အလှကုန် ပစ္စည်းရောင်းချမှုတွေရဲ့စျေးကွက်ကို ဦးဆောင်နေတဲ့ Sephora

Beauty product တွေကို ဝယ်ဖို့ ရှာနေတဲ့သူတွေဆိုရင် Sephora ကို မသိတဲ့သူ မရှိသလောက်ပဲ ဖြစ်မယ်ထင်ပါတယ်။ သူ့ရဲ့ Unique ဖြစ်တဲ့ brand color နဲ့ ရောင်းချတဲ့ အလှကုန်ပစ္စည်းတွေ၊ နှစ်စဉ် seasonal promotion တွေက အလှအပကြိုက်တဲ့သူအများစုကို ဆွဲဆောင်နိုင်တယ်ဆိုတာ အသေအချာပါပဲ။ Sephora ရဲ့ တည်ထောင်သူကတော့ Dominique Mandonnaud ဖြစ်ပြီး ၁၉၆၉ ခုနှစ်၊ ပြင်သစ်နိုင်ငံ လီမိုးစ်မြို့မှာ ရေမွှေးဆိုင် အသေးလေးကနေ Sephora ကို စတင်ခဲ့တာဖြစ်ပါတယ်။ယနေ့အချိန်မှာဆိုရင် တစ်ကမ္ဘာလုံးမှာ တစ်ကိုယ်ရည်သုံးပစ္စည်းတွေနဲ့ အလှကုန်ပစ္စည်း လုပ်ငန်း ဈေးကွက်ရဲ့ Industry leader အနေနဲ့ ကိုင်လှုပ်နိုင်စွမ်းရှိတဲ့အထိ Sephora အနေနဲ့ ပါဝါကြီးလာပါပြီ။ Sephora မှာ ဝန်ထမ်းပေါင်း (၄၂၀၀၀) ကျော်ရှိပြီး နိုင်ငံပေါင်း (၃၅) နိုင်ငံမှာ ဆိုင်ပေါင်း (၂၇၀၀) ကျော် ဖွင့်လှစ်ပြီး ဖြစ်ပါတယ်။ Skin care ၊ အလှကုန် ၊ ရေမွှေး တို့ကို မတူညီတဲ့ အမှတ်တံဆိပ် (၂၅၀) ကျော်ကို ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။

Sephora ရဲ့ အအောင်မြင်ဆုံး မဟာဗျူဟာကို ပြောပြရမယ်ဆိုရင် သူ့ရဲ့ ဆိုင်ထဲမှာ မိတ်ကပ်၊ အလှကုန်၊ ရေမွှေးတွေကို စမ်းသပ်အသုံးပြုနိုင်အောင် စီစဉ်ထားခြင်းပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက Estee lauder ပြီးရင် customer တွေအနေနဲ့ မိတ်ကပ်ပစ္စည်းတွေကို စမ်းသပ်အသုံးပြုခွင့်ရတာ Sephora မှာပဲရှိမယ် ထင်ပါတယ်။ Customer တစ်ဦးအနေနဲ့ Sephora ဆိုင်ထဲဝင်သွားတဲ့အချိန်မှာ ကောင်တာ နောက်ကစောင့်ကြည့်နေတဲ့ အရောင်းဝန်ထမ်းမရှိဘဲ လွတ်လပ်စွာ စမ်းသပ် အသုံးပြုခွင့်ရနေခြင်းက အဓိက ဆွဲဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ဆိုင်ထဲဝင်လာတဲ့ customer တိုင်းလိုလို ပြန်ထွက်တဲ့ အခါ လက်မှာ ရောင်စုံ eye shadow တွေ၊ နှုတ်ခမ်းနီရောင်တွေနဲ့ ပြန်သွားကြစမြဲဖြစ်ပါတယ်။

