စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်မယ့် နည်းလမ်းကောင်းများ

လူတိုင်းဟာ မိမိတို့ရဲ့ နေ့စဥ်ဘဝမှာ မိသားစုကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ စိတ်ဖိစီးမှုဒဏ်ကို တွေ့ကြုံခံစားဖူးကြပါလိမ့်မယ်။ အဲဒီလိုစိတ်ဖိစီးမှုဒဏ်ကို ခံစားနေရပါက အလျင်အမြန် စိတ် သက်သာအောင် လုပ်ဖို့လိုပါတယ်။ စိတ်ပင်ပန်းမှုဒဏ်ကို ကြာရှည်စွာ ခံစားနေရမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုဒဏ်ကို လျှော့ချပေးနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

 

၁။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း။

ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းများဟာ စိတ်ဖိစီးမှုကို လျှော့ချ‌ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကိုယ တစ်နေ့တာကြုံတွေ့ခဲ့ရတဲ့  စိတ်ပင်ပန်းနွမ်းနယ်မှုများကို လျှော့ချဖို့ လမ်းလျှောက်ခြင်း၊ ဖြေးဖြေးနဲ့ ပုံမှန်ပြေးခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ အိမ်သန့်ရှင်းရေးပြုလုပ်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ အလေးမခြင်း စတဲ့ ကိုယ်လက် လှုပ်ရှားမှုများထဲမှ တစ်နည်းနည်းကို ပြုလုပ်နိုင်ပါတယ်။

 

၂။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကိုစားခြင်း။

မိမိကိုယ်ကိုယ် ဂရုစိုက်နေထိုင်ရာမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင်ဖို့ကလည်း အရေးကြီးတဲ့ အချက် တစ်ချက်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ အဆီအစိမ့်များတဲ့ အစာများ၊ အသင့်စား အစားအစာများ၊ ဆီကြော်အစာတွေကို လျှော့စားသင့်ပြီး သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနဲ့ အစေ့အဆံများကို စားသုံးသင့်ပါတယ်။

 

၃။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အကျင့်တွေကို ရှောင်ရှားခြင်း။

တချို့သောလူတွေဟာ စိတ်ဖိစီးမှုတွေ ပြေပျောက်ဖို့အတွက် ကဖိန်း ဒါမှမဟုတ် အရက်အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အလွန်အကျွံစားခြင်း၊ တရားမဝင် မူးယစ်ဆေးဝါးများ သုံးခြင်းကို ပြုလုပ်လေ့ရှိကြပါတယ်။ အဲဒီလိုပြုလုပ်ခြင်းများဟာ တစ်ခဏမှာတော့ စိတ်ဖိစီးမှုကို လျှော့ချပေးကောင်း ပေးနိုင်ပါလိမ့်မယ်။ အဲဒီနည်းလမ်းများဟာ ‌ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အဲဒီအပြုအမူများကို ရှောင်ရှားသင့်ပါတယ်။

 

၄။ ကောင်းမွန်စွာအိပ်စက်အနားယူခြင်း။

စိတ်ဖိစီးမှုဒဏ်ကို ခံစားနေရတဲ့သူတွေဟာ ကောင်းမွန်စွာ အိပ်စက်အနားယူဖို့ ခက်ခဲနိုင်ပါတယ်။ သင်ဟာ အိပ်ခါနီးမှာ စိတ်ညစ်စရာကိစ္စတွေကို တွေးနေမယ်ဆိုပါက အချိန်တစ်ခဏအတွင်းမှာ အိပ်မပျော်ဘဲ ရှိနေပါလိမ့်မယ်။ အိပ်စက်ခြင်းဟာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးတဲ့ အချိန်ဖြစ်ပြီး လုံလောက်တဲ့ အိပ်စက်မှုကိုရရှိခြင်းက သင့်ခံစားချက်၊ အတွေးအခေါ်၊ အာရုံစူးစိုက်မှုနဲ့ သင့်ရဲ့အလုံးစုံလုပ်ဆောင်ချက်တွေအပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါကြောင့် ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ဖို့ အိပ်ခါနီးမှာ စိတ်ညစ်စရာအကြောင်းအရာတွေကို မတွေးသင့်ဘဲ ငြိမ့်ညောင်းသာယာတဲ့ တေးသီချင်းတွေကို နားထောင်တာမျိုး ပြုလုပ်သင့်ပါတယ်။

