အဖွဲ့ဝင်ကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ဖြစ်ဖို့

ယနေ့ခေတ်နယ်ပယ်တိုင်းမှာ ပေါင်းစည်းစွမ်းအားဆိုတာကို ပိုလိုလားကြပါတယ်။ အဖွဲ့လိုက် လုပ်ဆောင်ခြင်းဟာ လူတွေရဲ့ စိတ်ဓာတ်တက်ကြွမှုနဲ့ ပေါင်းစည်းစွမ်းအားကို တိုးတက်စေပြီး အဖွဲ့ဝင်တွေအနေနဲ့လည်း အရေးပါတန်ဖိုးရှိတယ်ဆိုတဲ့ ခံစားချက်တွေကို ရစေပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေဟာ အဖွဲ့ဝင်ကောင်းဖြစ်ကြောင်း အလုပ်ရှင်တွေ၊ အဖွဲ့စည်းတွေသိသွားစေဖို့ ကျွန်တော်တို့ရဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အရည်အချင်းတွေကို ပြသရမှာဖြစ်ပါတယ်။ မရှိသေးရင် သင်ယူရမှာဖြစ်ပါတယ်။ အဖွဲ့ဝင်ကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ဖြစ်ဖို့ သင်ယူကြိုးစား ခြင်းဟာ အလုပ်ပန်းတိုင်တွေကို အောင်မြင်စေဖို့အတွက် အထောက်အကူဖြစ်နိုင်သလို၊ လုပ်ဖော်ကိုင်ဖက်များနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ကာ အလုပ်တွေကို အောင်အောင် မြင်မြင်ပြီးနိုင်ဖို့ကိုလည်း ကူညီပေးပါတယ်။

ကျွန်တော်တို့တွေဟာ တစ်ခါတလေ အဖွဲ့ဝင်ကောင်းတစ်ယောက်မှာ ရှိသင့်တဲ့အရည်အချင်းတွေကို လွဲမှားစွာ ယူဆနေတတ်ကြပါတယ်။ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ခြင်းဆိုတာ အရာရာကို လက်ခံပြီး ဟုတ်ကြောင်းပြောတာ၊ ဘာကန့်သတ်ချက်မျှမရှိတာ၊ မကောင်းတဲ့ အကြံပြုချက်တွေကိုလည်း ဆန့်ကျင်မပြောဘဲ လက်ခံတာလိုမျိုး ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ အဆင်ပြေမယ့်နည်းက ထင်ထားတာနဲ့ဆန့်ကျင်ဘက်ပါ။ တကယ်တော်တဲ့ အဖွဲ့ဝင်ဟာ လိုအပ်လာရင် ပြောရဲဆိုရဲရှိရမယ်၊ သတ်မှတ်မျှော်မှန်းထားသလိုလည်း လိုက်နိုင်ရပါမယ်၊ လိုအပ်လာရင် အနောက် ကနေလည်း ပံ့ပိုးနိုင်သူလည်းဖြစ်နိုင်သလို အရှေ့ကနေ ဆုံးဖြတ်ချက်တွေ ချနိုင်သူလည်း ဖြစ်ရပါမယ်။ ဆိုတော့ အလုပ်ခွင်ဖြစ်စေ၊ အသင်းအဖွဲ့တစ်ခုမှာဖြစ်စေ ကောင်းမွန်တဲ့ အဖွဲ့ဝင်ဖြစ်လာဖို့အတွက် နည်းလမ်းအချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) ဆက်ဆံရေးကောင်းမွန်သူဖြစ်ပါစေ။

ပြောတတ်၊ ဆိုတတ်၊ နားလည်တတ်တဲ့ အရည်အချင်းဟာ ကျွန်တော်တို့ရဲ့ ပရော်ဖက်ရှင်နယ် တိုးတက်မှုမှာ အရမ်းအရေးကြီးပါတယ်။ တခြားသူတွေဆီကို စိတ်ပါလက်ပါနားထောင်ပေးတာ၊ မိမိ အကြံဉာဏ်တွေကို ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ပြောဆိုတာ၊ အကြံပြုချက်တွေကို ပြန်လည် ထုတ်ပေးနိုင်တာနဲ့ လက်ခံနိုင်တာ စတာတွေကို ဆက်ဆံရေးမှာ သေချာပြုလုပ်နိုင်ခြင်းက ကျွန်တော် တို့ကို စွမ်းရည်အမြန်တိုးတက်အောင် ကူညီပေးနိုင်ပြီး အဖွဲ့၊ အသင်းတွေနဲ့ ပိုမိုချိတ်ဆက်နိုင်စေမှာပါ။

