Zara ဖက်ရှင်အမှတ်တံဆိပ်ရဲ့ အောင်မြင်မှုသမိုင်း

စပိန်နိုင်ငံရဲ့ ဘီလျံနာ တစ်ဦးဖြစ်တဲ့ Amancio Ortega က ဖက်ရှင်လက်လီ ရောင်းချခြင်းလုပ်ငန်းဆိုတာ ဆွဲဆောင်မှုရှိပြီး ရှက်နေစရာမလိုဘဲ အမြဲတမ်း ဆန်းသစ်တီထွင်နေဖို့ပဲလိုတယ်ဆိုပြီး ပြောခဲ့ပါတယ်။ သူကတော့ ကမ္ဘာ့တတိယအကြီးဆုံး ဖက်ရှင်လက်လီရောင်းချတဲ့ လုပ်ငန်း Inditex ကို တည်ထောင် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။ Inditex ကုမ္ပဏီအနေနဲ့ အဝတ်အထည် ဖက်ရှင်လုပ်ငန်းတစ်ခုဖြစ်ပြီး Zara, Bershka, Pull&Bear စတဲ့အမှတ်တံဆိပ်တွေကို ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ အဲဒီလုပ်ငန်းစုအနေနဲ့ တစ်နှစ်ကို မတူညီတဲ့ ဖက်ရှင်အမျိုးပေါင်း (၂) သောင်းကျော် ထုတ်လုပ် နေပြီးတော့ ၂၀၀၆ ခုနှစ်မှာတော့ ဘီလီယံဒေါ်လာ (၁၀.၉၈) ကို ရရှိနေပြီး ဖြစ်ပါတယ်။ Inditex ကုမ္ပဏီရဲ့ ရောင်းအား (၇၀) ရာခိုင်နှုန်းက Zara အမှတ်တံဆိပ်အဝတ်အထည်တွေကို ရောင်းချပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ထုတ်ပြန်ချက်များအရ Zara ဆိုင်ခွဲပေါင်း (၃၀၀၀) နီးပါးကို နိုင်ငံပေါင်း (၉၆) နိုင်ငံမှာ ဖွင့်လှစ်ထားရှိတယ်လို့ ဖော်ပြထားပါတယ်။

Inditex ကုမ္ပဏီအနေနဲ့ supply chain ကို ပိတ်စတွေ ဒီဇိုင်းလုပ်တာကစပြီး ဖြန့်ဖြူးရောင်းချတာ၊ အရောင်းဆိုင်တွေမှာ display လုပ်တာ စတာတွေကို ထိန်းချုပ်ထားပြီး Ortega ရဲ့ ထိန်းချုပ်မှု စနစ်ထဲကနေ သူတို့ပိုင်တဲ့ အမှတ်တံဆိပ်တွေက သွေဖီသွားလို့မရပါဘူး။ Ortega ကို ၁၉၃၆ ခုနှစ်မှာ မွေးဖွားခဲ့ပြီး စစချင်းသူလုပ်ကိုင်ခဲ့တာကတော့ အပ်ချုပ်ဆိုင်က ရှပ်အင်္ကျီတွေကို ပို့ပေးတဲ့အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှာတော့ အရင်းအနှီးနည်းနည်းနဲ့ စတင်ပြီး ကိုယ်ပိုင်ထုတ်လုပ်တဲ့ အဝတ်အထည်တွေကို ရောင်းချခဲ့ပါတယ်။ ပထမဦးဆုံး Zara ဆိုင်ကိုတော့ စပိန်နိုင်ငံရဲ့ La Coruna မြို့မှာ ၁၉၇၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ စစချင်း စိတ်ကူးကတော့ ဒီဇိုင်းနာကြီးတွေရဲ့ ဒီဇိုင်းတွေကို ထုတ်လုပ်ရောင်းချဖို့အတွက် ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်မှာတော့ Inditex ကို တည်ထောင် လိုက်ပြီး ၁၉၈၈ ခုနစ်မှာ Zara အမှတ်တံဆိပ်ထုတ်ကုန်တွေကို ကမ္ဘာတစ်ဝှမ်းသို့ တင်ပို့ဖြန့်ချိခဲ့ပါတယ်။

