I Love My Job

လူရယ်လို့ဖြစ်လာရင်တော့ လူတိုင်းတစ်ခုမဟုတ်တစ်ခုတော့ အလုပ်လုပ်ကြရမှာပါပဲ။ ဒီနေရာမှာ ကျွန်တော်တို့က ကိုယ်နှစ်သက်တဲ့ အလုပ်တစ်ခုခုကို လုပ်နေရတယ်ဆိုရင် ဘဝကြီးမှာ ပိုပြီးပြည့်စုံပြီး ပျော်နေတတ်ကြတယ်မလား။ ဒါက ဘဝရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ အရေးကြီး ပါတယ်။ အများထင်ထားသလို အလုပ်တစ်ခုမှာ လစာကောင်းကောင်း၊ အကျိုးခံစားခွင့်များများတွေ လိုချင်ကြတာမှန်ပေမယ့် တကယ့်တကယ်တော့ ဒီလုပ်နေတဲ့အလုပ်ကို ကိုယ်ဘယ်လောက် နှစ်သက် သလဲ၊ မြတ်နိုးသလဲဆိုတဲ့အချက်ကပဲ ဘဝကြီးရဲ့ ပြီးပြည့်စုံမှုကို ဆုံးဖြတ်သွားတတ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ကိုယ်လုပ်နေတဲ့အလုပ်ကို ချစ်ရမယ်ပေါ့ဗျာ။ ဒါဆို ဘာကောင်းလဲဆိုတော့ ရည်ရွယ်ချက် တွေပိုခိုင်မာပြီး လုပ်ဆောင်မှုတွေမှာ လမ်းကြောင်းမှန်ကန်မှုတွေကို ခံစားရစေမှာပေါ့။ နောက်ပြီး လုပ်ငန်းရဲ့ Value တွေနဲ့ ကိုယ့်ရဲ့ Value တွေဟာ ပိုမိုကိုက်ညီလာပြီး အလုပ်ချိန်တွေဟာ ကုန်လို့ ကုန်မှန်းမသိ ပျော်ပျော်ကြီး ကုန်ဆုံးစေနိုင်ဦးမှာပါ။ အကောင်းဆုံးကတော့ ခက်ခဲလွန်းတဲ့ နေ့ရက်တွေနဲ့ ကြုံတွေ့ခဲ့ရရင်တောင် အပြုသဘောဆောင်တဲ့ သဘောထားတွေ၊ ခံယူချက်တွေဖြစ်လာဖို့ အများကြီး အကူအညီဖြစ်စေတာပါ။ လူတွေ ဘာကြောင့် သူတို့ရဲ့အလုပ်တွေကို ချစ်ကြလဲ၊ လုပ်ငန်းတွေဘက် ကလည်း ဘာတွေဖန်တီးသင့်သလဲဆိုတာကို ပြောပြပါဦးမယ်။

၁။ သင့်တင့်မျှတတဲ့ခံစားခွင့်လစာများ

ဝန်ထမ်းတိုင်းဟာ ကိုယ်လုပ်နေတဲ့အလုပ်မှာ ကိုယ်လုပ်သလောက် သင့်တင့်မျှတဲ့ ခံစားခွင့် (လစာ)ရကြတဲ့အခါ လုပ်ငန်း၊ အလုပ်ရှင်က ဝန်ထမ်းတွေအပေါ် တန်ဖိုးထားမှုကို ခံစားရပါလိမ့်မယ်။ အလုပ်ရှင်ကောင်းတိုင်းကလည်း ပုံမှန်လစာတိုးပေးတာမျိုး၊ တခြားခံစားခွင့် အပိုဆုကြေးပေးတာ မျိုးတွေရဲ့ အရေးပါမှုကို သေချာနားလည်ရပါတယ်။ ဒီ​တော့ ဝန်ထမ်းတစ်ဦးကို တာဝန်တစ်ခု ထပ်တိုး ပေးတော့မယ်ဆိုရင် ပေးတဲ့တာဝန်နဲ့တန်တဲ့ လစာခံစားမှုပေးဖို့ဟာ အရေးကြီးပါတယ်။  အလုပ်သာ ပိုလုပ်လိုက်ရတယ် သင့်တင့်တဲ့ခံစားမှုပြန်မရဘူးဆိုရင်တော့ လုပ်နေတဲ့အလုပ်ကို ချစ်နိုင်မှာ မဟုတ် ပါဘူး။

