"၂၀၂၄ မှာ လုပ်ငန်းများအတွက် မဖြစ်မနေရှိသင့်တဲ့ အရည်အသွေး (၅) ခု"

ယနေ့ခေတ်မှာ စီးပွားရေးပြောင်းလဲမှုက ယခင်ကထက်ပိုပြီး ပြောင်းလဲမှုနှုန်း လျင်မြန်လျက်ရှိနေပါတယ်။ ဒါ့အပြင် နည်းပညာအသစ်တွေ စတင်သုံးစွဲလာပြီး ကုန်ပစ္စည်းအသစ်တွေလည်း ပေါ်ပေါက်လာလျက်ရှိပါတယ်။ ဒါကြောင့် ယခုဆိုရင် ပြောင်းလဲမှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် လုပ်နည်းကိုင်နည်းအသစ်တွေ လိုအပ်လာပါတယ်။ တကယ်လို့ သင်ဟာ လက်ရှိရှိနေတဲ့နေရာမှာ ဘာမှအသစ်အဆန်း လုပ်ကိုင်နိုင်မှုမရှိရင် သင့်ရဲ့ စီးပွားရေး ဟာလည်း နောက်ကျကျန်ခဲ့မှာပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ကုန်ပစ္စည်းကို သုံးစွဲသူကလည်း တခြားကောင်းမွန်တဲ့ အရာတွေကိုပဲ လိုက်လံရှာဖွေမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုမဖြစ်အောင် အတိတ်မှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ခဲ့သလဲ၊ အနာဂတ်မှာရော ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်လာနိုင်လဲဆိုတာကို ခန့်မှန်းသိရှိခြင်းဖြင့် မိမိ လုပ်ငန်းကို အချိန်တိုအတွင်း ရှေ့သို့ရောက်အောင် လုပ်ကိုင်ဆောင်ရွက်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း တိုးတက် လာမှုများနဲ့ ရှေ့ဖြစ်လာမယ့် ကြိုတင်ခန့်မှန်းချက်များကို အခြေခံကာ မိမိရဲ့စီးပွားရေးကို နောက်ကျမကျန် ခဲ့အောင် အောက်ဖော်ပြပါ အရည်အသွေး (၅) ခုကို ယခုပင် မိမိရဲ့လုပ်ငန်းမှာ အကောင်အထည်ဖော်လိုက်ပါ။

၁။ Cybersecurity

တကယ်လို့ သင့်စီးပွားရေးလုပ်ငန်းရဲ့ အချက်အလက်များ တရားမဝင် ခိုးယူခြင်းခံရပါက ပြန်ရဖို့ မလွယ်ကူပါဘူး။ သင့်ရဲ့ ဆိုရှယ်မီဒီယာအကောင့်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ သင့်ရဲ့အကောင့်ကို ဝင်ရောက်တဲ့ လုံခြုံရေး နံပါတ်ဟာ ခိုင်မာမှုမရှိပါက သင့်ရဲ့စနစ်ထဲကို မည်သူမဆို ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။ နေ့စဉ်စနစ်ချိုးဖောက် ဝင်ရောက်မှုမှာ အရေအတွက် ၂၂၀၀ လောက် ဖြစ်ပွားလျက်ရှိပါတယ်။ တစ်နှစ်ထက်တစ်နှစ် အရေအတွက် ပိုမိုများပြားလာပြီး ချိုးဖောက်ဝင်ရောက်သူများဟာ သူတို့ရဲ့ ချိုးဖောက်ဝင်ရောက်မှုများမှာ AI ကိုအသုံးပြုပြီး ပို၍ ခေတ်မီလာကာ အသံများ၊ရုပ်များကို အတုလုပ်ပြီး လိမ်လည်တာမျိုးအထိ ရှိလာပါတယ်။ ဒါကြောင့် ဒီလိုဖြစ်ရပ်တွေကို ကာကွယ်ဖို့ရာအတွက် သင့်ရဲ့လုပ်ငန်းမှာရှိတဲ့ အဖွဲ့ဝင်များကို သတိဝိရီယနဲ့ရှိစေကာ အစီအစဉ်များ ကြိုတင်ပြုလုပ်ခိုင်းထားပြီးဖြစ်လာနိုင်မယ့် အန္တရာယ်များကို ရှောင်ရှားကာ လုပ်ငန်းကိုကာကွယ်ပါ။