(၂) ပြဿနာဖြေရှင်းနိုင်သူဖြစ်ပါစေ။

ကျွန်တော်တို့ အဖွဲ့စည်းတွေဟာ စိန်ခေါ်မှုတွေကို အလျင်းသင့်သလို ရင်ဆိုင်ရပါတယ်။ အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ကိစ္စရပ်တွေအပေါ်မှာ နက်နက်နဲနဲ တွေးတောတတ်တာနဲ့ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်တာတွေဟာ အဖွဲ့နှင့်ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်မှုမှာ တကယ်ကို လိုအပ်တဲ့အရာပါ။ ဒါကြောင့် တခြားအဖွဲ့ဝင်တွေနဲ့ ကိစ္စရပ်တွေ ဆွေးနွေး ဖြေရှင်းကြတဲ့ အခါ လက်တွေ့ကျတဲ့ ဖြေရှင်းချက်တွေကို အကြံပြုဖို့ ကြိုးစားပါ။

(၃) တာဝန်ကိုနားလည်သူဖြစ်ပါစေ။

ကျွန်တော်တို့အနေနဲ့ ကိုယ်တိုင်က ဘာတွေမျှော်မှန်းထားပြီး အဖွဲ့အတွင်းမှာ ဘာတွေတာဝန်ယူရမယ်၊ ကိုယ့်အဆင့်နေရာဟာ ဘယ်လိုတည်ရှိနေတယ်ဆိုတာ သိထားရပါမယ်။ ကိုယ်တကယ် လုပ်ဆောင်နိုင်ပြီး ကိုယ့်စွမ်းရည်ကိုချပြနိုင်တဲ့ လက်တွေ့ကျကျဖြစ်နိုင်ခြေရှိမှသာ သက်ဆိုင်ရာ တာဝန်ကို ယူရမှာဖြစ်ပါတယ်။ အကြောင်းကတော့ တခြားအဖွဲ့ဝင်တွေက ကိုယ့်အပေါ်မျှော်လင့်ထား တာတွေရှိသလို ကျွန်တော်တို့အနေနဲ့လည်း ရလဒ်တွေပေးနိုင်၊ ယူနိုင်တယ်ဆိုတာကို သေချာအောင်ဆောင်ရွက်ပြရမှာကြောင့်ပါ။

(၄) ဦးစွာဆောင်ရွက်သူဖြစ်ပါစေ။

ဦးစွာဆောင်ရွက်တတ်ခြင်းဟာ ပြဿနာတွေ မဖြစ်လာခင်မှာ ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။ ဒါ့အပြင် ပြဿနာတွေပေါ်လာတဲ့အခါ ချက်ချင်းဆောင်ရွက်တတ်သူဖြစ်ဖို့လည်း လိုပါတယ်။ အခြားအဖွဲ့ဝင်တစ်ဦးက မတောင်းဆိုခင်ကတည်းက စီစဉ်ဆောင်ရွက်နိုင်ဖို့ အသင့်အနေ အထားရှိနေဖို့ လိုအပ်ပါတယ်။ ဦးစွာဆောင်ရွက်တတ်မှုဟာ တခြားသူတွေကိုလည်း ကိစ္စရပ်တွေမှာ ပိုမိုပါဝင်ကြိုးပမ်းလာဖို့ အားဖြစ်လာစေမှာပါ။

(၅) အချိန်လေးစားသူဖြစ်ပါစေ။

အဖွဲ့ဝင်တစ်ဦးဦးဟာ သူတို့ရဲ့အလုပ်ကို ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့ အလုပ်ပြီးစီးမှာကို စောင့်နေကြမှာပါ။ အချိန်ကို သေချာစီမံခန့်ခွဲပြီး ကောင်းကောင်းအသုံးပြုနိုင်တာဟာ တခြားအဖွဲ့ဝင်တွေကို ပိုတက်ကြွအဆင်ပြေစေမှာပါ။ ဒီလိုဆောင်ရွက်နိုင်ခြင်းကလည်း ကျွန်တော်တို့ကို တန်ဖိုးရှိတဲ့အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခံရပြီး အားကိုးနိုင်တဲ့ အဖွဲ့ဝင်အဖြစ်လည်း မြင်သာလာစေမှာပါ။

(၆) ကိုယ့်အားသာချက်ကိုသိသူဖြစ်ပါစေ။

အများအားဖြင့်ဆိုရင် ပရောဂျက်စီမံကိန်းတွေလုပ်တဲ့အခါ လုပ်ဆောင်ရမယ့်အဆင့်တွေကို စီစဉ်တဲ့အချိန်မှာ လုပ်ငန်းတာဝန်တွေကို သေသေချာချာချမှတ်ပေးရပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေအကြောင်း၊ ဘယ်လိုလုပ်နိုင်ကြောင်းကို မှန်မှန်ကန်ကန် ဖော်ပြပြီး ကိုယ်က ဘယ်လိုလက်တွဲပံ့ပိုးပေးနိုင်တယ်ဆိုတာကို အဖွဲ့ဝင်အားလုံးသိအောင် ပြောပြ ရမှာပါ။ ဆက်ပြီး ကိုယ့်ကျွမ်းကျင်မှုတွေကို အသုံးချနိုင်မယ့်အလုပ်တွေကိုလည်း တောင်းဆိုတတ်ရမှာပါ။

