"သတိထားရမယ့် စာဖတ်ခြင်းအလွဲများ"

စိန်ခေါ်မှုအသစ်များ၊ ပရောဂျက်အသစ်များနဲ့ အတွေးအမြင်သစ်များအတွက် စာဖတ်ခြင်းများကို ပြုလုပ် လာကြပါတယ်။ စာဖတ်တဲ့အခါမှာ ထိရောက်မှုရှိတဲ့ စာဖတ်ခြင်းဖြစ်ဖို့ လိုအပ်ပါတယ်။ သင်ဖတ်မယ့် စာအမျိုးအစားနဲ့ ဘယ်လောက်အချိန်ပေးပြီး ဖတ်သင့်လဲဆိုတာ ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါက ထိရောက်မှု မရှိနိုင်ပါဘူး။ အရင်တုန်းက အသုံးပြုခဲ့တဲ့ စာဖတ်တဲ့ပုံစံ၊ အထက်တန်းကျောင်းမှာ အသုံးပြုခဲ့တဲ့ နည်းဗျူဟာတွေက မထိရောက်တော့ဘူး ဆိုရင်ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ဒီဆောင်းပါးမှာ စာဖတ်သူများ၊ ကျောင်းသားများ အနေနဲ့ စာဖတ်ခြင်းမှာ အဖြစ်များဆုံးအမှားတချို့နဲ့ ဒါတွေကို ရှောင်ရှားဖို့ အကြံပြုချက်တွေကို မျှ‌‌‌‌ဝေသွားပါမယ်။ မှတ်ချက် - ဒီအကြောင်းအရာတွေက စာဖတ်ခြင်း အမျိုးမျိုး အတွက် အသုံး၀င်နိုင်ပေမယ့် စာပေဖတ်ရှုခြင်းထက် သတင်းအချက်အလက် (ဖတ်စာအုပ်များ၊ ဆောင်းပါးများ၊ စတဲ့) ဖတ်ရှုခြင်းအပေါ် ပိုပြီးသက်ရောက်နိုင်ပါတယ်။

 

၁။ ရည်ရွယ်ချက်မရှိဘဲ စာဖတ်ခြင်း။

ကျောင်းသားများဟာ စာကိုအစမှအဆုံးထိ သေချာမဖတ်ဘဲ သိလိုတဲ့အကြောင်းအရာကိုသာ ဖတ်ရှုပြီး သဘောပေါက်နားလည်ဖို့ ကြိုးစားကြပါတယ်။ သင် ဘာကြောင့်ဖတ်နေရတယ်ဆိုတာကို သင်သိကြောင်း သေချာပါစေ- အဓိက သဘောတရားတွေကို နားလည်လိုပါသလား၊ အလုပ်နယ်ပယ်အသစ်နဲ့ သင့်ကိုယ်သင် ရင်းနှီးအောင်၊ မတူညီတဲ့ အမြင်တွေကို ရှာဖွေလိုပါသလား။ သင်လေ့လာချင်တဲ့ အကြောင်းအရာတွေကို သေချာသိရှိခြင်းက သင့်ကို မှန်ကန်တဲ့အကြောင်းအရာအပေါ် အာရုံစိုက်ပြီး လေ့လာဖို့အတွက် မှန်ကန်တဲ့ ဗျူဟာများကို အသုံးပြုဖို့ ကူညီပေးနိုင်ပါတယ်။

၂။ စာကျက်ခြင်း။

လေ့လာဖို့ ခက်ခဲတဲ့အကြောင်းအရာတစ်ခုကို စာကျက်ခြင်းနဲ့ ပြီးမြောက်အောင်ပြုလုပ်ခြင်းက အောင်မြင်မှု တစ်ခုလို ခံစားရနိုင်ပေမယ့်လည်း ထိရောက်တယ်လို့ မဆိုလိုနိုင်ပါဘူး။ သင်ဖတ်နေတဲ့အရာကို အမှန်တကယ် သင်ယူဖို့၊ သင်ဟာ စာသားက ဘာကိုပြောတယ်ဆိုတာကို နားလည်ဖို့ လိုအပ်ပါတယ်။ မှတ်စုများမှတ်ပါ၊ မေးခွန်းများကို ချရေးပါ၊ မတူညီတဲ့ စိတ်ကူးများကြားမှာ ချိတ်ဆက်မှုတွေကိုရှာဖွေပါ၊ စိတ်ကူးများကိုပုံဖော်ပါ၊ သူငယ်ချင်းတစ်ဦးနဲ့ မှတ်စုများကို နှိုင်းယှဉ်ပါ — အတိုချုပ်ပြောရရင် လေ့လာတဲ့ အကြောင်းအရာကို သေချာစွာ နားလည်စေဖို့ ကူညီပေးမယ့်အရာတွေကိုပြုလုပ်ပါ၊ သင့်ကိုယ်ပိုင်စကားနဲ့ အကျဉ်းချုပ်ပါ၊ လေ့လာခဲ့တဲ့ တခြား အကြောင်းအရာနဲ့ နှိုင်းယှဉ်ကြည့်ပါ ဒါမှမဟုတ် သင့်ကိုယ်သင် (ဒါမှမဟုတ် အတန်းဖော်ကို) မေးခွန်းများ မေးကြည့်ပါ။ အဲ့လိုလုပ်ဆောင်ခြင်းက ပိုမှတ်မိမှာဖြစ်ပြီး ဝေါဟာရများရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို သင် နားလည်မှာပဲ ဖြစ်ပါတယ်။

