 
                    Computer Based Assessment (CBA) နည်းလမ်း အသုံးပြုခြင်းနဲ့ အားသာချက်များ
နည်းပညာတိုးတက်မြင့်မားလာမှုတွေနဲ့အတူ သင်ကြားမှုများ၊ အကဲဖြတ်စစ်ဆေးမှုများဟာလည်း ပြောင်းလဲတိုး တက်လာကြပါတယ်။ အကြမ်းဖျင်းအနေနဲ့ ခွဲကြည့်မယ်ဆိုရင် Computer Based Assessment CBA နဲ့ Traditional နည်းလမ်းအတိုင်း အကဲဖြတ်မှုဆိုပြီး သတ်မှတ်နိုင်ပါတယ်။ ယနေ့ခေတ် ကပ်ရောဂါအခြေအနေများ၊ နိုင်ငံရေး အခြေအနေများနဲ့ နည်းပညာတိုးတက်လာမှုများကြောင့် ကျောင်းများ၊ ဆရာ၊ဆရာများ၊ ပညာရေးဝန်ထမ်းများအနေနဲ့ CBA နည်းလမ်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာကို တွေ့ရပါတယ်။ ပထမဦးဆုံး CBA အကြောင်းပြောရမယ်ဆိုရင် CBA ဆိုတာ ကွန်ပျူတာနဲ့နည်းပညာကို အသုံးပြုပြီး အကဲဖြတ်စစ်ဆေးမှုပြုလုပ်ခြင်း၊ အမှတ်ပေးခြင်းများ ပြုလုပ်ခြင်းကို ဆိုလိုပါတယ်။ CBA ကို formative (သင်ယူစဉ်စစ်ဆေးခြင်း) နဲ့ summative assessment (အနှစ်ချုပ်အဆုံးသတ် စစ်ဆေးခြင်း) များအတွက် စစ်ဆေးဖို့ရည်ရွယ်ကာ Asssignment, MCQ မေးခွန်းပုံစံများ၊ Short Essay များနဲ့ short answer မေးခွန်းပုံစံများအတွက်လည်း အသုံးပြုကြပါတယ်။ CBA မှာ Traditional Assessment သမားရိုးကျစစ်ဆေးခြင်းများနဲ့မတူဘဲ ဆရာ၊ဆရာများ၊ ပညာရေးနယ်ပယ်မှဝန်ထမ်းများအတွက် ကွဲပြားခြားနားတဲ့ အားသားချက်များစွာ ရှိတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ အားသာချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
 Flexibility - အလွယ်တကူပြုပြင်ပြောင်းနိုင်ခြင်း
 Flexibility - အလွယ်တကူပြုပြင်ပြောင်းနိုင်ခြင်း
အကဲဖြတ်စစ်ဆေးမှုများဟာ သက်ဆိုင်ရာ Learning Outcome နဲ့ Objectives များပေါ်မှုတည်ပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရပါတယ်။ အဲ့ဒီလိုပြုလုပ်ရာမှာ သမားရိုးကျ စစ်ဆေးမှုများ၊ ပြုပြင်ပြောင်းလဲမှုများပေါ်မူတည်ပြီး အချိန်နဲ့ ငွေကြေးပိုင်းဆိုင်ရာ ကုန်ကျစရိတ်များလည်း ရှိပါတယ်။ သို့ပေမဲ့ CBA နည်လမ်းမှာ အချိန်နဲ့ငွေကြေး များစွာ ကုန်ကျစရိတ်မရှိဘဲ လိုအပ်ချက်များပေါ်မှုတည်ကာ လိုအပ်သလို ဆရာ၊ဆရာများ၊ ပညာရေးဝန်ထမ်းများအနေနဲ့ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ပြုပြင်ခြင်းများကို အလွယ်တကူ ပြောင်းလဲစစ်ဆေးနိုင်ပါတယ်။
 Real Time Feedback ပေးနိုင်ခြင်း ဒါမှမဟုတ် အချိန်နဲ့တစ်ပြေးညီ မှတ်ချက်များပေးနိုင်ခြင်း
 Real Time Feedback ပေးနိုင်ခြင်း ဒါမှမဟုတ် အချိန်နဲ့တစ်ပြေးညီ မှတ်ချက်များပေးနိုင်ခြင်း
