ပြည်တွင်းမှာသာမက နိုင်ငံတကာဈေးကွက်အထိပါ ထိုးဖောက်ခဲ့တဲ့ AmorePacific

ကိုးရီးယားနိုင်ငံမှ နာမည်ကြီးအလှကုန် Skin Care အမှတ်တံဆိပ်တွေဖြစ်တဲ့ Sulwhasoo, Laneige, Innisfree, Etude House, HERA, IOPE အမှတ်တံဆိပ်တွေနဲ့ တခြားအလှကုန် အမှတ်တံဆိပ်ပေါင်း (၃၀) နီးပါးကို AmorePacific ဆိုတဲ့ကုမ္ပဏီ တစ်ခုတည်းအောက်ကနေ ထုတ်လုပ်ဖြန့်ချိလျက်ရှိပါတယ်။  ၂၀၂၂ ခုနှစ်မှာ ထုတ်ပြန်ချက်များအရ AmorePacific ကော်ပရေးရှင်းဟာ ကမ္ဘာ့ (၁၄) ခုမြောက် အကြီးဆုံး အလှကုန်ကုမ္ပဏီတစ်ခုလည်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၁၉၄၅ ခုနှစ်မှာ Shu Sung-whan က မိသားစုလုပ်ငန်းအဖြစ် Pacific Chemical ကုမ္ပဏီကို စတင်ခဲ့ပြီး ကိုရီးယားရိုးရာ တိုင်းရင်းဆေးတွေကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာပင်  အလှကုန်ပစ္စည်းများ ထုတ်လုပ်ပေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ နှစ်တွေကြာလာတဲ့အခါ အလှကုန်ထုတ်လုပ်တဲ့ လုပ်ငန်းဘက်ကို ပိုမိုချဲ့ထွင်ခဲ့ပြီး ဈေးကွက်အတွင်း ဦးဆောင်နိုင်တဲ့ မိတ်ကပ်အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။  AmorePacific Corporation လို့ နာမည်ပြောင်းခဲ့ပြီး  သူတို့ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို နိုင်ငံတကာဈေးကွက်အထိ ရောင်းချနိုင်တဲ့ အလှကုန်ကုမ္ပဏီဖြစ်ဖို့အတွက် ရည်မှန်းချက် ထားရှိခဲ့တာ ဖြစ်ပါတယ်။

သဘာဝပါဝင်ပစ္စည်းတွေကိုပဲ ပိုမိုအသုံးပြုထုတ်လုပ်ခြင်းကလည်း AmorePacific ရဲ့ ထုတ်ကုန်တွေ အပေါ် လူကြိုက်များစေခဲ့ပါတယ်။ နုပျိုခြင်း (anti-aging) အတွက် ဖော်မြူလာတွေ၊ glow and soothing ဖြစ်စေတဲ့ ဖော်မြူလာပါတဲ့ ပစ္စည်းတွေက ပိုမိုရောင်းချရပါတယ်။ AmorePacific ရဲ့ အောင်မြင်မှု သော့ချက်တွေထဲက တစ်ခုကတော့ ကုန်ပစ္စည်းအသစ် တီထွင် စမ်းသစ်မှုတွေကို အာရုံစိုက်ပြုလုပ်ခြင်း ဖြစ်ပါတယ်။ Skincare, sunscreen, liquid foundation တွေအကုန် ပေါင်းစပ်ပါဝင်အောင် ပြုလုပ်ထားတဲ့ ယခုခေတ်စားနေတဲ့ Cushion type မိတ်ကပ်ကို AmorePacific ရဲ့ သုတေသနအဖွဲ့က ၂၀၀၇ ခုနှစ် ဇန်နဝါရီလကနေ စတင်စမ်းသပ် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကုန်ပစ္စည်းထုတ်လုပ်ဖို့အတွက် စမ်းသပ်မှုပေါင်း အကြိမ် (၃၆၀၀) ကျော် မတူညီတဲ့ ကုန်ကြမ်းအမျိုးအစား (၂၀၀) ကျော်ကို အသုံးချခဲ့ရပါတယ်။

၂၀၀၈ ခုနှစ် မတ်လမှာတော့ AmorePacific ရဲ့ Cushion product ကို စတင်ထုတ်လုပ်နိုင်ခဲ့ပြီး ထိုကုန်ပစ္စည်းရဲ့ အသုံးပြုရလွယ်ကူတာ၊ သယ်ဆောင်ရ လွယ်ကူတာတွေကြောင့် တောင်ကိုးရီးယားက အမျိုးသမီးထုရဲ့ မိတ်ကပ်အသုံးပြုတဲ့ အလေ့အကျင့်ကိုပါ ပြောင်းလဲစေခဲ့ပြီး အချိန်ကုန်သက်သာ စေခဲ့ပါတယ်။ ထိုစမ်းသပ်တီထွင်မှုတွေ အတွက် Innovation နဲ့ ပတ်သက်တဲ့ ဆုတွေကိုလည်း ရရှိခဲ့ပါတယ်။Cushion type မိတ်ကပ်ဘူးတွေကို စက္ကန့်မလပ်ရောင်းချနေရတာကြောင့် ကမ္ဘာကျော် အလှကုန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ L’oreal ကနေပြီးတော့ Lancome the “Miracle Cushion” ဆိုပြီး လိုက်လံ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာတော့ နာမည်ကျော် Christian Dior ကနေပြီးတော့ AmorePacific Corporation နဲ့ သဘောတူစာချုပ်ချုပ်ဆိုပြီး cushion technology ကို အသုံးပြုခွင့် ဝယ်ယူခဲ့ပါတယ်။