၃။ နားလည်တယ်လို့ ယူဆခြင်း။

စာဖတ်သူများအားလုံးက အကြောင်းအရာတစ်ခုကို အလွယ်တကူ နားလည်သဘောပေါက်နိုင်တဲ့ စာဖတ် အတွေ့အကြုံများ ရှိတတ်ကြပါတယ်။ ဒါကြောင့် စာဖတ်တဲ့အခါ အပေါ်ယံဖတ်ကြည့်ပြီး နားလည်တယ်လို့ ယူဆတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်နားလည်တယ်ထင်တဲ့ အကြောင်းအရာကို ရှင်းပြဖို့ ကြိုးစားတဲ့အခါ ထင်ထားသလို နားမလည်ကြောင်း သိရှိလာကြပါတယ်။ အမှန်တကယ် နားလည်ခြင်း ရှိ၊မရှိကို မစစ်ဆေးဘဲ "အိုကေ၊ အဲဒါက အဓိပ္ပာယ်ရှိတယ်" လို့တွေးပြီး နားလည်ဖို့ခက်တဲ့ အကြောင်းအရာတွေကို ကျော်ဖြတ်ဖို့က လွယ်ကူလွန်းပါတယ်။ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် သင့်နားလည်မှုကို စစ်ဆေးဖို့အတွက် အချိန်ပေးပါ။

၄။ အလျင်စလို စာဖတ်ခြင်း။

အလုပ်များတဲ့ စာဖတ်သူများက စာဖတ်ချိန်သီးသန့်မပေးနိုင်တဲ့အခါ စာဖတ်ခြင်းနဲ့ လေ့လာခြင်းကို ရပ်နားထား လေ့ရှိပြီး အကျိုးဆက်အနေနဲ့ စာဖတ်ဖို့လိုအပ်လာတဲ့အခါ အပိုင်းများစွာ ဒါမှမဟုတ် အခန်းများစွာကို တစ်ပြိုင်နက်တည်း ဖတ်လေ့ရှိကြပါတယ်။ စာဖတ်ခြင်းနဲ့ လေ့လာခြင်းကို အချိန်တစ်ခုပေးပြီး လုပ်ဆောင်ခြင်းက ကောင်းမွန်တဲ့ ဗျူဟာတစ်ခုဖြစ်ပါတယ်။ စာဖတ်ခြင်းကို အချိန်ပေးပြီး လုပ်‌ဆောင်ခြင်းက သင့်ကိုမတူညီတဲ့ အယူအဆများ ဘယ်လိုဆက်စပ်နေလဲဆိုတာ စဉ်းစားဖို့ အခွင့်အရေး ပေးတဲ့အပြင် ပထမဖတ်တုန်းက သင် ကောင်းစွာ နားမလည်နိုင်တဲ့ အချက်တွေကို ပြန်လည်ရှင်းလင်းဖို့ အခွင့်အရေးပေးပါတယ်။

၅။ Highlight များစွာလုပ်ခြင်း။

စာသားရဲ့ အရေးကြီးတဲ့အပိုင်းတွေကို Highlight လုပ်ခြင်းက အဓိကအကြောင်းအရာကို အာရုံစိုက်ရာမှာ အထောက်အကူဖြစ်နိုင်ပေမယ့်လည်း စာသားအမြောက်အမြားကို Highlight လုပ်ခြင်း ဒါမှမဟုတ် အကြောင်း အရင်းကို သေချာမစဉ်းစား၊ မသိဘဲနဲ့ Hightlight လုပ်ခြင်းက စာဖတ်ခြင်းကို အမှန်တကယ် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ Highlighter များကို သတိဖြင့် အသုံးပြုပါ။

Northwestern Academic Support and Learning Advancement မှ To Avoid Common Reading Mistakes ကို ဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကားရေးသားထားပါတယ်။

 

Daw Thwet Shwe Yee Htun

B. Com, M.com (MEUE)

Meiktila University of Economics