၂။ ကိုယ်ပိုင်အမှတ်တံဆိပ်တည်ဆောက်ပါ။

သင့်ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ကို တည်ဆောက်ခြင်းဖြင့် မားကတ်တင်းအတွက် ကုန်ကျမယ့်ငွေကို လျှော့ချနိုင်ပါတယ်။ လူတွေက သင်ပြောချင်တာကိုကြားပြီးသား ဖြစ်တဲ့အတွက် သင့်ရဲ့ စီးပွားရေးဟာ အဲ့အရာကို Target Audience တွေသိစေဖို့ အရောင်းအတွက် ထပ်မံပြီး ကြော်ငြာစရိတ် မလိုပါဘူး။ ဒါပေမဲ့ အဲ့ဒီလို လွှမ်းမိုးမှု ဖြစ်စေဖို့ သင်ဟာ ကိုယ်ပိုင်အမှတ်တံဆိပ်ကို ဦးစွာတည်ဆောက်ဖို့တော့ လိုပါတယ်။ သင့်ရဲ့ အသုံးပြုမယ့် Platform ကို ရွေးချယ်ပါ။ အဲ့ဒီ Platform ဘယ်လိုအလုပ်လုပ်လဲဆိုတာ လေ့လာပြီး ကိုယ့်ရဲ့ ပရိသတ်တွေကို အွန်လိုင်းမှ ပညာပေးခြင်း၊ လှုံ့ဆော်ခြင်းနဲ့ ဖျော်ဖြေမှုများကို သေချာစွာလုပ်ကိုင်ပါ။ ဒါ့အပြင် သင့်ရဲ့ LinkedIn အကောင့်ကို ခိုင်မာအောင် ပြင်ဆင်ထားပါ။

၃။ အွန်လိုင်း အရေးအသား

ခုခေတ်မှာ ဘယ်သူမှ တိုက်ရိုက်ချက်ချင်း ဖုန်းခေါ်မှုမျိုးကို မလုပ်ချင်တော့ပါ။ စားသုံးသူများဟာ ဝယ်ယူမှု အတွက် ဆုံးဖြတ်ချက်ချရာမှာ တခြားသူများနဲ့ စကားပြောဆိုဆက်သွယ်မှုအပေါ်မှာ မှီခိုမှုနည်းလာတာကို တွေ့ရပါတယ်။ တစ်စုံတစ်ယောက်ဟာ ဖောက်သည်အဖြစ် အလားအလာရှိတဲ့သူကို ကြိုတင်ပြီး Website၊ Blogs၊ Emails ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှတစ်ဆင့် အရေးအသားပေးပို့ထားခြင်းမရှိဘဲ ဖုန်းနဲ့ပဲ အရောင်းအဝယ်ပြုလုပ်ဖို့ဆိုသည်မှာ မလွယ်ကူလှပါဘူး။ ဒီဂျစ်တယ်ခေတ်မှာ ဆက်သွယ်မှုအနုပညာက ကျွမ်းကျင်မှု ရှိဖို့အတွက် ထိထိရောက်ရောက် လုပ်ကိုင်နိုင်တဲ့ အခြေအနေဖြစ်သည်အထိ အင်တိုက်အားတိုက် သင်ယူကာ စမ်းသပ်မှုများပြုလုပ်ဖို့ လိုအပ်ပါတယ်။

