ဆွဲဆောင်မှုရှိတဲ့လုပ်ငန်းခွင် (Workplace Flexibility)

လုပ်ငန်းခွင်ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေစီစဥ်ပေးထားခြင်း (Workplace Flexibility) ဆိုတာ ဝန်ထမ်းတွေကို အလုပ်နဲ့ဆိုင်တဲ့ပရောဂျက်တွေ လုပ်ငန်းတာဝန်တွေမှာ ဘယ်အချိန်၊ဘယ်နေရာနဲ့ ဘယ်လိုပါဝင်နိုင်တယ် ဆိုတာကို ဝန်ထမ်းတွေကို ကိုယ်ပိုင်ရွေးချယ်ခွင့်ပေးထားတာပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်း လိုက်လျောညီထွေဖြစ်မှုဆိုတဲ့ ဝေါဟာရဟာ လွတ်လပ်မှု၊ အလုပ်ခွင်နဲ့ဘဝ ဟန်ချက်ညီမှု၊ ဖော်ရွေတဲ့ ယဉ်ကျေးမှုနဲ့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်စတဲ့ စကားလုံးတို့နဲ့လည်း ယှဥ်တွဲ သုံးစွဲနိုင်ပါတယ်။ ဒါပေမဲ့ လိုက်လျောညီထွေဖြစ်မှုဆိုတာ လုပ်ငန်းရှင်တွေအတွက်လည်း လွယ်လွယ်ကူကူ ပေးနိုင်နေတဲ့ အရာတစ်ခုတော့ မဟုတ်နေပါဘူး။ လုပ်ငန်းပေါင်းများစွာက ဒီလိုလိုက်လျောညီထွေရှိတဲ့ လုပ်ငန်းခွင်ပုံစံကို အကောင်အထည်ဖော်နိုင်ရင် လုပ်ငန်းအတွက် ကုန်ထုတ်စွမ်းအားမြင့်မားစေပြီး လုပ်ငန်းစွမ်းဆောင်ရည်ကို တစ်ပြိုင်တည်း ထိန်းထားနိုင်မှာလားဆိုတဲ့ မေးခွန်းတွေလည်း သိချင်လေ့ရှိကြပါတယ်။

လုပ်ငန်းခွင်အတွင်း လိုက်လျောညီထွေရှိမှုနဲ့ ကုန်ထုတ်စွမ်းအားမြင့်မားမှုဟာ ဆန့်ကျင်ဘက် အသုံးအနှုန်းများ ဖြစ်ပုံရတာကြောင့် အလုပ်ရှင်များစွာဟာ အလုပ်ပုံစံ ဒါမှမဟုတ် အလုပ်ပတ်ဝန်းကျင်ကို ဘယ်နည်းနဲ့မဆို ပြောင်းလဲဖို့ ချီတုံချတုံ ဖြစ်တတ်ကြပါတယ်။ ဒီတော့ လိုက်လျောညီထွေ လုပ်ငန်းခွင်ပုံစံနဲ့ ကုန်ထုတ်စွမ်းအားကို ဟန်ချက်ညီအောင် ထိန်းနိုင်ပါ့မလား။ ဒါဆိုရင်ကော ဒီလိုပုံစံဟာ ဆန်းသစ်တီထွင်မှုနဲ့ စွမ်းဆောင်ရည်အပေါ်မှာရော သက်ရောက်မှုရှိပါသလား။ လုပ်ငန်းခွင်မှာ လိုက်လျောညီထွေရှိမှုအကြောင်းဟာ စိုးရိမ်ပူပန်မှုများစွာကို ဖြစ်ပေါ်စေပေမယ့်လည်း ယနေ့ခေတ်မှာ ကုမ္ပဏီများက သူတို့ရဲ့ အရည်အချင်းရှိတဲ့ဝန်ထမ်းကို ဆွဲဆောင်နိုင်ခြင်း၊ ငှားရမ်းနိုင်ခြင်းနဲ့ အဲ့ဒီဝန်ထမ်းတွေကို ထိန်းသိမ်းနိုင်ခြင်းအပေါ်မှာ ကြီးကြီးမားမား သက်ရောက်မှုရှိတယ်ဆိုတာကို သတိရဖို့ လိုပါတယ်။

