အလုပ်ကနေ အငြိမ်းစားမယူခင် လုပ်ဆောင်ရမယ့်အချက်များ

မကြာခင်မှာ အငြိမ်းစားယူဖို့ စီစဉ်နေပြီလား။ ရောက်လာတော့မှာလား။ ဒါဟာ ဘဝမှာ အလုပ်တွေ လုပ်ကြပြီး ကြုံတွေ့ရမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ အခြေနေတစ်ခုပါ။ ဒါဆိုဒီလိုအချိန်မှာ ခြေလှမ်းတွေစပြီး ပြင်ဆင်ဖို့လိုပါပြီ၊ ဒါမှ အနားယူတဲ့အချိန်မှာ အရာရာအဆင်ပြေစေမှာပါ။  

ကိုယ့်ရဲ့လက်ရှိငွေကြေးအခြေအနေကို စိစစ်ပါ။

မကြာခင်လာမယ့်နှစ်တွေမှာ အငြိမ်းစားယူဖို့ပြင်ဆင်နေပြီဆိုရင် ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ လက်ရှိ ဘဏ္ဍာရေးအခြေအနေကို အကဲဖြတ်ကြည့်ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့စုဆောင်းငွေတွေ၊ ရင်းနှီးမြှုပ်နှံ ထားမှုတွေနဲ့ အငြိမ်းစားစုငွေအကောင့်တွေကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးရမှာပါ။ အငြိမ်းစား ယူချိန်မှာ ဘဏ္ဍာရေးဟာ ထင်သလောက်မလွယ်ကူတဲ့အတွက် ငွေကြေးအကြံပေးနိုင်တဲ့သူတွေကို တိုင်ပင်သင့်ပါတယ်။ လက်ရှိ ရှိနေတဲ့ပိုင်ဆိုင်မှုကို ရည်ရှည်တိုးပွားဖို့ရယ်၊ ဘယ်နေရာမှာ ဘယ်လို လုပ်ဆောင်ထိန်းသိမ်းသင့်သလဲဆိုတာတွေရယ်ကို သေချာပြင်ဆင်ဖို့အတွက် ဖြစ်ပါတယ်။

ကိုယ့်ဘဝပုံစံအတိုင်း ဖြစ်စေချင်တဲ့အရာအတွက် ပန်းတိုင်ပြန်ထားပါ။

အငြိမ်းစားယူလိုက်တယ်ဆိုတာဟာ အလုပ်ရပ်ဆိုင်းလိုက်တာ တစ်ခုတည်းမဟုတ်ပါဘူး။ စိတ်အား ထက်သန်မှုအသစ်တွေကို နေထိုင်မှုပုံစံအသစ်တွေနဲ့ ဘဝကို အပြည့်အဝခံစားဖို့ အခွင့်အရေးတစ်ခု ဖြစ်လာခြင်းပါ။ အငြိမ်းစားယူမယ့်နှစ်တွေနဲ့ ယူပြီးနောက်နှစ်တွေမှာလည်း ကိုယ်ဘာတွေ အောင်မြင် ချင်လဲဆိုတာကို စဉ်းစားဖို့ အချိန်အနည်းငယ်ယူ စဉ်းစားသင့်ပါတယ်။ ကိုယ့်အိပ်မက်တွေ၊ မျှော်မှန်းချက်တွေနဲ့ ဦးစားပေးတွေကို ထည့်သွင်းစဉ်းစားဖို့လိုလာပါပြီ။ ကမ္ဘာကို ခရီးသွားချင်လား၊ မိသားစုနဲ့ အချိန်ပိုပေးချင်လား ဒါမှမဟုတ် လုပ်ငန်းသစ်တစ်ခု စတင်ချင်တာလား ဆိုတာတွေပေါ့။ ဒီလိုရှင်းရှင်းလင်းလင်း အငြိမ်းစားယူခြင်းပန်းတိုင်တွေကို သတ်မှတ်လိုက်တာဟာ ကိုယ့်ဘဝရဲ့ နောက်ထပ်အဆင့်အတွက် ကိုယ်စီစဉ်ထားသလို ဦးတည်ချက်တွေနဲ့ လှုံ့ဆော်မှုတွေ၊ စိတ်အား ထက်သန်မှုတွေကို ပေးပါလိမ့်မယ်။

