IT ကျောင်းသားတိုင်း သိထားသင့်တဲ့အချက်များ

 IT ကျောင်းသားတိုင်း IT နယ်ပယ်မှာ အသက်မွေးဝမ်းကြောင်းပြုဖို့ ပြင်ဆင်နေချိန်မှာ သိထားရမယ့် အချက်တချို့ ရှိပါတယ်။ ကောလိပ်ပထမနှစ် ဒါမှမဟုတ် ဒုတိယနှစ်အတွင်းမှာပဲ အသက်မွေးဝမ်းကြောင်းအတွက် ပြင်ဆင်ဖို့ဆိုတာ မစောလွန်းပါဘူး။ သတင်းအချက်အလက်နည်းပညာဟာ အသစ်အသစ်သော အသုံးချမှုနယ်ပယ်များကို လျင်မြန်စွာနဲ့ အဆက်မပြတ် ပြောင်းလဲနေပါတယ်။ ဆိုလိုတာက ကျောင်းသားများနဲ့ ပရော်ဖက်ရှင်နယ်များဟာ သူတို့ရဲ့ ပညာရပ်အပေါ် လိုက်လျောညီထွေရှိတဲ့ သဘောထားကိုခံယူဖို့လိုအပ်ပြီး တိုးတက်ပြောင်းလဲနေတဲ့ လုပ်ငန်းရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအကြံပြုချက်များဟာ လုပ်ငန်းခွင်ဝင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ကျောင်းသားများ သတိပြုသင့်တဲ့အချက်တချို့ ဖြစ်ပါတယ်။

၁။ အထူးပြုလေ့လာဖို့ မကြောက်ပါနဲ့။

ပရိုဂရမ်းမင်းဘာသာစကားများစွာနဲ့ သတင်းအချက်အလက်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုအတွက် အထူးပြု အက်ပ်လီကေးရှင်း ရာပေါင်းများစွာရှိနေတာကြောင့် အထူးပြုလေ့လာမှုဟာ အလျင်စလို မရှိမဖြစ် လိုအပ်လာပါတယ်။ ကျောင်းနေစဉ်အတွင်း လေ့လာစရာ ဘာသာရပ်နယ်ပယ်တချို့ကို အထူးပြုအာရုံစိုက်ခြင်းက အလုပ်အကိုင်‌နေရာအတွက် အရည်အချင်းပြည့်မီစေဖို့ အလားအလာများကို တိုးပွားစေနိုင်ပါတယ်။ အထူးပြုဘာသာရပ်များဟာ ပညာရပ်ဆိုင်ရာ ဘွဲ့တစ်ခုခုမှ ရရှိဖို့ မလိုအပ်ပါဘူး၊ ဒါကြောင့် စိတ်ကူးသစ်များ၊ နည်းပညာများနဲ့ ဗဟုသုတများကို ကိုယ်တိုင်ရှာဖွေဖို့ တုံ့ဆိုင်းမနေပါနဲ့။

၂။ လူမှုရေးကျွမ်းကျင်မှုကိစ္စ

တစ်နေ့တာလုံးနီးပါးကို ကွန်ပျူတာရှေ့မှာ ထိုင်အလုပ်လုပ်နေရင်တောင် သတင်းအချက်အလက်နည်းပညာဆိုင်ရာ အလုပ် အားလုံးနီးပါးဟာ လူမှုဆက်ဆံရေးနဲ့ ဆက်သွယ်ရေးကျွမ်းကျင်မှုတချို့ လိုအပ်ပါတယ်။ အကြီးတန်းရာထူးများဟာ စီမံခန့်ခွဲမှုနဲ့ အဖွဲ့အစည်းဆိုင်ရာစွမ်းရည်များစွာ လိုအပ်နိုင်တာကြောင့် ကျောင်းသားများဟာ ကျောင်းတက်စဉ်ကတည်းက အဆိုပါစွမ်းရည်များကို တည်ဆောက်ထားသင့်ပါတယ်။ နည်းပညာဆိုင်ရာအခန်းကဏ္ဍများကို စိတ်ပါဝင်စားပြီး လေ့လာလိုက်စားနေသူများဟာ နားလည်တတ်ကျွမ်းတဲ့ တခြားသူများနဲ့အတူ လုပ်ဆောင်နိုင်ရာမှာလည်း ကျွမ်းကျင်သူ မဟုတ်သူများကို နားလည်အောင်ပြောပြပေးနိုင်ပါက အကျိုးရှိဆဲပဲဖြစ်ပါတယ်။

