နည်းပညာကိုအသုံးပြုကာ အနာဂတ်သယ်ယူပို့ဆောင်ရေးကို ပုံဖော်နေတဲ့ Waymo ကုမ္ပဏီရဲ့ စက်ရုံအတွင်း လျှို့ဝှက်လုပ်ငန်းစဉ်များ
စက်ရုပ်တွေက သင့်ကိုအိမ်ပြန်ပို့ပေးမယ့်ခေတ် ရောက်နေပြီလား၊ လူမောင်းစရာမလိုဘဲ ခရီးသည်တွေကို လုံခြုံစွာပို့ဆောင်ပေးနိုင်တဲ့ မောင်းသူမဲ့တက္ကစီတွေဟာ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွေထဲကနေ ပစ္စုပ္ပန်ကို ရောက်လာပြီလား။ Phoenix’s Sky Harbor လေဆိပ်အပြင်ဘက်မှာ Uber, Lyft ကားတွေနဲ့အတူ ခရီးသည်တွေကို စီတန်းစောင့်ဆိုင်းနေတဲ့ Waymo ကုမ္ပဏီရဲ့ မောင်းသူမဲ့တက္ကစီတွေက ဒီမေးခွန်းရဲ့ အဖြေကို ပြောပြနေပါတယ်။ ဒီမောင်းသူမဲ့တက္ကစီ ဝန်ဆောင်မှုကို မကြာသေးမီက စတင်မိတ်ဆက်ခဲ့ကာ San Francisco၊ Los Angeles နှင့် Silicon Valley မှာလည်း တဖြည်းဖြည်း ချဲ့ထွင်လျက်ရှိပါတယ်။ Phoenix မြို့ဟာ နှစ်ပေါင်းများစွာ Waymoကုမ္ပဏီရဲ့ ကားထုတ်လုပ်မှု လုပ်ဆောင်တဲ့နေရာဖြစ်ခဲ့ပြီး ၂၀၂၀ ပြည့်ကနေစကာ မောင်းသူမဲ့တက္ကစီတွေကို အသုံးပြုပြီး ဝန်ဆောင်မှုတွေ ပေးနေပြီဖြစ်ပါတယ်။ ယခုအခါ AI နည်းပညာကို အသုံးပြုကာ မောင်းသူမဲ့တက္ကစီတွေကို စမတ်ကျကျ ထိန်းချုပ်နိုင်အောင် စမ်းသပ်ပြီးတဲ့နောက် Phoenix မြို့ဟာ Waymo ကုမ္ပဏီရဲ့ မောင်းသူမဲ့တက္ကစီ ထုတ်လုပ်ရေးစင်တာအဖြစ် တိတ်တဆိတ် ပြောင်းလဲလာခဲ့ပါတယ်။
Waymo ကုမ္ပဏီက Arizona ပြည်နယ်၊ Mesa မြို့၊ Phoenix’s airport ရဲ့ အရှေ့ဘက် မှာ စတုရန်းပေ ၂၃၉,၀၀၀ ကျယ်ဝန်းတဲ့ စက်ရုံကြီးတစ်ရုံ ဖွင့်လှစ်ခဲ့ပါတယ်။ အာ့ဒီစက်ရုံမှာ ဘက်ထရီနဲ့မောင်းနှင်တဲ့ အဖြူရောင် Jaguar I-PACE လျှပ်စစ်ကားတွေကို နေ့စဉ်ထုတ်လုပ်လျက်ရှိကာ Waymo ကုမ္ပဏီ ရဲ့ သီးသန့်ဒီဇိုင်းပြုလုပ်ထားတဲ့ ကွန်ပျူတာစနစ်၊ ကင်မရာ၊ ရေဒါ၊ နဲ့ လေဆာ LiDAR အာရုံခံကိရိယာများ တပ်ဆင်ထားတာလည်းဖြစ်ပါတယ်။ Waymo ကုမ္ပဏီရဲ့ ထုတ်လုပ်ရေးဌာနမှူး Kent Yiu က “လက်ရှိယာဉ်ထုတ်လုပ်နှုန်းကို အလိုအလျောက်စနစ်တွေနဲ့ အဆမတန်မြှင့်တင်ကာ စီးပွားရေးအစီအစဉ်တွေနဲ့ လျော်ညီစေရန် စီမံထားပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ Kent Yiu ဟာ အရင်က Apple နဲ့ General Motors တို့မှာ ထုတ်လုပ်ရေးလုပ်ငန်းတွေကို စီမံခန့်ခွဲခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ သမားရိုးကျ ကားစက်ရုံများ (နှစ်စဉ်ကားသိန်းချီထုတ်) နဲ့ နှိုင်းယှဉ်မယ်ဆိုရင် Waymoကုမ္ပဏီရဲ့ ကားထုတ်လုပ်မှုအရေအတွက်က နည်းနေပါသေးတယ်။ ဒါပေမယ့် Waymo ကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့တက္ကစီ ၁,၅၀၀ ဟာ အပတ်စဉ် ခရီးစဉ် ၂၅၀,၀၀၀ ကျော် (ကားတစ်စီးလျှင် တစ်နေ့ပျမ်းမျှ ၂၄ ကြိမ်) ဝန်ဆောင်မှုပေးနေပါတယ်။ ဒါ့အပြင် စက်ရုံမှာထုတ်လုပ်နေဆဲ မောင်းသူမဲ့တက္ကစီ ၁၀,၀၀၀ လမ်းပေါ်ရောက်လာမယ်ဆိုရင် သူတို့ရဲ့ဝန်ဆောင်မှုက တစ်ရက်ထဲနဲ့တင် ခရီးစဉ် ၂၅၀,၀၀၀ အထိ ရှိလာနိုင်ပါတယ်။ ဒီလိုအခြေအနေ ရောက်လာမယ်ဆိုရင် Waymo ကုမ္ပဏီရဲ့ နှစ်စဉ်ဝင်ငွေဟာ ဒေါ်လာသန်း ၁၀၀ မှ ဒေါ်လာဘီလီယံ ၂၀ အထိ ခုန်တက်လာနိုင်ပါတယ်။ ၂၀၀၉ ခုနှစ်မှစတင်ပြီး နှစ်ပေါင်းများစွာ စမ်းသပ်မှုတွေနဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ခဲ့ကာ နောက်ဆုံး ၂၀၂၃ ခုနှစ်မှာတော့ Waymo ကုမ္ပဏီ က အစစ်အမှန် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လာခဲ့ပါတယ်။
၂၀၂၄ ခုနှစ်တွင် Waymo ကုမ္ပဏီ အနေနဲ့ Phoenix မှ စတင်ခဲ့တဲ့ အခကြေးငွေယူတဲ့ မောင်းသူမဲ့တက္ကစီ ဝန်ဆောင်မှုကို San Francisco၊ Los Angeles ချဲ့ထွင်ခဲ့ကာ မတ်လမှာ Austin သို့ ထပ်မံချဲ့ထွင်ခဲ့ပါတယ်။ ဒါ့အပြင် Atlanta ၊ ၂၀၂၅ မှာ Miami နဲ့ Washington, D.C. တို့မှာ ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်လျက်ရှိပါတယ်။ ယခုလက်ရှိမှာ Nashville နဲ့ Tokyo မြို့တွေမှာ စမ်းသပ်မောင်းနှင်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။ လက်ရှိလုပ်ငန်းလည်ပတ်နေတဲ့ မြို့များကဲ့သို့ ထိုမြို့တွေမှာလည်း အောင်မြင်ပါက ကုမ္ပဏီဟာ တစ်ပတ်လျှင် သန်းနဲ့ချီတဲ့ ခရီးသည်တွေကို ပို့ဆောင်နိုင်လာမှာပဲဖြစ်ပါတယ်။ နှစ် ၁၆ နှစ်နီးပါး ကြိုးပမ်းမှုအပြီး Waymo ကုမ္ပဏီ ရဲ့ ကြီးမားတဲ့ စွန့်စားမှုက နောက်ဆုံးမှာ အောင်မြင်လာခဲ့ပါတယ်။
Waymo ကုမ္ပဏီရဲ့ CEO Sundar Pichai က "ကျွန်ုပ်တို့ဟာ ကမ္ဘာ့အကောင်းဆုံး စက်ရုပ်မောင်းနှင်မှုစနစ်ကို တည်ဆောက်ရန် စွမ်းစွမ်းတမံ အာရုံစိုက်ခဲ့ပြီး ဆက်လက်အာရုံစိုက်သွားမည်" ဟု ဧပြီ ၂၄ ရက်ကပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ “ဒီနည်းပညာကို ဘယ်ကားမဆို အသုံးပြုနိုင်ဖို့ လိုင်စင်ထုတ်ပေးမယ့် အစီအစဉ်တွေလည်းရှိပါတယ်" ဟု ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ Waymo ကုမ္ပဏီက Toyota နဲ့ မိတ်ဖက်အဖြစ် လက်မှတ်ရေးထိုးကာ မောင်းသူမဲ့ကားနဲ့ ကုန်တင်ယာဉ်တွေအတွက် ယာဉ်စနစ်များ ဒီဇိုင်းရေးဆွဲရန်နဲ့ တစ်ခြားသောကားတွေမှာလည်း Waymo ကုမ္ပဏီ ရဲ့စနစ်ကို အသုံးပြုနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေနေပါတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် Waymo ကုမ္ပဏီရဲ့ ကြီးမားကျယ်ပြန့်တဲ့ စက်ရုံအတွင်း သမားရိုးကျ ကားစက်ရုံတွေမှာမြင်တွေ့ရတဲ့ Conveyor belts သို့မဟုတ် ကျယ်လောင်တဲ့ သတ္ထုတံဆိပ်ခတ်စက်တွေ တွေ့ရမှာမဟုတ်ပါဘူး။ အခြေခံ ကားကိုယ်ထည်တွေက အာရုံခံကိရိယာများ တပ်ဆင်ရန် ကြိုတင်သတ်မှတ် ထားတဲ့နေရာတွေကို အလိုအလျောက်စနစ်ဖြင့် ရောက်ရှိလာပါတယ်။ အဲ့ဒီနောက်မှာ အလုပ်သမားတွေက အဖုံးတွေ၊ ဘမ်ပါတွေ၊ အပြင်ဘက် အစိတ်အပိုင်းတွေကို ဖြုတ်ပြီး လျှပ်စစ်ဝိုင်ယာကြိုးစနစ်များ၊ ကွန်ပျူတာများ၊ ကားတစ်စီးရဲ့ထောင့်တိုင်းရှိ အာရုံခံကိရိယာများ၊ နဲ့ Waymo ကုမ္ပဏီ ရဲ့အထင်ကရ "Top Hat" (3D မြင်ကွင်းအတွက် လေဆာ LiDAR၊ ကင်မရာများ၊ အသံအာရုံခံများပါဝင်သော အစိတ်အပိုင်း) တို့ကို ဂရုတစိုက်တပ်ဆင်ကြပါတယ်။ “ကားတိုင်းကို သတ်မှတ်ထားတဲ့နေရာတွေမှာ အစိတ်ပိုင်းတွေအကုန်လုံးစုံလင်အောင် တပ်ဆင်ပါတယ်" ဟု စက်ရုံရဲ့ စီမံကိန်းမန်နေဂျာ Amanda York က ပြောကြားထားပါတယ်။ ထိုအဆင့်တွေပြီးဆုံးပါက ဘမ်ပါတွေနဲ့ အပြင်ဘက် အစိတ်အပိုင်းတွေကို ပြန်တပ်ဆင်ကာ Waymo ကုမ္ပဏီရဲ့ အမှတ်တံဆိပ်နဲ့ စာတန်းတွေကို ထည့်သွင်းတာမျိုးတွေ လုပ်ဆောင်ပါတယ်။ နောက်ဆုံးအဆင့်မှာ AI စနစ်နှင့် အာရုံခံကိရိယာတွေကို ထိန်းညှိခြင်းအပါအဝင် စက်ရုံအပြင်ရှိ ကွင်းတွင် စမ်းသပ်မောင်းနှင်မှု တွေပြုလုပ်ပြီး စစ်ဆေးပါတယ်။
Waymo ကုမ္ပဏီရဲ့ မောင်းသူမဲ့တက္ကစီထုတ်လုပ်ရေးစက်ရုံက အနာဂတ်သယ်ယူပို့ဆောင်ရေးကို ပြောင်းလဲရန် စွမ်းဆောင်နေတဲ့ အကြီးစား နည်းပညာစီမံကိန်းတစ်ရပ်ဖြစ်ပါတယ်။ Arizona ပြည်နယ်၊ Arizona မြို့တွင် တည်ရှိတဲ့ စက်ရုံကြီးကနေ လျှပ်စစ်ကားတွေကို အခြေခံကာ Waymo ကုမ္ပဏီရဲ့ ကိုယ်ပိုင် LiDAR၊ ကင်မရာ၊ ရေဒါ၊ AI စနစ်တွေနဲ့ ပြင်ဆင်ပြီး နှစ်စဉ်ကားထောင်ချီထုတ်လုပ်ရန် ရည်မှန်းထားပါတယ်။ Waymo ကုမ္ပဏီက နှစ် ၁၆ နှစ်ကြာ စမ်းသပ်မှုတွေ၊ ဘီလီယံချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ မောင်းသူမဲ့ယာဉ်တွေကို ထုတ်လုပ်ကာ စီးပွားရေးအရှိန်အဟုန်ကို အမှန်တကယ် စတင်လိုက်ပြီဖြစ်ပါတယ်။
Forbes ရဲ့ “Inside the Waymo Factory Building a Robotaxi Future” ကိုဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကားရေးသားထားပါတယ်။
Daw Thwet Shwe Yee Htun
B. Com, M.com**(MEUE)
Meiktila University of Economics
