“၂၀၂၄ မှာ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ကြိုတင်ခန့်မှန်းချက်များ”

ကိုဗစ်ကပ်ရောဂါများဖြစ်ပွားခဲ့ပြီးသည့်နောက် ၂၀၂၃ ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ စိန်ခေါ်မှုများနဲ့ ပြည့်နက်နေပေမယ့်လည်း စီးပွားရေးလုပ်ငန်းများအတွက် ဒီအခြေအနေတွေမှာ အလိုက်သင့်ပြုပြင်ပြောင်းလဲမှုနဲ့ ဆန်းသစ်မှုများပြုလုပ်ဖို့အတွက် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ စားသုံးသူတွေရဲ့ အမြဲပြောင်းလဲလာတဲ့ ဝန်ဆောင်မှုမျှော်လင့်ချက်တွေကို နားလည်ခြင်းအားဖြင့် ကုမ္ပဏီတွေဟာ ပုံမှန်ရှင်သန်ရုံသာမက ပြောင်းလဲနေတဲ့ အခင်းအကျင်းမှာ လုပ်ငန်းတိုးတက်ကြီးထွား လာနိုင်ပါတယ်။ နှစ်ဟောင်းကုန်လို့ ၂၀၂၄ ခုနှစ်သို့ရောက်တဲ့အခါ မြန်မာပြည်ရှိ ဖောက်သည်တွေကို ဘယ်လို ပြုမူဆက်ဆံကြမလဲ၊ သူတို့မျှော်လင့်ထားတာတွေထက် သာလွန်ထူးခြားတဲ့ ဝန်ဆောင်မှုအတွေ့အကြုံတွေ ဘယ်လိုမျိုးထောက်ပံ့ပေးမလဲဆိုတဲ့ အနာဂတ်ကို ပုံဖော်ပေးနိုင်မယ့် အဓိကအလားအလာများကို လေ့လာကြည့်ကြပါစို့။

" ကုန်ကျစရိတ်နဲ့ ပြန်ရတဲ့တန်ဖိုးအပေါ် အမြင်များ "

စီးပွားရေး မတည်ငြိမ်မှုနဲ့ ငွေကြေး ဖောင်းပွမှု မြင့်တက်လာခြင်းက မြန်မာပြည်ရှိ သုံးစွဲသူတွေကြားမှာ ကုန်ကျစရိတ်နဲ့ ဈေးကြီးမြင့်မှုကို ပိုပြီး သတိထား မိစေပါတယ်။ ဈေးနှုန်းမြင့်တက်လာမှုက ဒီနိုင်ငံမှာ အသစ်အဆန်းမဟုတ်ပေမယ့် လက်ရှိ အခင်းအကျင်း အခြေအနေတွေက ငွေကြေးတန်ဖိုး အလေးပေးမှုကို ပိုပြီးထင်သာမြင်သာ ဖြစ်နေစေပါတယ်။ ဆိုလိုတာက စားသုံးသူတွေလက်ထဲမှာ ရှိတဲ့ငွေနဲ့ ကုန်ပစ္စည်း ဝယ်ယူတဲ့အခါ ငွေပိုပေးလာရပြီး ပြန်ရတဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုအပေါ်မှာ တန်တယ်၊ မတန်ဘူးဆိုတဲ့ အကဲဖြတ်ချက်တွေ ပိုမိုပြုလုပ်လာတာပဲ ဖြစ်ပါတယ်။ စားသုံးသူတွေဟာ သူတို့ရဲ့ သုံးလိုက်ရတဲ့ ပိုက်ဆံအတွက် အကောင်းဆုံးနဲ့ အတန်ဆုံး ကမ်းလှမ်းလာတဲ့ ကုန်အမှတ်တံဆိပ်တွေကို ဦးစားပေးခြင်းဖြင့် လျှော့ဈေးနဲ့ ရောင်းချမှုများ၊ ငွေသားနဲ့ လက်ဆောင်ပစ္စည်း ပြန်ပေးခြင်းများ၊ ဗလာမပါ ကံစမ်းမဲ အစီအစဉ်များ စတဲ့ ငွေသက်သာသမျှ သက်သာနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပြီးမှသာ ဝယ်ယူလေ့ရှိလာတဲ့ အလေ့အထကို ဦးတည်လာ နေပါတယ်။ ဒီပြောင်းလဲမှုက သူတို့ရဲ့ ကုန်ကျစရိတ်ကို တန်တယ် ဒါမှဟုတ် သက်သာတယ်လို့ စိတ်ခံစားမှု ရစေဖို့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေရဲ့ အရည်အသွေးနဲ့ အကျိုးကျေးဇူးတွေကို သုံးစွဲသူတွေ သိအောင်လုပ်ပေးဖို့နဲ့ စျေးနှုန်းအပေါ် ပွင့်လင်းမြင်လာမှုရှိအောင် လုပ်ငန်းတွေအနေနဲ့ အထူးသတိထားဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။

