လုပ်ငန်းခွင်အတွင်း အပြုသဘောဆောင်တဲ့ အတွေးအခေါ်ရှိခြင်းရဲ့ အကျိုးကျေးဇူးများနဲ့ လိုက်နာရမယ့်အချက်များ

အပြုသဘောဆောင်တဲ့ အတွေးခေါ်ရှိခြင်းက သင့်ရဲ့ဘဝတိုးတက်မှုလမ်းကြောင်းကို အဘက်ဘက်မှ အထောက်အပံ့ များစွာပေးပါတယ်။ တွေးခေါ်စဉ်းစားရာမှာ အပြုသဘောနဲ့ တွေးတောခြင်းက သင့်ကို လုပ်ငန်းခွင်အတွင်း စိတ်ဓာတ်တက်ကြွစေပြီး တခြားသူများနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာလည်း အလုပ် ဖြစ်မြောက်မှုကို တိုးတက်စေပါတယ်။ အဲ့ဒီသူတွေဟာ လုပ်ငန်းခွင်မှာ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိသလို တခြားသူများရဲ့ လုပ်ကိုင်နိုင်စွမ်းကိုပါ ယုံကြည်မှုပေးခြင်းဖြင့် တွေ့ကြုံလာနိုင်တဲ့ အခက်အခဲများကို ကောင်းစွာ ကျော်လွှားနိုင်ကြပါတယ်။

လုပ်ငန်းခွင်မှာ အပြုသဘောဆောင်တဲ့ အတွေးခေါ်ရှိခြင်းက အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း။

တကယ်လို့ သင်ဟာ စိန်ခေါ်မှုများ၊ အခက်အခဲများကို မိမိအား အတားအဆီးဖြစ်စေတဲ့ အရာများလို့ မမြင်ဘဲ ရှေ့တစ်လမ်းတိုးဖို့အတွက် တချို့သော ပြင်ဆင်စရာများကို ခဏတာလုပ်ကိုင်ဆောင်ရွက်ခြင်းသာ ဖြစ်တယ်လို့ စိတ်ထဲမှာ တွေးတောလိုက်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ဖိစီးမှုများ လျော့ကျနိုင်ပါတယ်။

လုပ်ငန်းခွင်မှာ လုပ်ကိုင်နိုင်မှု စွမ်းရည်ကိုလည်း မြင့်တက်စေခြင်း။

အပြုသဘောဆောင်ကာ တွေးတောခြင်းဖြင့် သင့်ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်မှုကို မြှင့်တင်နိုင်ပါတယ်။ ဒါ့အပြင် စွမ်းဆောင်နိုင်မှု မြင့်ခြင်းကြောင့် လုပ်ငန်းဆောင်တာများကို သေချာစွာလုပ်ကိုင်နိုင်ပြီး ကောင်းမွန်တဲ့ ရလဒ် ကောင်းများရနိုင်ပါတယ်။

ပြဿနာများကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ခြင်း။

အပြုသဘော‌ဆောင်တဲ့သူများဟာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာမှာ အကောင်းဘက်ကိုဆောင်တဲ့ ရလဒ်များဖြစ်ပေါ်စေနိုင်တဲ့ အမျိုးမျိုးသော အဖြေများကို တွေးတောလေ့ရှိတတ်ကြပါတယ်။

ဆုံးဖြတ်ချက်များချရာမှာ အထောက်အကူဖြစ်ခြင်း။

အပြုသဘောဆောင်တဲ့ စိတ်အခြေအနေရှိခြင်းကြောင့် သင်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာ စိတ်ဖိစီးမှု သက်ရောက်ခြင်း မရှိဘဲ ရှင်းရှင်းလင်းလင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစွာနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ပါတယ်။

အပြုသဘောနဲ့ ဘယ်လိုတွေးတောရမလဲ။

သင့်ရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲပြီး အပြုသဘောနဲ့ တွေးတောခြင်းက အဖိုးတန်ပြီး ပညာတတ်ပီသတဲ့ အကျင့်တစ်ခု ဖြစ်ပါတယ်။ လူတစ်ဦးချင်းစီတိုင်းက ကွဲပြားတာမို့ တချို့သူများသုံးတဲ့ နည်းစနစ်များမှာ တခြားသူများမှာ ထိရောက်မှုရှိချင်မှ ရှိပါလိမ့်မယ်။ သို့ပေမဲ့ အောက်မှာဖော်ပြထားတဲ့နည်းစနစ်များက လူအတော်များများမှာ အလုပ်ဖြစ်ကြောင်းကို သက်သေပြပြီးသား ဖြစ်ပါတယ်။

(၁) သင့်ရဲ့ တွေးခေါ်မှု အလေ့အကျင့်ကို ချင့်ချိန်ပါ။

အချက်အလက်များကို ဘယ်လိုနဲ့ ဘာကြောင့်ဆိုတာကို စိစစ်ရာမှာ အချိန်ယူပြီး ဆောင်ရွက်ပါ။ ဥပမာ တကယ်လို့ သင်ဟာ အစည်းအဝေးမှာ သင့်ရဲ့ ပါဝင်ဆောင်ရွက်မှုများကို တခြားသူများက အသိအမှတ်မပြုခြင်း ဒါမှမဟုတ် သင့်ကို သဘောမကျမှုများ ခံစားမိရင် သင့်ရဲ့အတွေးကို အပြုသဘောဆောင်ကာ ပြန်လည်ဆန်းစစ်ပြီး သင့်ကို အဲ့ဒီလိုဆက်ဆံပြုမူနေသူများကို သူတို့ ဒီနေ့ ခံစားချက်မကောင်းတဲ့နေ့ဖြစ်နေလို့ ဒါမှမဟုတ် အလုပ်ပြင်ပမှာ သူတို့အတွက် စိတ်ဖိစီးမှု တစ်ခုခုရှိလာလို့နေမှာပါလို့ သင့်ကိုသင် အတွေးပြောင်းပစ်နိုင်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်အောင် လေ့ကျင့်ပါ။