ကြော်ငြာဘတ်ဂျက်တွေ အမြောက်အမြားသုံးတာက အဓိပ္ပာယ်မဲ့တယ်လို့ ယုံကြည်ထားတဲ့ Ortega က လက်လီအရောင်းဆိုင်နေရာတွေ၊ ဆိုင်တွင်းအပြင်အဆင်တွေနဲ့ Window Display တွေအပိုင်းကို ပိုမိုအာရုံစိုက်ရင်းနှီးပြီး ဝယ်သူတွေကို ဆွဲဆောင်ခဲ့ပါတယ်။ နောက်ထပ် ဗျူဟာတစ်ခုကတော့ Zara ဆိုင်ဖွင့်လှစ်မယ့်နေရာ (store location) ကို သေချာလေး ရွေးချယ်ဖွင့်လှစ်ခြင်းပဲ ဖြစ်ပါတယ်။ Zara မှာ တစ်နှစ်ကို collection (၄) ခု ထုတ်လုပ်တာအပြင် တစ်ပတ်ကို (၂) ကြိမ် ပစ္စည်းအဆင် ဒီဇိုင်းသစ်တွေကို အမြဲပြသရောင်းချပါတယ်။ သူတို့ရဲ့ ဒီဇိုင်းနည်းဗျူဟာတွေကြောင့် အမြဲတမ်း ဝယ်ယူနေကြ customer တွေအနေနဲ့ တစ်နှစ်ကို (၁၇) ကြိမ်ဝန်းကျင် Zara ဆိုင်မှာ လာရောက်ဝယ်ယူကြ တယ်လို့ စစ်တမ်းများအရ သိရပါတယ်။ အဲဒီအကြိမ်ရေက တခြားဖက်ရှင်လုပ်ငန်းများထက် (၄) ဆ ပိုများတယ်လို့ ဆိုပါတယ်။

La Coruna မြို့မှာရှိတဲ့ Zara Headquarters မှာ stock တွေကို သေချာထိန်းသိမ်းထားဖို့ ပေပေါင်း မီလီယံနဲ့ချီ ကျယ်ဝန်းတဲ့ ဗဟိုသိုလှောင်ရုံနဲ့ စီမံခန့်ခွဲထားပြီး စတိုးမန်နေဂျာတွေအနေနဲ့ stock လက်ကျန် သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ပေးပို့ပေးရပါတယ်။ မန်နေဂျာတွေအနေနဲ့လည်း စတိုင်လ်ဒီဇိုင်းအသစ်တွေကို အကြံဉာဏ်ပေးနိုင်ပြီး ဝယ်ယူသူတွေနဲ့ ပုံမှန်ထိတွေ့နေကြ Frontline က တာဝန်ရှိသူတွေအနေနဲ့ တခြားဌာနကသူတွေနဲ့ အမြဲတမ်းဆက်သွယ်ဆောင်ရွက်တဲ့ culture ကို ကျင့်သုံး ကြပါတယ်။ အယောက် (၂၀၀) ကျော်ရှိတဲ့ ဒီဇိုင်းအဖွဲ့ရှိပြီး customer တွေဆီကရတဲ့ အကြုံပြုချက် တွေကို နေ့စဉ်ရယူပြီး နိုင်ငံတကာ ဖက်ရှင်ရေစီးကြောင်းကိုလည်း အမြဲမပြတ် စောင့်ကြည့်လုပ်ကိုင် လျက်ရှိပါတယ်။