၄။ လိုက်ရောညီထွေရှိမှု

ပြောင်းလဲမှုတိုင်းကို ခန့်မှန်းဖို့မဖြစ်နိုင်တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် အဲ့ဒီပြောင်းလဲမှုနဲ့ လိုက်လျော ညီထွေမှုရှိအောင် ပြောင်းလဲပါ။ ရှင်သန်ခြင်းရဲ့ အရေးအကြီးဆုံးအရာမှာ လိုက်လျောညီထွေစွာ ပြုမူနေထိုင်ခြင်း ဖြစ်ပါတယ်။ ပြောင်းလဲမှုကို သင်ဟာပိုပြီး လိုက်လျောညီထွေစွာနဲ့ တုံ့ပြန်မှု ပြုလုပ်လေလေ၊ သင့်ရဲ့စီးပွားရေးဟာလည်း အနာဂတ်မှာ ခိုင်မာတဲ့နေရာ တစ်ခုခုရလေ ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် သင့်မှာရှိတဲ့ ရင်းမြစ်များကို သေချာစွာ အသုံးပြုလေလေ၊ ခေတ်ရေစီးကြောင်းနဲ့အတူ သင့်ရဲ့စီးပွားရေးဟာ လိုက်ပါနိုင်လေ ဖြစ်ပါတယ်။ သင့်လုပ်ငန်းရဲ့လည်ပတ်မှုများအပါ် အစဉ်တစိုက်ကြည့်ရှုပြီး အနာဂတ်မှာ ဘယ်လိုပြောင်းလဲမှုမျိုး လိုအပ်မလဲ ဆိုတာကို နားလည်နိုင်အောင်လုပ်ပါ။ သင့်ရဲ့ဖောက်သည်များကို ပုံမှန်မေးခွန်းများဖြေဆိုစေပြီး သူတို့ရဲ့ လိုအပ်ချက်များကို နားလည်အောင်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စျေးကွက်ထဲမှာ တွေ့ကြုံနေရတဲ့ အခက်အခဲအမျိုးမျိုးအပေါ် အဖြေများလိုအပ်နေပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းဟာလည်း အဲ့ဒီအဖြေတွေကိုပေးဖို့အတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။

၅။ အာရုံစိုက်မှု

အပေါ်မှာဖော်ပြခဲ့တဲ့ အရာတွေကို အာရုံစိုက်မလုပ်ဘူးဆိုရင် သင့်ရဲ့စီးပွားရေးဟာ အနာဂတ်မှာ အောင်မြင်ဖို့ ခဲယဉ်းနိုင်ပါတယ်။ အခုခေတ်မှာ လုပ်ငန်းတွေဟာ ChatGPT နဲ့ Content တွေ ဖန်တီးခြင်း၊ ဖုန်းခေါ်ဆိုမှုကို တတ်နိုင်သလောက်လျှော့ပြီး အွန်လိုင်းအရေးအသားနဲ့ ချိန်းဆိုမှုများလုပ်ခြင်း၊ ကိုယ့်ရဲ့ လုပ်ငန်းအဖွဲ့အစည်းကို Remote ပုံစံအဖြစ် လုပ်ကိုင်စေပြီး အချိန်မတူညီတဲ့ တခြားနိုင်ငံများနဲ့ စာချုပ်ချုပ်ဆိုမှုများပြုလုပ်ခြင်း၊ ကမ္ဘာကြီးမှာ ဘာပဲဖြစ်လာလာ၊ ဖြစ်လာတဲ့အခြေအနေအပေါ် လိုက်လျောညီထွေမှုရှိအောင် အဆင်သင့်ဖြစ်နေခြင်း စတဲ့ အရည်အသွေးများ လိုအပ်ပါတယ်။ ၂၀၂၄ မှာ စိန်ခေါ်မှုအကြီးဆုံးကတော့ AI ဟာ စိတ်ကို ပျံ့လွင့်စေနိုင်တဲ့ အဓိကအကြောင်းအရာ ဖြစ်နေပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့အပြုအမူက အရင်ကထက်ပိုပြီး သန်မာဖို့ လိုအပ်ပါတယ်။ အလုပ်တွေကို ခဏတာရပ်ပြီး တွေးတောမှုကို ဆောင်ရွက်ကြည့်ပါ။ သင့်ရဲ့ Laptop ကို မဖွင့်ခင် အစီအစဉ်အရင်ဆွဲပါ။ တကယ့်ကို တန်ဖိုးရှိတဲ့အရာတွေက ထောင်ပေါင်းများစွာမက သင့်အနီးအနားမှာ ရှိနေပါတယ်။ ဒါပေမဲ့ သင့်ရဲ့လုပ်ငန်းကို တိုးတက်ကြီးထွားစေတဲ့အရာတွေကိုသာ အာရုံစိုက်ဖို့ လိုအပ်တာပါ။

www.forbes.com မှ Jodie Cook (Founder of Coachvox AI) ရေးသားထားတဲ့ The Top 7 In-Demand Skills For 2024 ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ရေးဖွဲ့ထားပါတယ်။

Daw May Thiri Khit

BA (Russian), YUFL

Diploma in English (YUFL), ADBM, DBM

M.Econ. (International Program)

Chiang Mai University, Thailand