တစ်ညကို (၈) နာရီနီးပါး အိပ်စက်ခြင်းက သင့်ကို အလုပ်မှာ ကောင်းမွန်စွာ လုပ်ကိုင်နိုင်ဖို့ အကူအညီ ပေးပါလိမ့်မယ်။ အာဟာရရှိရှိနဲ့ မျှတစွာ စားသုံးပေးခြင်းက သင့်ကို တစ်နေ့တာအတွက် အင်အားအပြည့်နဲ့ အလုပ်လုပ်ကိုင်နိုင်အောင် အထောက်အပံ့ပေးနိုင်ပါတယ်။

(၃) အပြုသဘောဆောင်တဲ့သူများနဲ့သာ တွေ့ဆုံပါ။

တခြားသူများရဲ့ အပြုသဘောဆောင်မှုက သင့်ရဲ့ စိတ်ခံစားမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ အပြုသဘောဆောင်တဲ့‌ လုပ်ဖော်ကိုင်ဖက်များနဲ့ ဆက်ဆံရေးများ ပြုစုပျိုးထောင်ပါ။

အပြုသဘောဆောင်တဲ့ စိတ်ဓာတ်ကို ထိန်းသိမ်းထားနိုင်တဲ့ အချက်များ

အပြုသဘောဆောင်တဲ့ စိတ်ထားကို အချိန်တိုင်းထိန်းသိမ်းထားဖို့က လွယ်ကူတဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။

(၁) မကောင်းတဲ့ အတွေးများကို စိန်ခေါ်ကြည့်ပါ။

သင့်ရဲ့ယူဆချက်များ မှန်ကန်မှု ရှိ၊မရှိကို မေးခွန်းထုတ်ပြီး အတွေးတွေကို ပြန်လည်ဆန်းစစ်ကြည့်ပါ။ ဥပမာ Deadline များစွာရှိခြင်းက သင့်အတွက် လုပ်နိုင်မှုစွမ်းရည်ကို မြှင့်တင်နိုင်မယ့်အခွင့်အရေးဖြစ်တယ်လို့ ယူဆကြည့်ပါ။

(၂) ကောင်းမွန်တဲ့ အရာများကို ရှာဖွေပါ။

သင်ရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ ကောင်းမွန်သော အရာများကိုရှာဖွေပါ။ အဲ့ဒီနောက် သင့်ရဲ့ အပြုသဘော ဆောင်တဲ့အမြင်များ မှေးမှိန်သွားတယ်လို့ ခံစားရတဲ့အချိန်မှာ  ကောင်းမွန်တဲ့အရာများကိုသာ အာရုံစိုက်ထားပါ။ သင့်ရဲ့ မိသားစုနဲ့ သူငယ်ချင်းများရဲ့ ချစ်ခြင်းမေတ္တာ၊ လုပ်ဖော်ကိုင်ဖက်များရဲ့ ထောက်ပံ့မှုနဲ့ သဘာဝရဲ့ အလှတရားကပင် သင့်ကို အပြုသဘောဆောင်အောင် အထောက်အပံ့ပေးနိုင်ပါတယ်။ အဲ့ဒီလို အပြုသဘော ဆောင်တဲ့အတွေးများ လုပ်ငန်းခွင်ထဲကို သယ်ဆောင်နိုင်အောင် ကြိုးစားကြည့်ပါ။

(၃) သင့်ရဲ့ အမှားကို လက်ခံပါ။

အမှားများပြုလုပ်မိခြင်းဟာ လူသားများရဲ့ ရိုးရှင်းတဲ့ ဖြစ်စဥ်များထဲမှာ တစ်ခုဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်ခြင်းကို သင့်အပေါ်မှာ သက်ရောက်မှု အများကြီးမရှိအောင် ကြိုးစားကြည့်ပါ။ အမှားတိုင်းဟာ သင်ယူဖို့အတွက် အခွင့်အရေး ဖြစ်ပါတယ်။ အနာဂတ်မှာ တခြားသူများနဲ့ မတူထူးခြားအောင် ဘာတွေလုပ်ကိုင်နိုင်မလဲဆိုတာကို စဉ်းစားပြီး အဲ့ဒီအမှားကို အခွင့်အရေးအနေနဲ့ မှတ်ယူပြီး တိုးတက်အောင် ဆောင်ရွက်ကြည့်ပါ။

 

indeed.com မှ Indeed Editorial Team ရေးသားထားတဲ့ Positive Thinking in the Workplace: Benefits and Tips ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ရေးဖွဲ့ထားပါတယ်။

 

 

Daw May Thiri Khit

BA (Russian) YUFL, Diploma in English, ADBM, DBM

M. Econ. (International Program) Chiang Mai University, Thailand