Ortega တည်ထောင်ထားတဲ့ ကုမ္ပဏီကအဖွဲ့သားတွေရဲ့ အထင်ပေါ်ဆုံး အရည်အချင်းကတော့ ပုံကြမ်း စဆွဲတာကနေ ဆိုင်တွေမှာတင်ပြီး ရောင်းဖို့အတွက်ကို အချိန် (၁၅) ရက်သာ ကြာမြင့်ပါတယ်။ သူတို့ရဲ့ supply chain တစ်ခုလုံးက အလျင်အမြန်တိုးတက်ဖွံ့ဖြိုးနေပြီး ဖက်ရှင်အကျဆုံး အမှတ်တံဆိပ်တစ်ခု အဖြစ်လည်း ရပ်တည်လျက်ရှိပါတယ်။ Zara အနေနဲ့ ဒီဇိုင်းအသစ်တွေကို အမြဲမပြတ်ထုတ်လုပ်နေတဲ့အတွက် (၈၀) ရာခိုင်နှုန်းထုတ်ကုန်တွေက သတ်မှတ်ဈေးနှုန်းအတိုင်းသာ ရောင်းချရပြီး လုပ်ငန်းတူပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်တဲ့အခါ တခြားသူ တွေထက် (၆၀) ရာခိုင်နှုန်း ပိုမိုအမြတ်ရရှိတာကို လေ့လာတွေ့ရှိရပါတယ်။

Zara ရဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်မှာ စပိန်နဲ့ ပေါ်တူဂီအတွင်းက ပြည်တွင်းထုတ်လုပ်သူပေါင်း (၄၀၀) ကျော်ပါဝင်နေပြီး ကိုယ်ပိုင် ပိတ်စစက်ရုံ၊ အထည်ညှပ်တာနဲ့ အရောင်ဆိုးတာတွေအတွက် စက်ရုပ်တွေ အသုံးပြုခြင်းနဲ့ တစ်နာရီမှာ အထည် (၆) သောင်းကျော် sorting စီနိုင်တဲ့ Danish sorting system များကို သုံးစွဲထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Ortega အနေနဲ့ သူရဲ့ ထုတ်ကုန် (၃) ပုံ (၁) ပုံကို အာရှဘက်မှာ တစ်ဆင့်ခံ မိတ်ဖက်များနဲ့ ထုတ်လုပ်လျက်ရှိပြီး ထုတ်လုပ်ရေးရဲ့ (၇၀) ရာခိုင်နှုန်းကိုတော့ ဥရောပ ဘက်မှာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။

Zara ရဲ့ အဓိက ပြိုင်ဘက်တွေကတော့ Gap နဲ့ H&M တို့ဖြစ်ပြီး သူတို့ရဲ့ ထုတ်လုပ်ရောင်းချမှုများကို promotion best deals များဖြင့် ရောင်းချခြင်းအပေါ်ကို တည်မီနေပါတယ်။ ရှည်တည်တံ့ရေးအတွက် Zara အနေနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု တွေကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက်ရှိပါတယ်။ “Closing the Loop” programme ကို အကောင်အထည်ဖော်ခဲ့ပြီး အသုံးပြုပြီးသား အဝတ်အထည်တွေကို တခြားသူတွေအတွက် ပြန်လည် အသုံးပြုဝေမျှပေးတဲ့ အစီအစဉ်တွေကို သူ့ရဲ့ ဆိုင်ခွဲတိုင်းမှာ ပြုလုပ်ပေးလျက်ရှိပြီး ဝယ်ယူအားပေး သူတွေအနေနဲ့လည်း အဝတ်အထည်တွေကို ပြန်လည် အသုံးပြုတတ်စေဖို့အတွက် recycle packaging တွေကိုလည်း မိတ်ဆက်အသုံးပြုလျက်ရှိပါတယ်။

Ortega ကို နာမည်ကျော် Louis Vuitton ရဲ့ Fashion Director, Moet Hennessy က “ကမ္ဘာပေါ်မှာ တီထွင်ဆန်းသစ်မှုအရှိဆုံးနဲ့ အလွန်အထင်ကြီးစရာကောင်းတဲ့ လက်လီရောင်းချသူပါပဲ” လို့ ချီးကျူး မှတ်ချက်ပြုခဲ့ပါတယ်။

Ref: 100 Great Businesses and Minds Behind Them, Emily Ross and Angus Holland

 

Daw May Thet Hnin

MBA (Heriot-Watt University)