“Carbon Footprint (ကာဗွန်ခြေရာခံခြင်း)”

ရာသီဥတုဖောက်ပြန်ရခြင်းရဲ့ အကြောင်းတရားတွေကို ဖော်ထုတ်ဖြေရှင်းဖို့အတွက် ကြိုးစားအကောင် အထည်ဖော်နေတဲ့အချိန်မှာ Carbon Footprint နဲ့ပတ်သက်ပြီး နားလည်ထားဖို့ကလည်း အရေးကြီးပါတယ်။ ကျွန်ုပ်တို့ရဲ့ အစားအသောက်၊ အသုံးအဆောင်နဲ့ သွားလာရေးတို့အပေါ် ရွေးချယ်မှု၊ ဆုံးဖြတ်ချက်တွေအပေါ် မူတည်ပြီး ကမ္ဘာပေါ်မှာ ကာဗွန်အမှတ်အသားတွေ ချန်ထားခဲ့မြဲ ဖြစ်ပါတယ်။

ဒါဆိုရင် ကာဗွန်ခြေရာခံခြင်း (Carbon Footprint) ဆိုတာဘာလဲ? Lancaster University (UK) မှ ပါမောက္ခ Mike Berners-Lee (The Carbon Footprint of Everything ရေးသားသူ) က ထုတ်ကုန်တစ်ခု ထုတ်လုပ်ဖို့အတွက် ထွက်ရှိနေတဲ့ ကာဗွန်အတိုင်းအတာအပါအဝင် လူသားတွေရဲ့ နေ့စဉ်နေထိုင်မှုပုံစံ၊ လှုပ်ရှားမှု ပုံစံတွေကနေတစ်ဆင့် ထွက်လာတဲ့ကာဗွန်တွေကို တိုင်းတာခြေရာခံခြင်းလို့ ဆိုထားပါတယ်။ လူသားတွေရဲ့ နေထိုင်လှုပ်ရှားမှုလို့ဆိုရာမှာ အိမ်တွင်းစွမ်းအင်အသုံးပြုမှု၊ ပို့ဆောင်သွားလာရေး၊ စားသုံးတဲ့အစားအစာ၊ အသုံးအဆောင်ပစ္စည်းနဲ့ တီဗွီ၊ ဖုန်းတွေအသုံးပြုနေမှုတွေ ပါဝင်ပါတယ်။ ဒီလိုလုပ်ဆောင်ချက် တစ်ခုချင်းစီတိုင်း၊ ထုတ်ကုန်တစ်ခုချင်းစီတိုင်းမှာ ကာဗွန်ဓာတ်ငွေ့တွေ လေထုထဲကို ထုတ်လွှတ်မိနေပါတယ်။

ဒါပေမဲ့ လူသားတွေက တစ်နေ့တာအတွက် နေထိုင်စားသောက်မှု၊ လှုပ်ရှားသွားလာမှုတွေကနေ တစ်နေ့တစ်နေ့ ကာဗွန်ဘယ်လောက် အတိုင်းအတာအထိ ထွက်နေတာလဲဆိုတာကို သတိမမူမိကြပါဘူး။ ဝယ်ယူသုံးစွဲလိုက်တဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ စားသုံးဖို့အစားအသောက်တွေကို ထုတ်လုပ်တဲ့အခါ စွမ်းအင်တွေ၊ အရင်းအမြစ်တွေ၊ ပို့ဆောင်စရိတ်တွေအများကြီးရှိနေပြီး အဲ့ဒီအရာတွေအတွက် ကာဗွန်တွေ အများကြီးထွက်ရှိပါတယ်။ နောက်ဆုံးအနေနဲ့ နေ့စဉ်နေ့တိုင်းစွန့်ပစ်လိုက်တဲ့ အမှိုက်တွေ အကြွင်းအကျန်တွေကနေလည်း ကာဗွန်ထွက်ပါတယ်။