လက်တွေ့ကျတဲ့ ဘတ်ဂျက်ကို သတ်မှတ်ဖန်တီးပြီး လိုက်နာကျင့်သုံးကြည့်ပါ။

အငြိမ်းစားယူလိုက်ပြီးတဲ့အခါ ငွေကြေးတည်ငြိမ်မှုရှိစေဖို့ အငြိမ်းစားဘတ်ဂျက်သတ်မှတ် ဖန်တီးတာဟာ အရေးကြီးပါတယ်။ အိမ်ရာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သယ်ယူပို့ဆောင်ရေးနဲ့ အပန်းဖြေလှုပ်ရှားမှုများအပါအဝင် ကိုယ့်ရဲ့မျှော်မှန်းကုန်ကျစရိတ်တွေကို တွက်ချက်ခြင်းနဲ့ စတင်ရပါမယ်။ အငြိမ်းစားယူလိုက်ပြီဆိုတာနဲ့ ကုန်ကျစရိတ်တွေ၊ ခရီးစရိတ်တွေ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုစရိတ်တွေ တိုးလာတာ စတဲ့အလားအလာရှိတဲ့ အပြောင်းအလဲတွေကို ထည့်သွင်းစဉ်းစားရမှာပါ။ ပင်စင်လစာတွေ၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုကရတဲ့ ဝေစုတွေအပါအဝင် ကိုယ်မျှော်မှန်းထားတဲ့ အငြိမ်းစားဝင်ငွေနဲ့ မျှော်မှန်းကုန်ကျစရိတ်တွေကို နှိုင်းယှဉ်ကြည့်ရမှာပါ။ ဒါတွေစဉ်းစားပြီးရင်တော့ ကိုယ်အငြိမ်းစားမယူခင်တစ်နှစ်အလိုလောက်မှာ ဒီဘတ်ဂျက်နဲ့ နေထိုင်မှုကို နေထိုင်စမ်းသပ် ကြည့်စေချင်ပါတယ်။

ကိုယ့်စုဆောင်းငွေကို တိုးမြှင့်ပါ၊ အငြိမ်းစားဝင်ငွေကို သေချာစဉ်းစားပါ။

အငြိမ်းစားယူဖို့ နီးကပ်လာတာနဲ့အမျှ ကိုယ့်ရဲ့အငြိမ်းစားယူငွေကို အမြင့်ဆုံးဖြစ်အောင် ကြိုးစားပါ။ ကိုယ်က အလုပ်မှာ အရည်အချင်းရှိပြီး လူတော်တစ်ယောက်ဖြစ်ရင် အလုပ်ဘက်ကပေးတဲ့ ရပိုင်ခွင့်နဲ့ အကျိုးခံစားခွင့်တွေကို အခွင့်ကောင်းယူပြီး ကောင်းကောင်းအသုံးချပါ။

သင့်ရဲ့အငြိမ်းစား ဝင်ငွေကို စဉ်းစားပါ။

အငြိမ်းစားယူတဲ့နှစ်တွေအတွင်း ဝင်ငွေလမ်းကြောင်းကိုသေချာစေဖို့ အငြိမ်းစားဝင်ငွေလမ်းကြောင်း ဖော်ဆောင်ထားဖို့ အရေးကြီးပါတယ်။ ပင်စင်တွေ၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုမှ ရရှိငွေတွေလို ဝင်ငွေရမယ့်လမ်းကြောင်းအမျိုးမျိုးကို ထည့်သွင်းစဉ်းစားပါ။ ကိုယ့်ဘဏ္ဍာရေး အခြေအနေပေါ်မူတည်ပြီး လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေ စတင်တောင်းဆိုဖို့ အကောင်းဆုံးအချိန်ကို အကဲဖြတ်ပြင်ဆင်ပါ။ နောက်ဆုံးမှာတော့ ကိုယ့်လိုအပ်ချက်တွေ၊ ပန်းတိုင်တွေနဲ့ကိုက်ညီတဲ့ ကိုယ်ပိုင်အငြိမ်းစားဝင်ငွေလမ်းကြောင်းတွေကို ဖန်တီးနိုင်ဖို့ ကူညီပေးနိုင်မယ့် ဘဏ္ဍာရေးအကြံပေး တစ်ဦးနဲ့ တိုင်ပင်သင့်ပါတယ်။

Forbes ရှိ Andrew Rosen ရဲ့ Five Steps to take the year before you retire ဆောင်းပါးမှ အဆင်ပြေသလို ကောက်နှုတ်ရေးသားထားပါတယ်။

U Zin Lwin Thant 

B.Act, M.Act (MUE)