Developer နယ်ပယ်မှာ ရေပန်းအစားဆုံး Programming Language ဖြစ်လာတဲ့ "Python "

IT နယ်ပယ်၊ တစ်နည်းအားဖြင့် Developer တွေရဲ့နယ်ပယ်မှာ အသုံးပြုနေကြတဲ့ Programming Language တွေ ရာနဲ့ချီပြီးတော့ရှိပါတယ်။ Programming Language တွေ အများကြီးရှိတဲ့ထဲမှာမှ ယနေ့ခေတ် လူတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး Language တစ်ခုကတော့ Python ပဲဖြစ်ပါတယ်။

Python ဆိုတာဘာလဲ?

Python ဆိုတာ High Level Programming Language တစ်ခုဖြစ်ပါတယ်။ Programming Language တွေမှာ High Level နဲ့ Low Level ဆိုပြီး Language (၂) မျိုးရှိပါတယ်။ Low Level တွေဟာ ကွန်ပျုတာ နားလည်တဲ့ “0” နဲ့ “1” ကို အသုံးပြုပြီး ရေးသားရတာဖြစ်ပြီး High Level ဆိုတာကတော့ လူတွေနားလည်နိုင်တဲ့ English စကားလုံးတွေကို အသုံးပြုပြီး ရေးသားရတာဖြစ်ပါတယ်။ Programming Language တွေမှာ High Level ဖြစ်လာလေ ရေးထားတဲ့ Code တွေကို လူတွေ နားလည်နိုင်စွမ်း ပိုရှိလာလေပဲ ဖြစ်ပါတယ်။ Python ကို 1991 မှာ “Guido van Rossum” ဆိုတဲ့ ပုဂ္ဂိုလ်က တီထွင်ခဲ့ပါတယ်။ “Guido van Rossum” ဟာ Python ကို အသုံးပြုသူတွေအတွက် အလွယ်ကူဆုံးဖြစ်အောင် ဖန်တီးထားခဲ့ပါတယ်။ Python ဟာ တခြား Language တွေထက် ရေးရ၊ ဖတ်ရတာပိုပြီး ရိုးရှင်းလွယ်ကူပါတယ်။ ဥပမာ output တစ်ခုထွက်လာဖို့ကို C++ နဲ့ Java တို့မှာရေးရတဲ့ Code က (၂) ကြောင်း (၃) ကြောင်းဆိုရင် Python မှာက (၁) ကြောင်းတည်းနဲ့ ရေးလို့ရပါတယ်။ တခြား Programming Language နဲ့ ရေးထားတဲ့ Code တွေကို Programming နဲ့ ပတ်သက်ပြီး ဗဟုသုတရှိတဲ့သူတွေကသာ ဖတ်လို့ရနိုင်ပေမယ့် Python နဲ့ရေးထားတဲ့ Code တွေကိုတော့ Programming နဲ့ ပတ်သက်ပြီး ဗဟုသုတမရှိတဲ့လူတွေတောင် နားလည်နိုင်ပါတယ်။

Python ရေပန်းစားလာရတဲ့ အဓိကအကြောင်းရင်းတွေကတော့

နံပါတ် (၁) - လေ့လာရတာ လွယ်ကူခြင်း။

Python ဟာ တခြား Programming Language တွေထက် လေ့လာရတာ ပိုပြီးလွယ်ကူပါတယ်။ Code ရေးတဲ့အခါ သုံးရတဲ့အသုံးအနှုန်းတွေဟာ တခြား Language တွေထက် ပိုပြီးလွယ်ကူ ရိုးရှင်းတာကြောင့် Programming ကို စတင်လေ့လာလိုသူတွေအတွက်လည်း အခက်အခဲမရှိပါဘူး။ High Level ဖြစ်တာကြောင့် Code တွေဟာ သာမာန်လူတွေနားလည်နိုင်တဲ့ အသုံးအနှုန်းတွေနဲ့ ရေးထားပြီး လေ့လာသူတွေအနေနဲ့ ဖတ်ရတာလည်းလွယ်ကူသလို ရေးရတာလည်း ခက်ခဲမှု နည်းစေပါတယ်။

နံပါတ် (၂)- နယ်ပယ်ပေါင်းစုံအတွက် အသုံးပြုလို့ရခြင်း။

Developer တွေဟာ Python ကို နယ်ပယ်ပေါင်းစုံမှာ အသုံးပြုလို့ရပါတယ်။ Webpage တွေကို တည်ဆောက်ခြင်း၊ Mobile Application တွေ ပြုလုပ်ခြင်း၊ Data Analytics ပိုင်းနဲ့ Artificial Intelligence ပိုင်းဆိုင်ရာ နယ်ပယ်တွေအပြင် အခြားနယ်ပယ်များစွာအတွက် အသုံးပြုလို့ရတာကြောင့် ယနေ့ခေတ်မှာ ရေပန်းစားလာတဲ့ Language တစ်ခုလည်း ဖြစ်ပါတယ်။ Data Science နယ်ပယ် မှာတော့ Python ကို အဓိကထားပြီး အသုံးပြုကြတာကို တွေ့ရပါတယ်။