ထုတ်ကုန်တစ်ခုရဲ့ ကာဗွန်ခြေရာကိုတိုင်းတာမယ်ဆိုရင် ကုန်ကြမ်းရယူတဲ့အဆင့်ကစပြီး သက်တမ်း ကုန်သွားလို့ စွန့်ပစ်တဲ့အချိန်အထိ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ထုတ်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်တွေအပြင် အသုံးပြုတဲ့ကာလတစ်လျှောက် ကာဗွန်နဲ့ဖန်လုံအိမ်ဓာတ်ငွေ့ ဘယ်လောက်အတိုင်းအတာ အထိ ထွက်ရှိနေလဲဆိုတာကို အကဲဖြတ်တိုင်းတာခြင်း ဖြစ်ပါတယ်။

ကျွန်ုပ်တို့နေထိုင်မှုပုံစံတွေက တစ်ယောက်နဲ့တစ်ယောက် မတူညီကြသလို ကာဗွန်ထွက်ရှိမှုနှုန်းကလည်း မတူညီကြပါဘူး။ ဥပမာ- တစ်အိမ်တည်းမှာအတူနေကြတဲ့သူတွေ ဖြစ်နေပါစေ အမဲသားကို နေ့တိုင်းစားသုံးတဲ့ သူနဲ့ သားသတ်လွတ် စားသောက်သူနှစ်ဦးရဲ့ အစားအသောက်နဲ့ပတ်သက်ပြီး ကာဗွန်ထွက်ရှိမှုခြေရာက တူညီမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သားသတ်လွတ်စားတဲ့သူက အလုပ်သွားတဲ့အခါမှာ SUV ကားနဲ့သွားပြီး အသားစားသုံးတဲ့သူက စက်ဘီးကိုပဲ နေ့စဉ်အသုံးပြုတယ်ဆိုရင် သူတို့နှစ်ဦးရဲ့သွားလာမှုနဲ့ပတ်သက်ပြီး ကာဗွန်ထွက်ရှိမှုကလည်း ကွဲပြားနေမှာဖြစ်ပါတယ်။ ဒီလိုပဲ သူတို့နှစ်ယောက်လုံးရဲ့ ကာဗွန်ခြေရာနှစ်ခုလုံးက ခရီးသွားတဲ့အခါ First Class လေယာဉ်ကိုအသုံးပြုပြီးသွားတတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ယှဉ်ရင် နည်းနေမှာဖြစ်ပါတယ်။

ယေဘုယျအားဖြင့် လူတစ်ဦးတစ်ယောက်ရဲ့ ကာဗွန်ခြေရာအတိုင်းအတာက ငွေကြေးချမ်းသာမှုနဲ့အတူ တိုးလာတာကို တွေ့ရပါတယ်။ The Carbon Footprint of Everything စာအုပ်မှာ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံသားတစ်ဦးက တစ်နှစ်လျှင်ပျှမ်းမျှအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ၇ တန် ထုတ်လွှတ်မှုနဲ့ ညီမျှတဲ့ ကာဗွန်ခြေရာရှိနေကြောင်း ရေးသားစာရင်းပြုထားခဲ့ပါတယ်။ ဒီကိန်းဂဏန်းထဲမှာ ဗြိတိန်က ၁၃ တန်အထိရှိပြီး အမေရိကန်မှ ပျှမ်းမျှအားဖြင့် လူတစ်ဦးလျှင် ၂၁ တန်အထိ ရှိနေကြောင်း ထပ်ဆောင်းပြောထားခဲ့ပါတယ်။