 

၅။ တခြားသူတွေနဲ့ ပြောဆိုဆက်ဆံခြင်း။

စိတ်ဖိစီးမှုဒဏ်ကို ခံစားနေရတဲ့သူတွေဟာ တစ်ယောက်တည်း သီးခြားမနေသင့်ပါဘူး။ မိမိမှာ စိတ်ညစ်စရာ ကိစ္စများရှိနေပါက ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မိသားစု၊ မိတ်ဆွေ၊ အပေါင်းအသင်း သူငယ်ချင်းတွေကို ရင်ဖွင့်ပြောပြကာ သူတို့ထံမှ အကြံဉာဏ်ရယူခြင်းဖြင့် ပြဿနာတွေကိုဖြေရှင်းကာ လူမှုဆက်ဆံရေး တိုးတက်အောင် ဖန်တီးသင့်ပါတယ်။ ဒါကြောင့် ရံဖန်ရံခါ သူငယ်ချင်းတွေနဲ့ ကော်ဖီဆိုင်ထိုင်ခြင်း၊ မိဘဆွေမျိုးများနဲ့ ဆက်သွယ် ပြောဆိုခြင်းများ ပြုလုပ်သင့်ပါတယ်။ အချိန်ရပါက ပရဟိတအဖွဲ့များမှာ စေတနာ့ဝန်ထမ်းအနေနဲ့ ပါဝင်ကူညီ ပေးသင့်ပါတယ်။ စေတနာ့ဝန်ထမ်းလုပ်ခြင်းက သူတစ်ပါးကိုလည်း ကူညီရာရောက်ကာ မိမိစိတ်လည်း အေးချမ်းမှု ရနိုင်ပါတယ်။

 

၆။ တရားထိုင်ခြင်း။

တရားထိုင်ခြင်းကလည်း စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ တရားထိုင်ခြင်းကြောင့် သင့်ရဲ့ ရှုပ်ထွေးနေတဲ့စိတ်များ ငြိမ်သက်သွားကာ စိတ်အေးချမ်းမှုကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် တတ်ကျွမ်း နားလည်သူများက လမ်းညွှန်ထားတဲ့ တရားထိုင်နည်း၊ တရားမှတ်နည်းများကို လမ်းလျှောက်နေတဲ့အခါမှာဖြစ်စေ၊ အလုပ်သွားဖို့ ဘတ်စ်ကားစောင့်နေတဲ့အခါမှာဖြစ်စေ အချိန်မရွေး လေ့ကျင့်နိုင်ပါတယ်။

 

၇။ ရယ်မောခြင်း။

ရယ်မောခြင်းဟာ သင်ခံစားနေရတဲ့ စိတ်ဖိစီးမှုများကို အလုံးစုံပပျောက်အောင် မလုပ်နိုင်ပေမယ့်လည်း တစ်ခဏတော့ စိတ်ပျော်ရွှင်မှု ရစေနိုင်ပါတယ်။ ရယ်မောခြင်းကြောင့် သင့်ရဲ့စိတ်ကို ပေါ့ပါးစေရုံသာမကဘဲ သင့်ခန္ဓာကိုယ်အတွင်း အပြုသဘောဆိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုများကို လျှော့ချနိုင်ဖို့ ဟာသစာအုပ်များဖတ်ခြင်း၊ ဟာသရုပ်ရှင်များကြည့်ခြင်း၊ ဟာသဉာဏ်ရွှင်တဲ့ သူငယ်ချင်းများနဲ့ ပေါင်းသင်းဆက်ဆံတာမျိုး ပြုလုပ်သင့်ပါတယ်။

ဒါ့ကြောင့် သင်စိတ်ပင်ပန်းမှုခံစားနေရပြီဆိုရင် အထက်မှာဖော်ပြထားတဲ့ နည်းလမ်းများထဲမှ တစ်နည်းနည်းကို ပြုလုပ်ကြည့် သင့်ပါတယ်။

 

Reference: https://www.mayoclinic-org>in depth> art-20047257

Daw Htet Pann Wai

B.Com (Q**), M.Com (MEUE)