နံပါတ် (၃) – Cross Platform တွေနဲ့လည်း ကိုက်ညီခြင်း။

Cross Platform ဆိုတာက Python ဟာ Window မှာတင်မကဘဲ Mac OS, Linux တို့မှာလည်း အသုံးပြုလို့ရတာကို ဆိုလိုတာပါ။ ဥပမာ Developer တွေဟာ Project တစ်ခုအတွက် Code တွေကို Window အပေါ်အခြေခံပြီး ရေးထားတယ်ဆိုပါစို့။ အဲ့ဒီ Code တွေကို တခြား Platform တွေဖြစ်တဲ့ Mac OS, Linux တို့မှာလည်း ပြန်လည်ပြုပြင် ရေးသားစရာမလိုဘဲ အသုံးပြုလို့ရပါတယ်။

နံပါတ် (၄) – Python နဲ့ ပတ်သက်တဲ့ Library and Framework မြောက်မြားစွာရှိခြင်း။

Python မှာ ယူသုံးလို့ရတဲ့ Framework ပေါင်း များစွာရှိပါတယ်။ Framework တွေဆိုတာက ကိုယ် လုပ်ချင်တဲ့ ရည်ရွယ်ချက်အတိုင်း လိုအပ်တဲ့ Code တွေကိုယူပြီး ကိုးကားပြုပြင်ကာ သုံးလို့ရအောင် အသင့်ရေးထားတဲ့ Code တွေပဲ ဖြစ်ပါတယ်။ Developer တွေအနေနဲ့ Code တွေကို အစအဆုံး ရေးနေစရာမလိုဘဲ ကိုယ့်ရဲ့လိုအပ်ချက်အတိုင်း သက်ဆိုင်ရာ Framework တွေကိုယူပြီး ပြုပြင်ရေးလို့ ရပါတယ်။ Library and Framework များစွာရှိခြင်းကလည်း Python ရေပန်းစားလာရတဲ့ အကြောင်း ပြချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။

နံပါတ် (၅) – အသိုင်းအဝိုင်း ပံ့ပိုးမှုအားကောင်းခြင်း။

Popular ဖြစ်နေတဲ့ Language ဖြစ်တာကြောင့် နယ်ပယ်ပေါင်းစုံက Developer တွေဟာ Python ကို အသုံးပြုလာကြပါတယ်။ Developer တွေအနေနဲ့ ကိုယ့်ရဲ့ Project တွေကို ရေးတဲ့အခါမှာ Coding နဲ့ပတ်သက်ပြီး ပြဿနာ၊ အခက်အခဲတစ်ခုခုနဲ့ ကြုံလာခဲ့မယ်ဆိုရင် ဖြေရှင်းနိုင်၊ ကိုးကားလို့ရနိုင်တဲ့ နည်းလမ်းတွေကို အင်တာနက်ပေါ်မှာ ရှာကြည့်လို့ ရနိုင်ပါတယ်။ Developer များအတွက် ဗဟုသုတတွေကို မျှဝေဖို့၊ Code နဲ့ပတ်သက်တဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့အတွက် Stack Overflow၊ Reddit အစရှိတဲ့ Online Forum တွေကလည်း ကူညီ ပေးပါတယ်။ Python ဟာ နယ်ပယ်တိုင်းအတွက် လိုက်လျောညီထွေရှိခြင်း၊ Community Support အားကောင်းခြင်းနဲ့ စဉ်ဆက်မပြတ် ပြောင်းလဲမှုတွေကြောင့် ကမ္ဘာတစ်ဝန်းရှိ Developer များ၊ Data Scientists များနဲ့ Engineer များအတွက် အသုံးဝင်တဲ့၊ အသုံးများတဲ့ Language တစ်ခုအဖြစ် ရပ်တည်ပြီး ရေပန်းစားလာရခြင်း ဖြစ်ပါတယ်။

Why is Python So Popular? - GeeksforGeeks ဆောင်းပါးမှ သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw Sandi Su Hlaing

B.C.Sc, (U.C.S.Y) ,

B.C.Sc, (Hons) (U.C.S.Y) ,

M.C.Sc, (U.C.S.Y)