‌ ကောင်းကျိုးတစ်ခုမှ မရှိပါဘူး။ ဒါဆို ကျွန်တော်တို့ရဲ့ ပျင်းရိနေတတ်တဲ့ အကျင့်တွေကို ဘယ်လို ဖျောက်ဖျက်ကြမလဲ?

(၁) ရည်မှန်းချက်များကို ချမှတ်ထားပါ။

ကိုယ့်ရဲ့အလုပ်အတွက်ပဲဖြစ်ဖြစ် ဘယ်ကိစ္စကိုမဆို ရည်မှန်းချက် ပန်းတိုင်တစ်ခု ချမှတ်ထားပါ။ ရည်မှန်းချက် ရှိမှလည်း အလုပ်လုပ်ချင်စိတ် ဖြစ်လာမှာပါ။ ဒါပေမဲ့ ကိုယ့်အတွက် ဖြစ်နိုင်ခြေနည်းပါးပြီး မသင့်တော်တဲ့ ရည်မှန်းချက်မျိုးတော့ မဖြစ်ပါစေနဲ့။ ဥပမာ ကိုယ်က အခုမှ ဂျပန်စာကို စပြီးလေ့လာတယ်။ စလေ့လာလိုက်တဲ့အချိန်မှာပဲ ငါဟာ တစ်လ အတွင်းမှာ ဂျပန်စကားပြောကို ကျွမ်းကျင်စွာပြောတတ်ရမယ်လို့ ရည်မှန်းချက် ထားလိုက်တယ်ဆိုပါစို့။  အခုမှစပြီး လေ့လာတာဖြစ်တဲ့အတွက် အချိန်ယူရပါတယ် တစ်လအတွင်းမှာ ပြောတော့ပြောတတ်လာပါလိမ့်မယ်။ ဒါပေမဲ့ ကျွမ်းကျင်ဖို့ဆိုတာကတော့ အချိန်တော်တော် ယူရမှာပါ။ လုပ်တော့လုပ်တယ်၊ မဖြစ်လာဘူးဆိုရင် ကျွန်တော်တို့ဟာ ကိုယ့်ရဲ့စိတ်ကို ဒုက္ခပေးတာနဲ့ အတူတူပါပဲ။  ဒီတော့ ဖြစ်နိုင်ခြေနည်းတဲ့ ရည်မှန်းချက်မျိုးကို ချမှတ်မယ့်အစား ကိုယ်လုပ်နိုင်သလောက်ကို  ခွဲပြီးချမှတ်ပါ။

(၂) Negative စကားလုံးတွေအစား positive စကားလုံးတွေကို သုံးကြည့်ပါ။

တချို့လူတွေဟာ အရာရာကို အကောင်းမြင်တတ်သလို တချို့ကလည်း အဲဒီလူတွေနဲ့ဆန့်ကျင်ဘက် အဆိုးမြင် တတ်ကြပါတယ်။ ကျွန်တော်တို့ကို အလုပ်တစ်ခုခိုင်းလိုက်တယ်ဆိုရင် ဒီအချိန်လေးနဲ့ ဘယ်လိုလုပ်ပြီးမှာလဲ ၊ မပြီးနိုင်ပါဘူး ဒါကမဖြစ်နိုင်ပါဘူးဆိုတဲ့ negative စကားလုံးတွေနဲ့ပြောမယ့်အစား “ငါလုပ်ကြည့်လိုက်မယ်” “ငါလုပ်နိုင်ပါတယ်” “ငါတတ်နိုင်သလောက် အဆင်ပြေအောင် လုပ်ပေးမယ်” ဆိုတဲ့ positive စကားလုံးများနဲ့ ပြောကြည့်ပါ ‌လုပ်ကြည့်ပါ။ ငါလုပ်နိုင်ပါတယ်လို့ တွေးလိုက်ပြီဆိုကတည်းက စိတ်ဓာတ်ခွန်အားတွေ ရလာပြီး နောက်နေ့မှဆိုတဲ့ အချိန်ဆွဲနေတာတွေ လုပ်ဖို့ပျင်းနေတာတွေ မရှိတော့ဘဲ အလုပ်အပေါ်မှာ အာရုံစိုက်လာ နိုင်ပါလိမ့်မယ်။