၃။ လက်တွေ့လုပ်ငန်းအတွေ့အကြုံရယူပါ။

အလုပ်သင်ခြင်းနဲ့ တခြားလက်တွေ့ လုပ်သက်အတွေ့အကြုံတွေဟာ အလုပ်လျှောက်ထားဖို့ အချိန်ရောက်လာတဲ့အခါမှာ အဖိုးမဖြတ်နိုင်စရာများပဲ ဖြစ်ပါတယ်။ အလုပ်ရှင်တွေဟာ သင့်အလုပ်ရဲ့နမူနာတွေကို မြင်တွေ့ရမယ်လို့ မျှော်လင့်ထား ကြပြီး အများအားဖြင့်တော့ သူတို့ရဲ့နယ်ပယ်နဲ့ သက်ဆိုင်တာတွေကို မြင်လိုကြပါတယ်။ ကျောင်းတက်စဉ် အလုပ်သင်ခြင်းက ကျောင်းသားတွေကို သူတို့ရဲ့ အတွေ့အကြုံများကို တည်ဆောက်စေပြီး အသက်မွေးဝမ်းကြောင်းအတွက် နည်းလမ်းတွေကို လမ်းညွှန်ရှာဖွေရာမှာလည်း ကူညီပေးပါတယ်။

၄။ ကျောင်းစာကို အလေးအနက်ထားပါ။

ပညာရေးမှာ သင့်တင့်လျောက်ပတ်တဲ့အဆင့်နဲ့ ကျေနပ်တဲ့ ပါမောက္ခများရှိရင် သင်က တိုးတက်ဖို့အတွက် ဘယ်သောအခါမှ မရပ်တန့်သင့်ပါဘူး။ ကျောင်းပရောဂျက်များမှာ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခြင်းက သင့်အရည်အချင်းတွေကို ထက်မြက်စေရုံသာမက အလုပ်အတွက်အင်တာဗျူးသူတွေကို နမူနာများအဖြစ် ပြသနိုင်ပါတယ်။ ပရောဂျက်တိုင်းကို အကောင်းဆုံးလုပ်ဆောင်ပြီး အရည်အသွေးမြင့်တဲ့ ပရောဂျက်တွေကို သိမ်းဆည်းထားပါ၊ နောက်ပိုင်းမှာ အဲဒါတွေကို ပိုပြီးအသုံးပြုလာနိုင်တာကြောင့် ဖြစ်ပါတယ်။

၅။ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သတင်းအချက်အလက်များ ရှိနေပါစေ။

ကြီးမားတဲ့တိုးတက်မှုများ၊ ဆန်းသစ်တီထွင်မှုများနဲ့ သတင်းအချက်အလက် နည်းပညာလမ်းကြောင်းအသစ်တို့ ထွက်ပေါ်နေချိန်မှာ သင်အကြာကြီးရပ်နေပါက နောက်ကျသွားပါလိမ့်မယ်။ ကျောင်းသားများနဲ့ ကျွမ်းကျင်ပညာရှင်များဟာ သူတို့ရဲ့နယ်ပယ်မှာ နောက်ဆုံးပေါ်တိုးတက်မှုတွေကို မျက်ခြေမပြတ်သင့်ပါဘူး။ မကြာသေးမီက မိုဘိုင်းအက်ပလီကေးရှင်း များမြင့်တက်လာခြင်းတို့လို စျေးကွက်အတွင်းအပြောင်းအရွှေ့များကို အသိအမှတ်ပြုဖို့လည်း အရေးကြီးပါတယ်။

ဘွဲ့ကြိုပရိုဂရမ်တစ်ခုကို ပြီးမြောက်ပြီး ဘွဲ့တစ်ခုရရှိခြင်းက နည်းပညာမြင့်အလုပ်တစ်ခုကို စိတ်ပါဝင်စားသူတွေအတွက် စံတစ်ခုဖြစ်ရုံသာမက အထူးပြုပရိုဂရမ်တစ်ခုအတွက် သင်တန်းတွေကို ပြီးမြောက်ခြင်းထက် များစွာပိုပါတယ်။ သတင်း အချက်အလက်နည်းပညာကို ထူးချွန်စေဖို့အတွက် ကျောင်းသားတွေဟာ လုပ်ငန်းခွင်အသီးသီးမှာ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို ဘယ်လိုအသုံးချနိုင်တယ်ဆိုတာကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ IT ကျောင်းသားများဟာ သူတို့အလုပ်လုပ်ကိုင်ဖို့ ဆန္ဒရှိတဲ့နယ်ပယ်မှာ လက်ရှိလုပ်ဆောင်နေတဲ့ ကျွမ်းကျင်ပညာရှင်များထံမှ အဲဒီရာထူးနေရာများအတွက် လိုအပ်ချက်များ၊ မျှော်လင့်ချက်များနဲ့ပတ်သက်ပြီး အကြံဉာဏ်များရယူခြင်းက စိတ်ကူးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

Reference: bestcollegereviews.org website, October 2022 က တင်ထားတဲ့ ဆောင်းပါးကို ဘာသာပြန်ဆိုထားပါတယ်။

 

Dr. Thel Seint Aye 

B.C.Sc, CU (MDY) 

B.C.Sc (Hons), CU (MDY) 

M.C.Sc, CU (MDY) 

Ph.D (IT), (U.C.S.M)