၂။ အလုပ်-ဘဝ ညီမျှမှု

လူတွေက အလုပ်တွေလည်း အဆင်ပြေပြေလုပ်ချင်ကြသလို တစ်ဖက်ကနေ့စဉ်ဘဝမှာလည်း အဆင်ပြေပြေ ဟန်ချက်ညီချင်ကြပါတယ်။ ပြောရရင် Work-Life balance ပေါ့ဗျာ။ လူဆိုတဲ့ အမျိုးကလည်း ဘယ်လောက်တော်တော်၊ တတ်တတ် အလုပ်ကြီးပဲလုပ်နေရင် ကြာရင် အလုပ်ကိုရော နေ့စဉ်ဘဝကိုပါ ပင်ပန်းလာတတ်ပါတယ်။ အထူးသဖြင့် ကိုယ်ရေးကိုယ်တာအချိန်တွေမှာ အလုပ်ရဲ့ အီးမေးလ်တွေကို စစ်ဆေးနေရတာမျိုး၊ ဖုန်းခေါ်တာတွေကို ဖြေကြားနေရတာမျိုးဟာ ကြာလာရင် စိတ်ရော၊လူပါ ပင်ပန်းလာတတ်ပါတယ်။ ဒီတော့ လုပ်ငန်းဟာ ကိုယ့်ရဲ့အလုပ်သမားတွေမှာလည်း သူတို့သူငယ်ချင်းတွေနဲ့ အချိန်ပေးပျော်ရွှင်ဖို့၊ မိသားစုနဲ့ နွေးနွေးထွေးထွေး အချိန်ပေးပျော်ရွှင်ဖို့ ဖန်တီး ပေးရပါမယ်၊ ခွင့်ပြုရပါမယ်။ ဒါဆိုရင်တော့ ဝန်ထမ်းတွေက ‘I Love My Job’ ပိုဖြစ်မှာပါ။

၃။ လုပ်ငန်းယဉ်ကျေးမှု

လုပ်ငန်းတိုင်းဟာ လူအမျိုးမျိုးစိတ်အထွေထွေနဲ့ မတူကွဲပြားတဲ့လူတွေနဲ့ သွားနေကြတာပါ။ ကိုယ်က ဘယ်လိုလူစားမျိုးပဲဖြစ်ဖြစ် (introvert/extrovert) ကိုယ်နဲ့ကိုက်တဲ့ အလုပ်ပတ်ဝန်းကျင်မှာ နေချင်၊ရှိချင်ကြတာပါပဲ။ ဒီတော့ လုပ်ငန်းဟာ အဖွဲ့လိုက်လှုပ်ရှားမှု ပုံရိပ်လုပ်ငန်းတွေ၊ ချစ်ခင်ရင်းနှီးတဲ့ အလုပ်ခွင်တွေဖြစ်အောင် ဖန်တီးပေးရပါမယ်။ နောက်ပြီး တချို့လူတွေက အလုပ်ကြိုးစားပြီး အမှီခိုကင်းစွာ စွမ်းစွမ်းတမံ လုပ်ပြချင်ကြပါတယ်။ အဲ့လိုလူမျိုးတွေကိုလည်း အလုပ်က နေရာပေး လုပ်ဆောင်စေရပါမယ်။ ဒီတော့ ဝန်ထမ်းကလည်း အလုပ်တစ်ခုကိုမရွေးခင် ကိုယ်သွားမယ့် အလုပ်ခွင်ဟာ ကိုယ်နဲ့ကိုက်ရဲ့လားဆိုတာကို စဉ်းစားရမှာဖြစ်သလို လုပ်ငန်းဘက်ကလည်း ဝင်လာတဲ့ အလုပ်သမားကို လုပ်ငန်းခွင်နဲ့ကိုက်အောင် ဖန်တီးပေးရပါမယ်။ ဒါဆိုရင်တော့ ‘I Love My Job’ ပေါ့ဗျာ။

၄။ ခေါင်းဆောင်မှု

ကျွန်တော်တို့တွေဟာ ကိုယ့်ကိုအောင်မြင်ဖို့အားပေးတဲ့၊ အောင်မြင်အောင်လုပ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေကို ချစ်ကြသလို အဲ့ခေါင်းဆောင်တွေပေးတဲ့အလုပ်တွေကိုလည်း ချစ်ကြပါတယ်။  အကြောင်းကတော့ ခေါင်းဆောင်တွေက ရှင်းလင်းတဲ့ပန်းတိုင်တွေ၊ ရည်မှန်းချက်တွေကို ကောင်းကောင်းလမ်းပြပေးနိုင်သလို၊ အတူတကွဖော်ဆောင်ရေးကိုလည်း အသားပေးကြလို့ပါ။ ဒီတော့ ကျွန်တော်တို့မှာ တိကျတဲ့ပန်းတိုင်တွေရှိလာပြီး အလုပ်အပေါ်မှာ ပိုပြီးစိတ်ထက်သန်တဲ့ တွန်းအားတွေ ပေးနေသလို ခံစားရစေပြီး မျှော်လင့်ချက်တွေနဲ့ ရှေ့ဆက်ကြမှာမို့ပါ။ ဒီလိုခေါင်းဆောင်မျိုး အလုပ်ရှင်တစ်ဦးရှိခြင်းက ကျွန်တော်တို့ရဲ့ Career development ကိုလည်း အများကြီး မြှင့်တင်နိုင်စေပါတယ်။ ဒီလိုခေါင်းဆောင် ကိုယ့်မှာရှိနေပြီဆိုရင်တော့ ‘I Love My Job’ ပေါ့ဗျာ။