" ဒစ်ဂျစ်တယ်နည်းပညာအပေါ်မှီခိုမှု "

အင်တာနက်နဲ့ မိုဘိုင်းနည်းပညာများဟာ လူတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ ကိရိယာများ ဖြစ်လာပါတယ်။ စစ်တမ်းတွေအရ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အင်တာနက်သုံးစွဲမှုနှုန်း အလျင်မြန် တိုးပွားလာနေတဲ့ နိုင်ငံများထဲက တစ်ခုဖြစ်ပြီး လူဦးရေရဲ့ ၄၄ ရာခိုင်နှုန်းကျော်ဟာ အွန်လိုင်းအသုံးပြု နေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၂ ခုနှစ် ၂၀၂၃ ခုနှစ်အတွင်း အင်တာနက်အသုံးပြုသူ ၁၇၇,၀၀၀ ဦး (+၀.၇ ရာခိုင်နှုန်း) တိုးများလာကြောင်း Kepios စစ်တမ်းက ဖော်ပြထားပါတယ်။ ဒီဒစ်ဂျစ်တယ် နည်းပညာတွေအပေါ် မှီခိုအားထားမှုက အဆက်မပြတ် လွယ်ကူချောမွေ့တဲ့ အွန်လိုင်းဝယ်ယူမှု အတွေ့အကြုံတွေအတွက် မျှော်လင့်ချက်တွေ ပိုမိုပြင်းထန်လာစေပါတယ်။ စားသုံးသူတွေက အသုံးပြုရ လွယ်ကူတဲ့ ဝဘ်ဆိုက်များ၊ မိုဘိုင်းအက်ပ်များနဲ့ ထိရောက်တဲ့ အွန်လိုင်းမှာယူမှုနဲ့ ငွေပေးချေမှုစနစ်များကို မျှော်လင့်ထားလာကြပါတယ်။ စီးပွားရေးလုပ်ငန်းတွေက ဒစ်ဂျစ်တယ်သုံးစွဲနိုင်မှုကို ဦးစားပေးပြီး အသုံးပြုရ လွယ်ကူတဲ့ ဖောက်သည်နဲ့ ထိတွေ့ဆက်ဆံနိုင်တဲ့ ဆက်သွယ်ရေး ပလပ်ဖောင်း တွေမှာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဖောက်သည်တွေကိုဆွဲဆောင်ဖို့နဲ့ ဆက်လက်ထိန်းသိမ်းထားဖို့ ကောင်းမွန်တဲ့ စီးပွားရေးအခွင့်အလမ်း တစ်ခုကို ဖန်တီးထားနိုင်မှာပဲ ဖြစ်ပါတယ်။

" တစ်ဦးချင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း "

ဒီနေ့ခေတ်မှာ one-site-fit-all ဆိုတဲ့ အားလုံးအတွက် သင့်တော်အောင်၊ အဆင်ပြေအောင် ချဉ်းကပ်တဲ့ စီးပွားရေး သသောတရားတွေ၊ နေ့ရက်တွေ ကုန်ဆုံးလာ နေပါပြီ။ မြန်မာနိုင်ငံရှိ စားသုံးသူများဟာ သူတို့ရဲ့ တစ်ဦးချင်းလိုအပ်ချက်နဲ့ နှစ်သက်မှုတွေကို ဖြည့်ဆည်း ပေးနိုင်မယ့် ကိုယ်ပိုင်စိတ်ကြိုက် အတွေ့အကြုံများကို ပိုမိုရှာဖွေလာနေကြပါတယ်။ ဒီနေရာမှာ ဖောက်သည်တွေဟာ သူတို့ရဲ့ ဝယ်ယူမှုမှတ်တမ်း၊ ကြုံတွေ့ခဲ့ရဖူးတဲ့ စျေးကွက်ရှာဖွေရေး လှုံ့ဆော်မှုများ (ဥပမာ - ပရိုမိုးရှင်းများ) နဲ့ စိုးရိမ်မှုတွေကို ချက်ချင်း ထိရောက်စွာ ဖြေရှင်းပေးပြီး တုံ့ပြန်မှုရှိတဲ့ စားသုံးသူဝန်ဆောင်မှုတွေအပေါ် အခြေခံတဲ့ စဉ်းစားချက်များ ပါဝင်လာ ပါတယ်။ စားသုံးသူအချက်အလက် ခွဲခြမ်းစိတ်ဖြာမှုများနဲ့ ခေတ်ပေါ် AI-စွမ်းအင်သုံးကာ တစ်ဦးချင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မယ့် နည်းပညာအချက်အလက်များကို အသုံးချခြင်း အားဖြင့် လုပ်ငန်းများဟာ စားသုံးသူများ အလိုရှိတဲ့ ကိုယ်ပိုင်စိတ်ကြိုက်အတွေ့အကြုံတွေကို အနီးစပ်ဆုံး ပေးအပ်နိုင်အောင် ကူညီပေး နိုင်မှာပဲ ဖြစ်ပါတယ်။