အကဲဖြတ်စစ်ဆေးမှုများကို ပုံမှန်သမားရိုးကျနည်းလမ်းတွေလို အချိန်တစ်ခုစောင့်ဆိုင်းစရာမလိုဘဲ ကျောင်းသား ၊ကျောင်းသူများ ဖြေဆိုချိန် ပြောဆိုပြီးတာနဲ့ ချက်ချင်း Feedback ပေးခြင်း၊ အကြံဉာဏ်ပေးခြင်းများ ပြုလုပ်နိုင်ပါတယ်။ ဥပမာ- အရင်က ပုံမှန်သမားရိုးကျနည်းလမ်းများမှာ ဆရာ/မများအနေနဲ့ သက်ဆိုင်ရာ အချိန်တစ်ခုစောင့်ဆိုင်းပြီးမှာသာ အဖြေလွှာများကိုကြည့်ပြီး Feedback ပေးရမှာဖြစ်ပါတယ်။ CBA မှာဆိုရင်တော့ အဲလိုစောင့်ဆိုင်းစရာမလိုဘဲ ကျောင်းသား၊ ကျောင်းသူတွေ Assessment ဖြေဆိုပြီးတာနဲ့ ချက်ချင်း Feedback ပေးတာမျိုး ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
 အလွယ်တကူ ခွဲခြားစိတ်ဖြာကြည့်နိုင်ခြင်း
 အလွယ်တကူ ခွဲခြားစိတ်ဖြာကြည့်နိုင်ခြင်း
ဆရာ၊ဆရာများ၊ ပညာရေးဝန်ထမ်းများအနေနဲ့ ကျောင်းသား၊ကျောင်းသူများရဲ့ မှတ်တမ်းများ၊ အချက်အလက်များကို စဉ်ဆက်မပြတ်စောင့်ကြည့်ပြီး လိုအပ်တဲ့ ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရပါတယ်။ အဲ့ဒီလိုပြုလုပ်ရာမှာ မှတ်တမ်းများ အပေါ်မူတည်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်ရှုတတ်ဖို့ လိုအပ်ပါတယ်။ CBA မှာ ကျောင်းသား၊ကျောင်းသူများရဲ့ရလဒ် အခြေအနေနဲ့ အချက်အလက်များကို သမားရိုးကျနည်းလမ်းများနဲ့မတူဘဲ အလွယ်တကူ ခွဲခြားစိတ်ဖြာနိုင်မှာ ဖြစ်ပါတယ်။ CBA နည်လမ်းမှာ သမားရိုးကျနည်းလမ်းတွေလို စာမေးပွဲရလဒ်များထွက်ပေါ်လာမှ အဲ့ဒီရလဒ်များကိုစုစည်းပြီး ခွဲခြမ်းစိတ်ဖြာမှုများကို Manual စနစ်နဲ့ ပြန်လည်ပြုလုပ်စရာမလိုဘဲ CBA ရလဒ်များထွက်ပေါ်လာတာနဲ့တစ်ပြိုင်နက် ကျောင်းသား၊ကျောင်းသူများရဲ့ အချက်အလက်၊ စစ်ဆေးမှုမှတ်တမ်းများကို အလွယ်တကူ ခွဲခြားစိတ်ဖြာနိုင်မှာပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ CBA နည်လမ်းမှာ ကျောင်းသား၊ကျောင်းသူများရဲ့ အောင်ရှုံးစာရင်းများ၊ အားသာချက်၊ အားနည်းချက်များ၊ Resubmit, Pass, Merit, Distinction ရလဒ်နှိုင်းယှဉ်ချက်များ၊ ရလဒ်အကောင်းဆုံးအတန်းနဲ့ ရလဒ်မကောင်းတဲ့အတန်း နှိုင်းယှည်ချက်များကို မိမိလိုအပ်ချက်အတိုင်း ကြည့်နိုင်မှာဖြစ်ပါတယ်။
 အလိုအလျောက်အမှတ်ပေးပုံစံများ ထည့်သွင်းအသုံးပြုနိုင်ခြင်း
 အလိုအလျောက်အမှတ်ပေးပုံစံများ ထည့်သွင်းအသုံးပြုနိုင်ခြင်း
သမားရိုးကျ အကဲဖြတ်စနစ်နဲ့မတူတဲ့ အားသားချက်နောက်တစ်ခုမှာ တချို့ Assessment မေးခွန်းပုံစံများအတွက် Multiple Choice, True or Fales နဲ့ Matching တို့ကို သီးခြား (Marking) စစ်ဆေးစရာမလိုဘဲ အဖြေမှန်များကို ကြိုတင်ထည့်သွင်းပြီး အလိုအလျောက် အမှတ်တွက်ချက်ပေးတဲ့ ပုံစံကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။