သူတို့ရဲ့ customer တွေအနေနဲ့ Sephora က သူတို့အတွက် ဒုတိယ အိမ်လို့တောင် တင်စားကြပါတယ်။ ဆိုင်ထဲကို မျက်နှာပြောင်နဲ့ ဝင်သွားရင်တောင် tester တွေအဖြစ် ထားပေးတဲ့ အလှကုန်ပစ္စည်းတွေနဲ့ပဲ ပွဲတက်မိတ်ကပ်အထိ Free ပြင်ဆင်နိုင်ကြတယ်လို့ မှတ်ချက်ပြုကြပါတယ်။ ဆိုင်ထဲမှာ ကိုယ့် စိတ်ကြိုက် သွားလာစမ်းသပ်ဝယ်ယူနိုင်သလို အကူအညီလိုအပ်ရင်လည်း Sephora ရဲ့ Beauty advisor တွေက Professional ကျစွာ အကြံဉာဏ်များ ပေးနိုင်ကြပါတယ်။ နောက်ထပ်အားသာချက်တစ်ခု ကတော့ Brand အစုံရှိတဲ့အတွက် Mascara ကို brand တစ်ခု, ပါးနီကို brand တစ်ခု ဝယ်ချင်တယ်ဆို လည်း တစ်နေရာတည်းမှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဆိုင်အတွင်း Display ထားတာကလည်း အရမ်းကို ရိုးရှင်းပါတယ်။ Make up, Fragrance, Skin Care စသည်ဖြင့် Session များခွဲထားပါတယ်။ အမှတ်တံဆိပ်တူဖြစ်ရင်တောင်မှ သူ့ Session နဲ့ သူပဲ သေချာလေးပြသပေးထားပါတယ်။ အဲ့ဒီအတွက် Brand တွေအနေနဲ့ကတော့ Sephora မှာ ရောင်းတာက ပြိုင်ဘက် Brand ကို ဘေးချင်းယှဉ်လျက်ရောင်းချနေတာပဲဖြစ်လို့ ပြိုင်ဆိုင်မှုကတော့ ပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။

၁၉၉၇ ခုနှစ်မှာတော့ Luxury အမှတ်တံဆိပ်များကို ရောင်းချပေးနေတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ LVMH ကနေ Sephora ကို သူတို့ရဲ့ (၁၀၀) ရာခိုင်နှုန်းအပိုင်အဖြစ် ဝယ်ယူခဲ့ပါတယ်။ အဲ့ဒီလို ဝယ်ယူလိုက်ခြင်း ကလည်း Sephora အနေနဲ့ ခေတ်နဲ့အညီလိုက်နိုင်ဖို့ ပိုမိုမြန်ဆန်တဲ့ အခွင့်အရေးတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ရရှိခဲ့ပါတယ်။ တကယ်တမ်းမှာတော့ Sephora မှာ ရောင်းချနေတဲ့ brand တော်တော်များများကို LVMH က ယခင်ကတည်းက ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ Sephora အနေနဲ့ အောင်မြင်မှု ရရှိခြင်းရဲ့ အကြောင်းရင်းတွေထဲက နောက်တစ်ခုကတော့ သီးသန့် exclusive product line ကို ထုတ်လုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။ ကုန်အမှတ်တံဆိပ်ပေါင်း (၂၅၀) ကျော်ကို လက်ခံရောင်းချပေးနေတဲ့ retail တစ်ခုအနေနဲ့ ကုန်အမှတ်တံဆိပ်တွေရဲ့ ဆက်ဆံရေးက တစ်ခါ တလေတော့ တင်းမာမှုတွေရှိ ကြပါတယ်။ သို့ပေမဲ့ Sephora အနေနဲ့ သူတို့ရဲ့ Brand Positioning ကို သေချာတည်ထားနိုင်တဲ့အတွက် ဒီလိုဆက်ဆံရေးတင်းမာမှုတွေမှာလည်း များစွာ လွှမ်းမိုးမှုကို ရရှိခဲ့ ပါတယ်။ တန်ဖိုးကြီး အလှကုန် အမှတ်တံဆိပ်တွေအနေနဲ့လည်း Sephora ရဲ့ ရောင်းအားက သူတို့လုပ်ငန်းအတွက် အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်လာခဲ့ပါတယ်။ LVMH အနေနဲ့ များစွာသော Luxury item  အမှတ်တံဆိပ်တွေကို ကိုယ်တိုင် ဖြန့်ချိထုတ်လုပ်တာကြောင့် တခြား ပြိုင်ဘက်တွေ အနေနဲ့ သူတို့အတွက် Shelf space များ ရရှိတဲ့ အခွင့်အလမ်းနည်းပါးမှာကို စိုးရိမ်ကြရပါတယ်။

Sephora မှာ ဝယ်ခဲ့တဲ့ ပစ္စည်းတွေကို Beauty Insider (blogger) တွေက Sephora Haul ဆိုပြီး review တွေ ပြန် share တာကလည်း ဝယ်ယူသူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ Sephora’s အနေနဲ့လည်း Beauty Insider Programme ကို အနိမ့်ဆုံး Beauty Insider level, ဒုတိယ အနေနဲ့ Very Important Beauty Insider (VIB) နဲ့ အမြင့်ဆုံး level ကတော့ Rouge ဆိုပြီး level (3) ခု ခွဲထားပြီး reward system များ သတ်မှတ်ထားပါတယ်။ Rouge level ရောက်ဖို့ကတော့ တစ်နှစ်အတွင်းမှာ ဒေါ်လာ (၁၀၀၀) ဖိုးဝယ်ယူထားတဲ့သူဖြစ်ရမှာဖြစ်ပြီး VIB level အတွက်ကတော့ ဒေါ်လာ (၃၅၀) ဖိုး ဝယ်ယူထားသူဖြစ်ရပါမယ်။ သူတို့ရဲ့ level အလိုက် ခံစားခွင့် benefit တွေကလည်း မတူကြတဲ့အပြင် Rouge member တွေကလည်း သူတို့ရရှိထားတဲ့ membership အတွက် ဂုဏ်ယူကြတာကို YouTube video တွေမှာ တွေ့နိုင်ပါတယ်။