" ဒေသအကြိုက် အလိုက်သိခြင်း "

ယနေ့ခေတ်မှာ ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာကြီး ဖြစ်နေပေမယ့်လည်း မြန်မာနိုင်ငံရှိ ပြည်တွင်းစီးပွားရေး လုပ်ငန်းများရဲ့ ထုတ်ကုန်များအပေါ် ပြည်တွင်းစားသုံးသူများရဲ့ တန်ဖိုးထားမှုက တိုးလာနေပါတယ်။ စားသုံးသူများဟာ သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းကို ပံ့ပိုးပေးခြင်းရဲ့ တန်ဖိုးကို အသိအမှတ်ပြုကြပြီး သူတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်များနဲ့ တန်ဖိုးများကို ထင်ဟပ်တဲ့ ကုန်အမှတ်တံဆိပ်များကို ရှာဖွေဝယ်ယူလာနေကြ ပါတယ်။ ပြည်တွင်းဒေသရင်းအမြစ်များကို ဂရုစိုက်မှုပြသတဲ့ စီးပွားရေးလုပ်ငန်းများ၊ ရပ်ရွာလူထုနဲ့ ထိတွေ့ ဆက်ဆံပြီး ဒေသဆိုင်ရာတိုးတက်မှုများကို ထောက်ပံ့ပိုး ပေးနေတဲ့ စီးပွားရေးလုပ်ငန်းများဟာ မျိုးချစ် စိတ်ဓာတ်နဲ့ လူမှုရေးတာဝန်ကို ဦးစားပေးတဲ့ စားသုံးသူများထံမှ ပြန်လည်တုံ့ပြန်မှုများကို ရရှိနိုင်ပါပဲ ဖြစ်ပါတယ်။

" လွယ်ကူအဆင်ပြေခြင်း "

အချိန်က အဖိုးတန်ပြီး မြန်မာနိုင်ငံရဲ့ ဖောက်သည်တွေဟာ အဆင်ပြေလွယ်ကူပြီး အခက်အခဲကင်းတဲ့ ဝန်ဆောင်မှုအတွေ့အကြုံတွေကို ရှာဖွေလာနေကြပါတယ်။ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုတွေကို လွယ်ကူစွာ သုံးစွဲနိုင်မှု၊ အဆင်ပြေတဲ့ ပို့ဆောင်မှု၊ ရွေးချယ်မှုများနဲ့ လိုက်လျောညီထွေရှိတဲ့ ငွေပေးချေမှုနည်းလမ်းများ ပါဝင်တယ်။ အွန်လိုင်းမှ မှာယူခြင်း၊ အိမ်အရောက်ပို့ခြင်းနဲ့ မိုဘိုင်းငွေပေးချေမှု ရွေးချယ်ခွင့်များကို ပေးဆောင်နေတဲ့လုပ်ငန်းတွေဟာ ဒီတိုးပွားလာနေတဲ့ လွယ်ကူအဆင်ပြေမှု မျှော်လင့်ချက်တွေအတွက် ဖြည့်ဆည်းပေးနိုင်မယ့် စီးပွားရေးအခွင့်အလမ်းနေရာအနေအထားမှာ ရှိနေမှာပဲ ဖြစ်ပါတယ်။

" ဆိုရှယ်မီဒီယာမှာ သြဇာလွှမ်းမိုးသူများ မြင့်တက်လာခြင်း "