(၃) To Do List လုပ်ပါ။

တစ်နေ့တာ လုပ်ရမယ့်အလုပ်တွေကို ချရေးထားတတ်တဲ့အကျင့်ကို လုပ်ထားပါ။ ဘယ်အလုပ်ကတော့ အရေးကြီးတယ်၊ အရေးမကြီးဘူး။ ဘယ်ဟာကို အရင်စလုပ်ရမယ်၊ အချိန်ဘယ်လောက်တော့ကြာမယ် ဆိုတာမျိုးကို အစဉ်အတိုင်း ချရေးထားလိုက်ပါ။ ဒီလိုချရေးထားလိုက်ခြင်းက ကိုယ်လုပ်ရမယ့်အလုပ်တွေကို မှတ်မိနိုင်ပြီး ပျင်းနေဖို့ အချိန်မရှိတော့ပါဘူး။ အရေးကြီးတာကို အရင်စလုပ်ပါ ပြီးအောင်လုပ်ပါ။ ဒီနေ့လုပ်နိုင်တဲ့ အလုပ်ကို ဒီနေ့လုပ်လိုက်ပါ။ နောက်နေ့မှ ဆိုတာမျိုးကို ရှောင်ပါ။ လုပ်စရာ အလုပ်တွေပြီးသွားရင် စိတ်တွေက ပေါ့ပါး လန်းဆန်းသွားပါလိမ့်မယ်။ ငါ့မှာ လုပ်စရာတွေရှိသေးတယ်ဆိုပြီး စိတ်ညစ်နေဖို့ မလိုတော့ပါဘူး။

(၄) ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ချီးမြှောက်ပေးပါ။

 အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်တတ်ခြင်းက ကျွန်တော်တို့ရဲ့ ဘဝရှေးရေးအတွက်လည်း အကျိုးကျေးဇူး ခံစားရနိုင်မယ့် အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ အလုပ်တစ်ခုကို ပြီးမြောက်အောင်လုပ်ဖို့ကလည်း motivation ရှိဖို့လိုပါတယ်။ ဒီအလုပ်ပြီးရင် ဘာဖြစ်လာမှာလဲ ဥပမာ ရာထူးတိုးမယ်? လစာတိုးမယ်? ဆိုတဲ့ motivation ရှိခဲ့မယ်ဆိုရင် အလုပ်တစ်ခုကို ပြီးမြောက်အောင်လုပ်ချင်စိတ် ရှိလာမှာပါ။ တကယ်လို့ ဘာ motivation မှမရှိဘူး ဆိုရင်တော့ အဲ့အလုပ်ကိုလုပ်ဖို့ ပျင်းရိလာတတ်ပါတယ်။ ပျင်းရိတတ်ခြင်းက motivation မရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် motivation ရှာဖို့လိုတယ်။ ပရောဂျက်ကြီးတစ်ခု ပြီးသွားတဲ့အခါမျိုးမှာ သူငယ်ချင်းတွေနဲ့အတူ night out ထွက်တာမျိုး၊ တစ်ခုခုသွားစားတာမျိုး အစရှိတာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် reward ပေးပြီး motivate လုပ်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် reward ပေးပြီး  စိတ်ကို ပျော်ရွှင်အောင်ထားခြင်းက အလုပ်လုပ်ရာမှာ ပျင်းရိတုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းလုပ်တတ်တဲ့ အကျင့်ကို ရရှိသွားနိုင်ပါတယ်။

(၅) ငြီးငွေ့ဖွယ်အလုပ်တွေကို ပျော်စရာဖြစ်အောင် ဖန်တီးပါ။

ကျွန်တော်တို့တွေက ငြီးငွေ့ဖို့ကောင်းတဲ့ အလုပ်တွေကို တတ်နိုင်သလောက် ရှောင်ဖို့စဉ်းစားကြပါတယ်။ ဥပမာ အခန်းရှင်းရတာ ပျင်းဖို့ကောင်းတယ်ဆိုပြီး မရှင်းဘဲထားလိုက်တယ်။ မရှင်းတာကြာလာရင် အခန်းက ရှုပ်ယှက် ခတ်ပြီး အဆင်မပြေဖြစ်လာလိမ့်မယ်။ ငြီးငွေ့ဖို့ကောင်းတဲ့ အလုပ်တွေကို လုပ်ချင်စိတ်ရှိလာအောင် ဖန်းတီးလို့ ရပါတယ်။ အလုပ်လုပ်နေရင်း သီချင်းကို အကျယ်ကြီးဖွင့်ထားလိုက်ပါ။ ဒါဆို အာရုံက သီချင်းပေါ်ရောက်သွားပြီး အလုပ်လုပ်နေရတာကို ပျော်လာလိမ့်မယ်။ တခြားမလုပ်ချင်တဲ့ အလုပ်တွေကိုလည်း လုပ်ချင်လာအောင် ပျော်စရာလေးတွေ ဖန်းတီးပြီး လုပ်ခြင်းက အလုပ်တွေ ပြီးမြောက်သွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တွေဟာ ပျင်းရိခြင်းကို အခုဖော်ပြထားတဲ့ နည်းလမ်းတွေကို သုံးပြီး ကျော်ဖြတ်လိုက်ပါ။

How to Stop Being Lazy: 17 Healthy and Practical Strategies (healthline.com) ဆောင်းပါးကို သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

 

Daw Sandi Su Hlaing 

B.C.Sc, (U.C.S.Y) 

B.C.Sc, (Hons) (U.C.S.Y) 

M.C.Sc, (U.C.S.Y)