Carbon Footprint ကို အတိအကျတွက်ချက်ဖို့က မလွယ်ကူဘူးလို့ Mike Berners-Lee ကပြောထားခဲ့ပြီး “Essential but Impossible” လို့ သူကဆိုပါတယ်။ အကြမ်းဖျင်းအားဖြင့် ဥပမာ- လေယာဉ်ခရီးစဉ်တစ်ခုအတွက် တစ်ဦးစီရဲ့ ကာဗွန်ခြေရာကိုသုံးသပ်ကြည့်ပါ။ လေယာဉ်ပျံသန်းဖို့အတွက် လိုအပ်တဲ့လောင်စာဆီ၊ ပျံသန်းနေစဉ်အတွင်း ထုတ်လွှတ်မယ့် ဖန်လုံအိမ်ဓာတ်ငွေ့၊ အဲ့ဒါတွေကိုတွက်ချက်ပြီး ခရီးသည်အရေအတွက်နဲ့ စဉ်းစားလို့ရပါတယ်။ First Class နဲ့ Business Class က ခရီးသည်တွေရဲ့ ကာဗွန်ခြေရာက ရိုးရိုးခရီးသည်တွေထက် ပိုများနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ပိုက်ဆံများများပေးပြီး နေရာအပိုတွေကို ယူလိုက်ကြတာြဖစ်ပြီး ဝင်ဆန့်ခရီးသည် အရေအတွက်က နည်းနေပေမယ့် ကုန်သွားမယ့် လောင်စာဆီ၊ ထုတ်လွှတ်လိုက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏက အတူတူပဲ ဖြစ်နေတာကြောင့်ပါ။

ကျွန်ုပ်တို့တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကာဗွန်ခြေရာကို တိုင်းတာတွက်ချက်တာက ပတ်ဝန်းကျင် ညစ်ညမ်းခြင်းအတွက် အထောက်အကူပြုစေတာအသေအချာပါပဲ။ ဘယ်မှာနေတာလဲ? ဘယ်လိုသွားလာလဲ? ဘာတွေကိုစားသုံးပြီး ဘယ်လိုအသုံးအဆောင်တွေဝယ်လေ့ရှိလဲ? ဆိုတဲ့အချက်တွေပါ။ ဒီအချက်တွေအပြင် နောက်ထပ်အရေးကြီးတဲ့ စဉ်းစားရမယ့်အချက်တွေ ရှိနေပါသေးတယ်။ အဲ့ဒါကတော့ Climate Shadow ပါ။ Carbon Footprint က လုပ်နေတဲ့လှုပ်ရှားမှုတွေ၊ ဓာတ်အားသုံးစွဲခြင်း၊ ခရီးသွားခြင်း၊ အစားအသောက် ရွေးချယ်မှုတို့ကြောင့် ဖြစ်ပေါ်လာတဲ့သက်ရောက်မှုကို တိုင်းတာပေးတဲ့အရာဖြစ်ပါတယ်။ Climate shadow ဆိုတာကတော့ ကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်များ၊ ရွေးချယ်မှုနဲ့ ရာသီဥတုအခြေအနေအပေါ် ဘယ်လို သက်ရောက် နေတာလဲဆိုတာကို နားလည်မြင်ယောင်စေတဲ့အရာဖြစ်ပြီး ဒါကို ကိုယ်တိုင်ကျင့်သုံးနေတဲ့ စနစ်များ၊ ပါဝင်နေတဲ့ အဖွဲ့အစည်းများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးနိုင်ဖို့လိုအပ်ပါတယ်။ ကျွန်ုပ်တို့တက်နေတဲ့ တက္ကသိုလ်၊ အလုပ်လုပ်နေတဲ့ ကုမ္ပဏီ၊ အသင်းအဖွဲ့ Club တွေမှာ ဘာတွေလုပ်နေကြလဲ? ကောင်းမွန်တဲ့ အပြောင်းအလဲ တွေအတွက်၊ အဘယ့်ကြောင့် ကျွန်ုပ်တို့ဘာတွေဆွေးနွေးပေးလို့ရနိုင်မလဲ ဘာတွေအကြံပေးလို့ရနိုင်မလဲ? ဒါတွေကို ထိထိရောက်ရောက် စဉ်းစားလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Daw Theint Thinzar

BE (Civil-West Yangon Technological University)

M.Sc (Construction Project Mgt), Heriot-Watt University

National Geographic website မှ “What is a carbon footprint—and how to measure yours” ဆောင်းပါးအားဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

https://www.nationalgeographic.com/.../what-is-a-carbon...