ဆိုရှယ်မီဒီယာကွန်ရက်မှာ သြဇာလွှမ်းမိုးသူများက မြန်မာနိုင်ငံရဲ့စားသုံးသူ ဖောက်သည်များရဲ့ ကြိုက်နှစ် သက်ရာများကိုပုံဖော်ရာမှာ ပိုမိုအရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်။ စားသုံးသူများက သူတို့ ယုံကြည်စိတ်ချရတဲ့ အွန်လိုင်းဆိုရှယ်မီဒီယာ သြဇာလွှမ်းမိုးသူများထံမှ အကြံပြုချက်များနဲ့ ထောက်ခံချက် များကို ယုံကြည်လာကြပြီး ဝယ်ယူမှုဆုံးဖြတ် ချက်များချရာမှာ အဲဒီလူတွေရဲ့ သုံးသပ်ချက်များနဲ့ ထင်မြင်ချက်များကို အားကိုးလာကြပါတယ်။ စီးပွားရေး လုပ်ငန်းတွေဟာ သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိဖို့နဲ့ သူတို့ရဲ့ဦးတည်ထားတဲ့ စားသုံးသူများအကြားမှာ ထုတ်ကုန်အမှတ် တံဆိပ်တစ်ခု တည်ဆောက်ဖို့အတွက် သြဇာလွှမ်းမိုးသူတွေကို အသုံးပြုကာ စျေးကွက်ရှာဖွေရေးနည်းလမ်း များကို အခွင့်အလမ်းတစ်ခုအနေနဲ့ အသုံးချနိုင်ပါတယ်။

" ကိုဗစ်အရွေ့ "

ကပ်ရောဂါက မြန်မာနိုင်ငံမှာ သုံးစွဲသူတွေရဲ့ အပြုအမူတွေကို အခြေခံအားဖြင့် ပြောင်းလဲစေခဲ့ပါတယ်။ စားသုံးသူများဟာ ကျန်းမာရေးအသိကို ပိုသတိထားလာကြပြီး တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ဘေးကင်းလုံခြုံမှု တို့ကို စီးပွားရေးလုပ်ငန်းတွေနဲ့ အပြန်အလှန် ထိတွေ့ဆက်ဆံရာမှာ ဦးစားပေးလာကြပါတယ်။ သန့်ရှင်းမှုကို ဦးစားပေးကာ ဘေးကင်းရေးအစီအမံများကို အကောင်အထည်ဖော်ပေးပြီး ထိတွေ့မှုမဲ့ ရွေးချယ်ခွင့်များကို ပေးဆောင်နေတဲ့ လုပ်ငန်းများဟာ ဒီ new normal (ပုံမှန်ဖြစ်တဲ့ ပတ်ဝန်းကျင်အသစ်) ကို ဖြည့်ဆည်းပေး ဖို့အတွက် ဈေးကွက်အတွင်း နေရာယူထားနိုင်မှာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ စားသုံးသူများရဲ့ တိုးတက်ပြောင်းလဲလာနေတဲ့ ဝန်ဆောင်မှု မျှော်လင့်ချက်များကို နားလည် သဘောပေါက်ပြီး လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်ခြင်းဟာ ၂၀၂၄ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖို့အတွက် အခွင့်အလမ်းတစ်ခု ဖြစ်နေနိုင်ပါတယ်။ ကုန်ကျစရိတ်နဲ့ ပြန်ရတဲ့တန်ဖိုးအပေါ် အမြင်များ၊ တစ်ဦးချင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာအပေါ်မှီခိုမှု၊ ဒေသအကြိုက် အလိုက်သိခြင်း၊ လွယ်ကူအဆင်ပြေခြင်း၊ ဆိုရှယ်မီဒီယာမှာ သြဇာလွှမ်းမိုးသူများကို ဈေးကွက်ဖော်ဆောင်ရေးမှာ အသုံးချခြင်းနဲ့ ကိုဗစ်အရွေ့ ကျန်းမာရေးအသိများကို ထည့်သွင်းစဉ်းစား အာရုံစိုက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများဟာ စားသုံးသူများနဲ့ ပိုမိုခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်ပြီး ပြောင်းလဲလာနေတဲ့ ဈေးကွက်အတွင်း အောင်မြင်မှုရရှိဖို့ လက်တွေ့ဖော်ဆောင်ရမယ့် လမ်းကြောင်းကို ရှာဖွေနိုင်မှာပဲ ဖြစ်ပါတယ်။

ကိုးကားစာရင်း -

Hyken, S. (2023) Ten customer service and CX Predictions for 2024 (part one), Forbes. Available at: https://www.forbes.com/.../ten-customer-service-and.../... (Accessed: 26 December 2023).

Kemp, S. (2023) Digital 2023: Myanmar - DataReportal – Global Digital Insights, DataReportal. Available at: https://datareportal.com/reports/digital-2023-myanmar...)%20between%202022%20and%202023. (Accessed: 26 December 2023).

U Myo Htet Naing

B.Com (Hons), M.Com (YIE)