(၇) ပံ့ပိုးတတ်သူ၊ ပံ့ပိုးမှုကိုလက်ခံတတ်သူဖြစ်ပါစေ။

လုပ်ဆောင်ချက်ရလဒ်ကောင်းတဲ့အဖွဲ့တွေဟာ အဖွဲ့ဝင်အချင်းချင်း အပြန်အလှန်ကူညီမှုတွေ ထောက်ပံ့မှုတွေကို လက်ခံထားကြပါတယ်။ အဖွဲ့ရဲ့စွမ်းဆောင်ရည်တွေ အဆင့်မြှင့်တင်ဖို့၊ ပိုကောင်းဖို့ဆိုရင် တော်တဲ့အဖွဲ့ဝင်တွေကို ကျေးဇူးတင်ရမယ်၊ အပြုသဘောဆောင်တဲ့ ဝေဖန် ထောက်ပြ မှုတွေလုပ်ရမယ်၊ ကိုယ့်ဘက်က အကူညီလိုရင်လည်း လက်ခံတတ်ရမယ်၊ ကိုယ့်ရဲ့အတွေး အကြံဉာဏ်တွေကို အားလုံးကိုမျှဝေပေးရမှာပါ။

(၈) အချက်အလက်အသိပညာကို မျှဝေတတ်သူဖြစ်ပါစေ။

အဖွဲ့အတွက် အသုံးဝင်တဲ့ အွန်လိုင်းအရင်းအမြစ်တစ်ခုကို ရှာဖွေတွေ့ရှိပြီလား၊ ကိုယ်ပါဝင်တဲ့ အဖွဲ့နဲ့ မျှဝေပေးပါ။ ပရောဂျက်တစ်ခုခုလုပ်တဲ့အခါ အရင်တုန်းက အခုလိုပုံစံဆင်တူစီမံကိန်းတွေ လုပ်ဆောင်ဖူးသလား၊ ကိုယ့်အတွေ့အကြုံတွေကို မျှဝေပေးပါ။ ဒီလိုအချက်အလက်လဲလှယ်မှုတွေဟာ အဖွဲ့ဝင်တိုင်းအတွက် ကောင်းမွန်တဲ့အလုပ်စွမ်းရည်တွေ ထွက်လာစေဖို့နဲ့ အခက်အခဲပြဿနာတွေကို လွယ်ကူစွာဖြေရှင်းနိုင်စေဖို့ ကြီးကြီးမားမား အထောက်အကူဖြစ်စေမှာပါ။

(၉) အဖွဲ့ရဲ့ရည်မှန်းချက်ကိုနားလည်သူဖြစ်ပါစေ။

အဖွဲ့ဝင်တစ်ယောက်ဟာ အဖွဲ့ရည်မှန်းချက်တွေကိုမသိရှိဘဲ၊ ဒါမှမဟုတ် နားမလည်ဘဲ ကိုယ့်အဖွဲ့ရဲ့ ပူးပေါင်းရည်မှန်းချက်တွေဆီသို့ ရောက်အောင်လုပ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အလုပ် ဆောင်ရွက်ရာမှာ အမြင်ကျယ်ကျယ် အတွေးကြွယ်ကြွယ်ရဖို့ ကိုယ်သွားနေတဲ့ပန်းတိုင်ကို ကောင်းကောင်းနားလည် ထားရမှာပါ။ ဒါမှလည်း တခြားအဖွဲ့ဝင်တွေနဲ့ ဘယ်လိုပူးပေါင်းမလဲ၊ တစ်သားတည်းဖြစ်မလဲဆိုတာကို သိနိုင်မှာပါ။

(၁၀) အမြင်ကျယ် အတွေးကြွယ်သူဖြစ်ပါစေ။

အဖွဲ့လိုက်လုပ်ဆောင်နိုင်စွမ်းဆိုတာ မတူထူးခြားတဲ့ အမြင်တွေနဲ့ ကျွမ်းကျင်မှုတွေကို မျှဝေထားတဲ့ လူပေါင်းစုံရဲ့ပေါင်းစပ်မှုဖြစ်ပါတယ်။ ဒါဟာ တခြားအဖွဲ့ဝင်တွေရဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ပုံတွေကို လက်ခံနိုင်တဲ့ စိတ်အမြင်ကျယ်ခြင်းမျိုးဖြစ်ပြီး မတူညီတဲ့စိတ်နဲ့အတွေးတွေကို လက်ခံနိုင်ဖို့ ပြင်ဆင်ထားရပါမယ်။ ဒီအလေ့အကျင့်ဟာ ကျွန်တော်တို့အတွက် ထူးခြားတဲ့အကြောင်းအရာတွေကို သင်ယူနိုင်စေရုံသာမက၊ အဖွဲ့ဝင်တွေကိုလည်း ဆန်းသစ်တဲ့ စိတ်ကူးအကြံ တွေကို မျှဝေလာစေဖို့ လှုံ့ဆော်ပေးစေမှာပါ။

Elizabeth Perry ရဲ့ How to be a good team player ဆောင်းပါးမှ ကိုးကားရေးသားထားပါတယ်။

U Zin Lwin Thant

B.Act, M.Act (MUE)