၅။ ပွင့်လင်းစွာဆက်ဆံမှု

ကျွန်တော်တို့က ကိုယ့်ရဲ့ စိတ်ကူးတွေကို လွတ်လပ်စွာ မျှဝေနိုင်တဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်တာဟာ ကောင်းမွန်တဲ့ ခံစားချက်တစ်ခုပါ။ ဒီအချိန်မှာ ခေါင်းဆောင်တွေက ဝန်ထမ်းတွေကို ပြောခွင့်ပေးပြီး သူတို့ရဲ့အကြံတွေကိုလည်း ပြန်လည်ဆွေနွေးမှုတွေ Feedback ပေးတာမျိုးတွေ လုပ်ရပါမယ်။ နောက်ပြီး ကျွန်တော်တို့ဆိုတာကလည်း ကိုယ့်ရဲ့အလုပ်ရှင်က ကိုယ့်ကိုကြားတယ်၊ မြင်တယ်လို့ခံစားရတဲ့အခါ (ပြောရရင် ကိုယ့်ကိုသတိထားမိတယ်ပေါ့ဗျာ) ဒီအလုပ်ရှင်က ငါတို့ကို တန်ဖိုးထားပါလားလို့ ခံစားရတတ်တယ်လေ။ ဒါကို အလုပ်ရှင်တွေ၊ မန်နေဂျာတွေ သေချာ နားလည်ရပါမယ်။ ဒီလို Feedback ရတာမျိုး၊ ကိုယ့်ကိုသတိထားမိတာမျိုးဟာ ကိုယ်လုပ်ရမယ့် အရာတွေကို ပိုခိုင်မာစေပြီး ကိုယ်လုပ်နေတာဟာ တန်ဖိုးရှိတဲ့အရာတွေပါလားလို့ ခံစားရစေနိုင်တဲ့ အတွက် ဖြစ်လာနိုင်တာက ‘I Love My Job’ ပေါ့ဗျာ။

၆။ စိန်ခေါ်မှုရှိတဲ့အလုပ်

ကျွန်တော်တို့ဟာ ကိုယ်စိတ်ပါဝင်စားပြီး စိန်ခေါ်မှုရှိတဲ့အလုပ်ကို ရှာဖွေတတ်ကြပါတယ်။ တူညီတဲ့အလုပ်တွေကို တစ်နေ့ပြီးတစ်နေ့လုပ်တဲ့အခါ အသစ်တစ်ခုခုအတွက် အဆင်သင့်ဖြစ်နေပြီလို့ ခံစားရပြီး စိန်ခေါ်မှုရှိတဲ့အလုပ်တွေကို လိုလားလာတတ်ကြပါတယ်။ ဒီလိုအချိန်မှာ အသစ်အဆန်း တစ်ခုခုကို သင်ပေးတဲ့၊ တာဝန်ပေးတဲ့ အလုပ်တွေကို ဖန်တီးပေးမယ်ဆိုရင် ကျွန်တော်တို့က ပိုမိုစေ့စပ်ပြီး ပိုတော်လာတယ်လို့ ခံစားရစေတဲ့အတွက် ‘I Love My Job’ ပေါ့ဗျာ။

ဒီတော့ ခင်ဗျားဟာ အလုပ်ရှင်တစ်ယောက်လား၊ လူအများနဲ့အတူ ဦးဆောင်လုပ်နေရတဲ့ သူလား၊ ကိုယ်တိုင်ဝန်ထမ်းလား၊ ဒါဆိုရင် အထက်ကအချက်တချို့ကို သိဖို့လိုမယ်နော်။ ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်အလုပ်ခွင်ကအားလုံးပါ ‘I Love My Job’ ဖြစ်ဖို့ ကောင်းမွန်တဲ့ အလုပ်ခွင်တစ်ခု ဖန်တီးကြပါစို့။ ။

U Zin Lwin Thant 

B.Act, M.Act (MUE)