"ပလတ်စတစ်အမှိုက် လျှော့ချနိုင်မယ့်နည်းလမ်းများ"

ပလတ်စတစ်တွေဟာ အသုံးပြုရလွယ်ကူပြီး တစ်နေ့တာလုပ်ငန်းများမှာ ထိရောက်စွာ အသုံးချ နိုင်တဲ့အတွက် ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝမှာ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချက်ကပဲ ကမ္ဘာကြီးမှာ ခိုင်လုံတဲ့ဖြေရှင်းနည်းမရှိသေးတဲ့ ဆိုးရွားလှတဲ့ ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ်ညစ်ညမ်းမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ပလတ်စတစ်တွေဟာ အသုံးပြုဖို့လွယ်တဲ့အပြင် ဈေးနှုန်းသက်သာစွာလည်း ဝယ်ယူနိုင်တဲ့အတွက် ပလတ်စတစ်အသုံးပြုမှုကို ချက်ချင်း ယတိပြတ် စွန့်လွှတ်ဖို့မှာ အလွန်ခက်ခဲပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့ဟာ ပလတ်စတစ်အသုံးပြုမှုကနေရရှိတဲ့ ကောင်းကျိုးတွေကိုသာ ကြည့်မနေသင့်ဘဲ ဘေးထွက်ဆိုးကျိုးတွေကိုပါ တွေးတောဆင်ခြင်ဖို့ လိုအပ်ပါတယ်။

ကျေးဇူးတင်စရာက ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်းများနဲ့ အစိုးရများဟာ သဘာဝပတ်ဝန်းကျင်အပေါ် ပလတ်စတစ်အသုံးပြုမှုရဲ့ အကျိုး သက်ရောက်မှုကိုလျှော့ချဖို့ အစီအစဥ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေကြပါတယ်။ တကယ်တော့ ယခုနှစ်မှာ ဥရောပသမဂ္ဂက သူ့ရဲ့နယ်နိမိတ်အတွင်း ပလတ်စတစ်ဘူးခွံနဲ့ တစ်ခါသုံးပိုက်များ၊ ဇွန်း၊ ခက်ရင်းများ၊ နားကြပ်တံများ စတဲ့အမှိုက်တွေကို စည်းကမ်းမဲ့စွန့်ပစ်ခြင်း၊ ရောင်းချခြင်းကို တားမြစ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆူနာမီလှိုင်းလုံးကြီးများသဖွယ် မြင့်တက်လာတဲ့ ပလတ်စတစ်ညစ်ညမ်းမှုကို ထိရောက်စွာတားဆီးဖို့ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ လုပ်ဆောင်နိုင်တဲ့အရာတွေ ရှိပါတယ်။ အရင်ဆုံး ပလတ်စတစ် အမှိုက်သရိုက်နဲ့ပတ်သက်ပြီး လေ့လာတွေ့ရှိထားတာလေးတွေကို ပြောပြချင်ပါတယ်။

• နှစ်စဉ် ကမ္ဘာတစ်ဝန်းမှာ ပလတ်စတစ်ပုလင်းပေါင်း ၅၀၀ ဘီလီယံ ထုတ်လုပ်လျက်ရှိပြီး သမုဒ္ဒရာထဲမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်း တန်ချိန် သန်း ၁၅၀ ကျော် ရှိနေပါတယ်။ ဒါကြောင့် ၂၀၅၀ ခုနှစ်ရောက်ရင် သမုဒ္ဒရာရှိ ပလတ်စတစ်များဟာ ငါးပမာဏထက် ကျော်လွန်သွားနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

• ၂၀၂၀ ခုနှစ်မှာ ပလတ်စတစ် စွန့်ပစ်တန်ချိန် သန်း ၅၀၀ ကျော် ထွက်ရှိခဲ့ပြီး ၁၉၈၀ ခုနှစ်ထက် ၉၀၀% ကျော် ရှိခဲ့ပါတယ်။

• တစ်ခါသုံးပလတ်စတစ်တွေရဲ့ ပျမ်းမျှအသုံးဝင်တဲ့ သက်တမ်းမှာ ၁၂-၁၅ မိနစ်ရှိပြီး ပြိုကွဲဖို့ အတွက်တော့ နှစ်ပေါင်း ၅၀၀ အထိ ကြာနိုင်ပါတယ်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ ပလတ်စတစ်အမှိုက်များ လျှော့ချနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေး ချင်ပါတယ်။

"ပလတ်စတစ်အမှိုက် လျှော့ချနည်း"

တစ်ခါသုံး ပလတ်စတစ်များကို ရှောင်ကြဉ်ပါ။

ပလတ်စတစ် ပိုက်၊ ဘူးခွံများ၊ ပန်းကန်ပြားများနှင့် မီးဖိုချောင်သုံး ပလတ်စတစ်များဟာ အသုံးပြုဖို့ ပိုလွယ်ကူစေပေမယ့် ကမ္ဘာကြီးအပေါ်မှာ ဆိုးရွားစွာ သက်ရောက်မှုရှိပါတယ်။ ပလတ်စတစ်အစား ဖြစ်နိုင်ရင် သတ္တု၊ ဝါး ဒါမှမဟုတ် ဇီဝပျက်စီးနိုင်တဲ့ ပလတ်စတစ်များကို အသုံးပြုပါ။

အစုလိုက်ဝယ်ပါ။

စတိုးဆိုင်များမှာ စျေးဝယ်တဲ့အခါ တစ်ခါသုံးဖော့ဘူးများ၊ ပလတ်စတစ်ဘူးများနဲ့ထုပ်ပိုးထားတဲ့ စားသောက် ကုန်များကို အခါခါဝယ်မယ့်အစား စီရီရယ်နဲ့ ဆန်ကဲ့သို့ အစားအစာများကို အိတ်လိုက်တစ်ခါတည်း ဝယ်ယူသင့်ပါတယ်။