AmorePacific အနေနဲ့ မဟာဗျူဟာများကို သေချာချမှတ်ကာ နိုင်ငံတကာဈေးကွက်အထိ ချဲ့ထွင်ခဲ့တာ ဖြစ်ပါတယ်။ အာရှဈေးကွက် အထူးသဖြင့် တရုတ်ပြည်ဈေးကွက်ကို ခြေကုပ်ယူကာ အရောင်းဆိုင်တွေ ဖွင့်လှစ်တာ၊ ပြည်တွင်းက လက်လီအရောင်းဆိုင်တွေနဲ့ partnership ပြုလုပ်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ကုမ္ပဏီတစ်ခုတည်းကနေ Multi-Brand Portfolio ကို ကိုင်ထားပြီး ကုန်အမှတ်တံဆိပ် တစ်ခုချင်း အလိုက် မတူညီတဲ့ customer segment အတွက် ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ပါတယ်။ သူတို့ပိုင်ထားတဲ့ အမှတ်တံဆိပ်တွေထဲက လူသိများတဲ့  Sulwhasoo, Laneige, Innisfree, Etude House နဲ့ IOPE အမှတ်တံဆိပ်တစ်ခုချင်းစီအတွက် သီးခြား brand positioning တွေ၊ မတူညီတဲ့ ရောင်းဈေး (Price Point) တွေနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ကိုးရီးယား တေးဂီတ၊ ကမ္ဘာတစ်ဝှမ်းရှိ ရုပ်ရှင်ဇာတ်လမ်းတွဲတွေက ပရိသတ်တွေကို လွှမ်းမိုးနိုင်စွမ်း မြင့်မားလာချိန်မှာ မားကတ်တင်း မဟာဗျူဟာတွေကလည်း ထိုအနုပညာ လှုပ်ရှားမှုတွေနဲ့ ချိတ်ဆက်လုပ်ကိုင်လာကြတာတွေ့ရပါတယ်။ အနုပညာသမားတွေကို မိမိတို့ရဲ့ ပစ္စည်းတွေကို အသုံးပြုခိုင်းတာ၊ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ကုန်ပစ္စည်းကို ထည့်သွင်းအသုံးပြုပြတာတွေကလည်း ထိရောက်တဲ့ နည်းဗျူဟာတွေ ဖြစ်လာပါတယ်။ AmorePacific အနေနဲ့လည်း ၂၀၁၄ ခုနှစ်မှာ နာမည်ကြီးခဲ့တဲ့ “My Love from the Star” ကိုးရီးယားဇာတ်လမ်းတွဲမှာ သူ့ရဲ့ထုတ်ကုန် Skincare၊ Cosmetic တွေကို ခေါင်းဆောင်မင်းသမီးတွေ၊ ပါဝင်တဲ့ သရုပ်ဆောင်တွေကို အသုံးပြုစေခဲ့ပါတယ်။ ရလဒ်အနေနဲ့ကတော့ Skincare product တွေက (၇၅) ရာခိုင်နှုန်းရောင်းအားတက်ခဲ့ပြီး နှုတ်ခမ်းနီ ရောင်းအားကလည်း အံ့သြစရာ ကောင်းလောက်အောင် (၄၀၀) ရာခိုင်နှုန်းအထိကို မြင့်တက်ခဲ့ပါတယ်။ ယခုအချိန်ထိလည်း AmorePacific က product တွေရဲ့ brand ambassador တွေအဖြစ် ကိုရီးယားရဲ့ ထိပ်တန်းနာမည်ကြီး မင်းသား၊ မင်းသမီး၊ အဆိုတော်တွေကို အသုံးပြုလျက်ရှိပါတယ်။

ထိုသို့အောင်မြင်မှုများရရှိထားရုံသာမက လူမှုအကျိုးပြုလုပ်ငန်းနဲ့ ရေရှည်တည်တံ့ဖို့ အကောင်အထည် ဖော်တဲ့ လုပ်ငန်းတွေကလည်း AmorePacific ရဲ့ ဦးစားပေး ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ သူတို့ကို supply လုပ်ပေးနေတဲ့ ဒေသခံတွေအတွက် “Green Tea Seed Project” ကဲ့သို့ စိုက်ပျိုးရေးအတွက် ပံ့ပိုးကူညီပေးတဲ့ အစီအစဉ်တွေလုပ်ဆောင်တာကလည်း နာမည်ကောင်းရရှိစေပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို သဘောကျတဲ့ သုံးစွဲသူတွေ အကြိုက်တွေ့စေတာပဲ ဖြစ်ပါတယ်။  ၂၀၂၂ ခုနှစ် financial report အရ ကိုရီးယားဝမ် ဘီလီယံ (၄၁၃၄) တန်ဖိုးအထိ AmorePacific ရဲ့ ပစ္စည်းများကို ရောင်းချနေရပြီး အသားတင်အမြတ် ဘီလီယံ (၁၂၀) ကျော်အထိ ရရှိနေတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်လို့ လေ့လာဖတ်ရှုရပါတယ်။

 

Ref: https://www.forbes.com/sites/gracechung/2015/08/19/how-south-koreas-amorepacific-became-one-of-the-worlds-most-innovative-companies/?sh=1d1eb4b92b2b

https://www.apgroup.com/int/en/index.html

 

 

Daw May Thet Hnin

MBA (Heriot-Watt University)