ထိပ်တန်းကုမ္ပဏီများကတော့ ကုမ္ပဏီတစ်ခုရဲ့အောင်မြင်မှုအတွက် အရည်အချင်းရှိတဲ့ ဝန်ထမ်းများက မရှိမဖြစ်အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်ကြောင်း အသိအမှတ်ပြုတတ်ကြပါတယ်။ လုပ်ငန်းအတွက် မှန်ကန်တဲ့အရည်အချင်းရှိသူကို ငှားရမ်းထိန်းသိမ်းနိုင်ဖို့အတွက် သက်သောင့်သက်သာရှိတဲ့ အလုပ် ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ယုံကြည်စိတ်ချရပြီး လုပ်ငန်းခွင်မှာ ပိုမိုလွတ်လပ်မှု ပေးခံရတဲ့ဝန်ထမ်းများဟာ သူတို့ရဲ့ လိုက်လျောညီထွေရှိတဲ့ မန်နေဂျာ/အလုပ်ရှင်များကို အလွန်တန်ဖိုးထား တတ်ကြပါတယ်။ ဒီအခြေအနေမျိုးမှာ ဝန်ထမ်းများဟာ အဖွဲ့အစည်းဆိုင်ရာ ရည်မှန်းချက်တွေကို သူတို့ရဲ့မန်နေဂျာများနဲ့ လက်တွဲဆောင်ရွက်ကြမှာပဲ ဖြစ်ပါတယ်။ တချို့မန်နေဂျာများအတွက် ဘယ်အချိန်၊ ဘယ်နေရာမှာ အလုပ်ပြီးတယ်ဆိုတာ အရေးမကြီးပါဘူး။ ဝန်ထမ်းက တာဝန်နဲ့ အလုပ်တွေကို အကောင်းဆုံး ထမ်းဆောင်ပြီး သတ်မှတ်ရက်နဲ့ ရည်မှန်းချက်တွေကို ပြည့်မီအောင် မပျက်မကွက် ဆောင်ရွက်ခြင်းက ပိုအရေးကြီးပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ လုပ်ငန်းခွင်လိုက်လျောညီထွေဖြစ်အောင် ဖန်တီးခြင်းဟာ နည်းလမ်းမျိုးစုံ ရှိနိုင်ပါတယ်။

၁။ အချိန်ပိုင်းအလုပ် (Part-Time Employment)

တစ်ပတ်ကို 10-30 နာရီကြား တစ်နေရာရာမှာ အလုပ်လုပ်တာက လုပ်ငန်းခွင် လိုက်လျောညီထွေရှိမှုကို ဖန်တီးပေးပါတယ်။ လစ်လပ်နေရာတစ်ခုအတွက် ဖြည့်စွက်ဖို့ ဝန်ထမ်းကိုရှာဖွေရာမှာ အခက်အခဲရှိနေတဲ့ အဖွဲ့အစည်းတစ်ခုဟာ အချိန်ပြည့်ရာထူးတစ်ဦးရဲ့ တာဝန်များကို ခွဲဝေပေးပြီး အချိန်ပိုင်းဝန်ထမ်းနှစ်ဦးကို ခန့်အပ်ဖို့ စဉ်းစားလို့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဝန်ထမ်းများစွာဟာ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား/သူများ၊ အလုပ်လုပ်နေတဲ့ မိခင်များ၊ ဒါမှမဟုတ် သူတို့ရဲ့ဝါသနာကို လိုက်စားနေသူများဟာ အချိန်ပိုင်းအလုပ်တွေကနေ အကျိုးခံစားခွင့်များစွာ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် အချိန်ပိုင်းအလုပ်တစ်ခု ရွေးချယ်ခွင့်ကိုပေးခြင်းဟာ အရည်အချင်းမြင့်မားတဲ့ ဝန်ထမ်းတွေကို အထူးရှာဖွေနေတဲ့ သင့်အဖွဲ့အစည်းကို အကျိုးကျေးဇူးများစေ နိုင်ပါတယ်။

၂။ Telecommuting

Telecommuting ဆိုတာ လူတိုင်းအားလုံး နားလည်ထားတဲ့ work from home ပဲ ဖြစ်ပါတယ်။ ဒါက အချိန်ပြည့် ဒါမှမဟုတ် အချိန်ပိုင်းအလုပ် ဖြစ်နိုင်ပါတယ်။ ဒီနည်းလမ်းဟာ ဝန်ထမ်း‌တွေအတွက် အချိန်နဲ့ ကုန်ကျစရိတ်ကို သက်သာစေရုံသာမကဘဲ လုပ်ငန်းအတွက်လည်း ရုံးခန်းနေရာများ သတ်မှတ်ပေးရခြင်း၊ လိုအပ်တဲ့ ပစ္စည်းများ ပေးရခြင်း၊ လျှပ်စစ်မီတာခများနဲ့ တခြားဆက်စပ်ကုန်ကျစရိတ်များအတွက် ဘတ်ဂျက်ငွေများကို သက်သာစေပါတယ်။ ဒီအမျိုးအစားဟာ စိတ်ကြိုက်လုပ်ငန်းခွင်နေရာနဲ့ အလုပ်ချိန်ရလိုတဲ့ တချို့ဝန်ထမ်းများအတွက် ပိုမိုစိတ်ကျေနပ်မှုရှိပြီး အကျိုးဖြစ်ထွန်းနိုင်တာကြောင့် အလုပ်ထွက်မှုနှုန်းကို လျှော့ချပေးပါတယ်။