အစားအစာသိုလှောင်မှုကို ပြန်လည်စဉ်းစားပါ။

ပလတ်စတစ်ဇစ်အိတ်များ၊ ပလတ်စတစ်ဘူးများနဲ့ ပစ္စည်းတွေကို ထုပ်ပိုးမယ့်အစား စတီးချိုင့် ဒါမှမဟုတ် ဖန်အိုးတွေကို အသုံးပြုပါ။ ဈေးဝယ်ထွက်တဲ့အခါ အဝတ်ဖြင့်ပြုလုပ်ထားတဲ့အိတ်ကို ယူသွားပါ။ ဆိုင်ကပေးတဲ့ ပလတ်စတစ်အိတ်တွေ မသုံးပါနဲ့။

ဒေသခံလယ်သမားဈေးကွက်မှာ ဈေးဝယ်ပါ။

လယ်သမားတွေဆီမှာ တိုက်ရိုက်စျေးဝယ်တာက လတ်ဆက်တဲ့ အသီးအနှံများကို မိမိကိုယ်ပိုင်အိတ်များဖြင့် စိတ်တိုင်းကျဝယ်ယူနိုင်တဲ့ နေရာကောင်းတစ်ခု ဖြစ်ပါတယ်။ ပလတ်စတစ် Tupperware ကို ဖန် ဒါမှမဟုတ် စတီးကွန်တိန်နာများဖြင့် အစားထိုးပါ။ တကယ်လို့ သင် ပလတ်စတစ်တစ်ခုခုကို အသုံးပြုပါက သင့်ပလတ်စတစ်အမှိုက်များကို မှန်ကန်တဲ့ (Recycling Container) ပြန်လည်အသုံးပြုတဲ့ပုံးထဲမှာ ထည့်ပါ။

မိုက်ခရိုပလတ်စတစ်များကို အသုံးပြုတဲ့အလှကုန်များကို ရှောင်ပါ။

အဝတ်အစားများကို လျှော့ဝယ်ပြီး လိုအပ်မှသာ လျှော်ပါ။ တစ်ကြိမ်လျှော်ရုံဖြင့် မိုက်ခရို ပလတ်စတစ် 700,000 bits ကို ပတ်ဝန်းကျင်သို့ ထုတ်လွှတ်နိုင်ပါတယ်။ ချည်၊ လျှော်နဲ့ ပိတ်ချောကဲ့သို့ “သဘာဝ” အထည်များကို ဝယ်ယူပါ။ ဒီပစ္စည်းများက polyester နဲ့ နိုင်လွန်ကဲ့သို့ ပေါင်းစပ်ထည်များထက် ရေအသုံးပြုမှုနည်းပြီး ကြာရှည်လည်း ခံပါတယ်။ ရေပြန်ဖြည့်နိုင်တဲ့ refillable water bottle များကိုသုံးပါ။

သင့်ရဲ့ သန့်ရှင်းရေးထုတ်ကုန်များကို ကိုယ်တိုင်ပြုလုပ်ပါ။

ရှာလကာရည် (၁) ပိုင်းမှ ရေ (၃) ပိုင်းအထိ ရောစပ်ပြီး ဘက်စုံသုံးဖြန်းဆေးအဖြစ်သုံးပါ။ ၎င်းကို Refill ပြန်လည်အသုံးပြုနိုင်တဲ့ Spray ဘူးထဲမှာ သိမ်းဆည်းထားပါ။ လိုအပ်တဲ့ ပလတ်စတစ်ပစ္စည်းများ ဝယ်ယူတဲ့အခါ အသစ်အစား အဟောင်း (Used) ကို ဝယ်ပါ။ အစားအစာအစား သိုလှောင်ဖို့အတွက် Plastic Warp သုံးမယ့်အစား သဘာဝပျားဖယောင်းနဲ့ ပြုလုပ်ထားတဲ့ beeswax-coated cloth wraps များကို စမ်းသုံးကြည့်ပါ။ ပလတ်စတစ် အမှိုက်အိတ်များအသုံးပြုခြင်းကို တားဆီးဖို့ အစားအစာအကြွင်းအကျန်များ မကျန်အောင် သတိပြုပါ။

ဒီအရာတွေက ကမ္ဘာမြေပေါ်ရှိ ပလတ်စတစ်စွန့်ပစ်မှုများရဲ့ သက်ရောက်မှုကို လျှော့ချနိုင်တဲ့ ထိရောက်တဲ့ နည်းလမ်းတချို့မျှသာ ဖြစ်ပါတယ်။ တကယ်လို့ လူတိုင်းက ကမ္ဘာကြီးကို ထိုးနှက်နေတဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းပြဿနာကို ပိုမိုသတိပြုမိလာပါက ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝ အဆင်ပြေဖို့အတွက် လွယ်လွယ်အသုံးပြုခဲ့တဲ့ ပလတ်စတစ်ကြောင့်ဖြစ်ပွားခဲ့တဲ့ ပျက်စီးမှုတချို့ကို စတင်ဖယ်ရှားနိုင်ပြီး ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။ “ကမ္ဘာကြီးက သင့်ကိုလိုအပ်နေပါတယ်”

Reference:

Robinson, D. (2022) 15 ways to reduce your plastic waste, Earth.Org. Available at: https://earth.org/ways-to-reduce-your-plastic-waste/ (Accessed: 27 January 2024).

Daw Thwe Thwe Aye

B.Com, M.Com (MEUE)

Meiktila University of Economics