Sephora အနေနဲ့လည်း Beauty Insider Reward Programme ကနေပြီးတော့ Customer တွေ ဘယ်လိုပစ္စည်းတွေ ဝယ်ယူသွားတယ်၊ သူတို့ ဘယ်အချိန်မှာ လာဝယ်လေ့ရှိတယ်ဆိုတဲ့ information တွေကို company ဘက်က ရလိုက်တဲ့အတွက် company အနေနဲ့လည်း Customer တွေကို ပိုမိုနားလည်သိရှိလာပြီး တစ်ဦးချင်းစီအတွက် personalized information တွေကို ပြန်လည် မျှဝေပေးနိုင်တဲ့အတွက် ပိုပြီးတော့ engage ဖြစ်လာခဲ့ပါတယ်။ Sephora အနေနဲ့လည်း ကုန်အမှတ်တံဆိပ်တွေကို သူတို့ဆိုင်တွေမှာ တင်သွင်းရောင်းချလာအောင် ညှိနှိုင်းမှုများ စွာပြုလုပ်ခဲ့ရပြီး လူမျိုးရေး၊ ခွဲခြားမှု မရှိစေအောင် ဂရုတစိုက် ရွေးချယ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ Sephora က Color IQ skin tone matching technology ကို ပြန်လည်အဆင့်မြှင့်တင်ခဲ့ပြီး customer တွေအနေနဲ့ မိမိတို့အသားအရောင်နဲ့ အကိုက်ညီဆုံး သဘာဝ အကျဆုံးအရောင်ကို လွယ်ကူစွာရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Sephora အနေနဲ့ သူ့ရဲ့ ဆိုင်ခွဲတွေကို ဆက်လက်ချဲ့ထွင်လျက်ရှိပါတယ်။ ၂၀၂၀ ဒီဇင်ဘာလကစတင်ပြီး အမေရိကန် လက်လီအရောင်းဆိုင်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Kohl’s နဲ့ ချိတ်ဆက်ထားပြီး ဆိုင်ခွဲပေါင်း ၈၅၀ ကို ၂၀၂၃ ခုနှစ်အကုန်မှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ Beauty Insiders အသစ်များကိုလည်း ခေါ်ယူသွားမယ်လို့ Wall Street Journal နဲ့ interview တစ်ခုမှာ ပြောကြားသွားပါတယ်။ Sephora အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ အထင်ကရ အလှအပရေးရာအတွက် နေရာကြီးတစ်ခုအဖြစ် ဖန်တီးထားဖို့ ရည်ရွယ်ထားပြီး သူတို့ဆိုင်တွေကိုလာတဲ့ အယောက်စီတိုင်းအတွက် ပြောင်းလဲပေးနိုင်တဲ့ အခွင့်အရေးတွေကို ဖော်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ Sephora အနေနဲ့ လုပ်ငန်း အတွက် အဓိကအရေးကြီးတယ်လို့ သတ်မှတ်ထားတဲ့ (၃) နေရာကတော့ ဝယ်ယူသူတွေရယ် (Customer), ကုန်အမှတ်တံဆိပ်တွေ (Brands) နဲ့ သူတို့ရဲ့ အဖွဲ့ဝင်တွေ (Teams) ပဲ ဖြစ်ပါတယ်။

Sephora အနေနဲ့ ဆုတံဆိပ်ပေါင်းများစွာရရှိထားပြီး ၂၀၂၃ ခုနှစ်အတွင်းမှာပဲ America Best Employer by State, Best Employer for Women, Canda’s Best Employer for Diversity စတဲ့ ဆုတွေကို ရရှိထားပါတယ်။ ၂၀၂၃ ခုနှစ်မှာ ပညာရှင်တွေက Sephora ရဲ့ net worth တန်ဖိုးကို အမေရိကန် ဒေါ်လာ (၉၀.၄၆) မီလီယံ တန်ကြေးရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

Reference:

https://www.youtube.com/watch?v=Y9b5HBSpbqs

https://www.forbes.com/companies/sephora/?sh=499395927195

 

Daw May Thet Hnin

MBA (Heriot-Watt University)