၃။ အလွတ်တန်းဝန်ထမ်း (Freelancing)

သီးခြားပရောဂျက်တာဝန်များအတွက် ရာသီအလိုက်၊ အချိန်ပြည့် ဒါမှမဟုတ် အချိန်ပိုင်း စတဲ့ အလွတ်တန်း ဝန်ထမ်းများကို ငှားရမ်းထားနိုင်ပါတယ်။ အလွတ်တန်းဝန်ထမ်းတစ်ဦးကို ငှားရမ်းခြင်းဟာ အမြဲတမ်း ဝန်ထမ်းတစ်ဦးရှိခြင်းထက် သင့်ကုမ္ပဏီကုန်ကျစရိတ်ကို သက်သာစေပြီး သတ်မှတ်ထားတဲ့အချိန်နဲ့ သတ်မှတ်ရက်များအတွင်း အလုပ်ပြီးမြောက်စေမှာ ဖြစ်ပါတယ်။ အလားတူပဲ အလွတ်တန်းဝန်ထမ်းဘဝက ရနိုင်တဲ့ လွတ်လပ်မှုကို တန်ဖိုးထားတဲ့ တချို့ဝန်ထမ်းတွေဟာ ဒီလိုအမျိုးအစားနဲ့ အလုပ်လုပ်ရတဲ့အခါ အလုပ်လုပ်နိုင်စွမ်း ပိုမိုကောင်းမွန်တာကို တွေ့ရပါတယ်။

၄။ လိုက်လျောညီထွေရှိတဲ့ အလုပ်ချိန်များ (Flexible Working Hours)

လိုက်လျောညီထွေရှိတဲ့ အချိန်ဇယားရှိခြင်းဟာ work from home ဝန်ထမ်းများနဲ့ အလွတ်တန်းဝန်ထမ်းများအတွက်ပဲ မဟုတ်ပါဘူး။ လိုက်လျောညီထွေရှိတဲ့ အလုပ်ချိန်များဟာ အလုပ်ဘဝနဲ့ ကိုယ်ရေးကိုယ်တာဘဝကြား ဟန်ချက်ညီမှုကို ဖန်တီးပေးကာ ဝန်ထမ်းများအားလုံး သဘောကျနှစ်သက်ကြပါတယ်။ ဒီနည်းလမ်းမှာ ဝန်ထမ်းများဟာ ရုံးချိန်ပြင်ပမှာရှိတဲ့ တခြားတာဝန်များကို ကျေပွန်စေဖို့အတွက် သူတို့ရဲ့ အလုပ်ရက်ကို အဆင်ပြေသလို နားနိုင်ပါတယ်။ လိုက်လျောညီထွေရှိတဲ့ အချိန်ဇယားဆွဲခြင်းကို ခွင့်ပြုခြင်းဖြင့် အလုပ်ပြင်ပမှာ သင့်ဝန်ထမ်းများရဲ့ တာဝန်များကို လွယ်ကူချောမွေ့စေပြီး သူတို့ရဲ့စိတ်ဖိစီးမှုများကို လျှော့ချကာ အလုပ်မှာ ရှိနေချိန် ပိုမိုအာရုံစိုက်မှုဖြစ်စေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ အလုပ်အခန်းကဏ္ဍတိုင်းအတွက် လိုက်လျော ညီထွေရှိတဲ့အလုပ်ချိန်များ ဖန်တီးပေးဖို့ မဖြစ်နိုင်ပေမယ့်လည်း ဝန်ထမ်းများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ သူတို့အချိန်ဇယားအတွက် လက်တွဲလုပ်ဆောင်တဲ့ကုမ္ပဏီများဟာ ကုန်ထုတ်စွမ်းအားနဲ့ ဝန်ထမ်းများရဲ့ စိတ်ကျေနပ်မှုဆိုင်ရာ အပြုသဘောဆောင်တဲ့ ရလဒ်များစွာကို တွေ့ရှိလေ့ရှိပါတယ်။

အခုဖော်ပြထားတဲ့ နည်းလမ်းအားလုံးကို သုံးရမယ်လို့ ဆိုလိုတာမဟုတ်ဘဲ အဲ့ဒီအချက်တွေထဲက တစ်ချက် ချက်ကို သုံးမယ်ဆိုရင် သင့်လုပ်ငန်းခွင်ဟာ ဆွဲဆောင်မှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခုအဖြစ်ကို မြှင့်တင်ရာမှာ အကူအညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။

References

AL-MASRI, 018. Workplace Flexibility Can Impact How You Attract, Hire, And Retain Talent. [Online]

Available at: https://www.entrepreneur.com/.../workplace.../315325

[Accessed 27 January 2024].

 

Daw Hninn Pwint Oo

B.Com (Q), M.Com (Meiktila University of Economics)