 ပညာရေးဆိုင်ရာစည်းကမ်းများနဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုများကို တားဆီးနိုင်ခြင်း
 ပညာရေးဆိုင်ရာစည်းကမ်းများနဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုများကို တားဆီးနိုင်ခြင်း
နည်းပညာတိုးတက်လာတာနဲ့အမျှ အွန်လိုင်းမှကူးယူမှုများ (Plagiarism) issue များ ၊ ကျောင်းသား၊ကျောင်းသူ အချင်းချင်း ကူးယူမှုပြဿနာများလည်း ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ CBA နည်းလမ်းမှာ Plagiarism Issue များ၊ အချင်းချင်းကူးယူမှုများကို စစ်ဆေးနိုင်တဲ့ နည်းပညာများနဲ့ ချိတ်ဆက်အသုံးပြုနိုင်တာကြောင့် ကူးယူမှုပြဿနာများကို အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။ CBA နည်းလမ်းဟာ အလွယ်တကူပြုပြင်ပြောင်းနိုင်ခြင်း၊ အချိန်နဲ့တစ်ပြေးညီမှတ်ချက်များပေးနိုင်ခြင်း၊ အလွယ်တကူ ခွဲခြားစိတ်ဖြာကြည့်နိုင်ခြင်း၊ အလိုအလျောက် အမှတ်ပေးပုံစံများ ထည့်သွင်းအသုံးပြုနိုင်ခြင်း၊ ပညာရေးဆိုင်ရာ စည်းကမ်းနဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုများကို တားဆီးနိုင်ခြင်း စတဲ့ အားသာချက်များနဲ့ အကျိုးပြုပါတယ်။ ဒါပေမဲ့လည်း ဆရာ၊ဆရာမများ၊ ပညာရေးဝန်ထမ်းများအနေနဲ့ ကျောင်းသား/သူများရဲ့ နည်းပညာကျွမ်းကျင်မှုကိုလည်း ထည့်သွင်းစဉ်းစားပေးရပါမယ်။ ကျောင်းသား၊ကျောင်းသူများဟာ မတူညီတဲ့ လူမှုအသိုင်းအဝိုင်း၊ မတူညီတဲ့အခြေနေများမှ လာရောက်ကြတဲ့အတွက် တစ်ဦး တစ်ယောက်ပေါ်မူတည်ပြီး နည်းပညာကျွမ်းကျင်မှုများလည်း ကွဲပြားနိုင်မယ့်အချက်ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် CBA နဲ့ Plagiarism စစ်ဆေးမှုနည်းပညာများဖြင့် ချိတ်ဆက်ပြီး ကူးယူမှုများကို တာဆီးနိုင်မယ်လို့ ဆိုပေမယ့်လည်း Plagiarism စစ်ဆေးမှုများမှာ ChatGPT, Google Bard အစရှိတဲ့ Generated Text (AI) နည်းပညာ တိုးတက်မှုတွေကြောင့် AI ဆိုင်ရာ Plagiarism စစ်ဆေးမှုများကို အကန့်အသတ်ဖြင့်သာ စစ်ဆေးနိုင်ဦးမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကို ထည့်သွင်းစဉ်းစားပြီး အသုံးပြုဖို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ပါတယ်။
ကိုးကားချက် − Brown, Sally, Bull, Joanna, Race, & Phil. (2013). Computer-assisted Assessment of Students. New York: Routledge.
U Wai Yan Paing Zaw
B.A (English), MBA (Stamford International University, Thailand)
